episode 18 zawgyi

1.2K 69 8
                                    

အရိုင်းလေကလေး နွေးလှသည်.... episode 18
============================

ချယ်ရီသည် ဦးမင်းနိုင်၏ ခေါင်း မှစ၍ ခြေဖျားထိ တစ်ကိုယ်လုံးသိမ်းကျုံးကြည့်ကာ အကဲခတ်နေသည်။ အလျင်ကဆို သူမဘယ်လိုအကဲခတ်ခတ် လျစ်လျူရှူ၍ လုပ်နေသည့်အလုပ်ကို ဆက်လုပ်နေတတ်သော ကိုနိုင်သည် ယခုမူ တစ်ချက်ချက်မျက်ခွံလေးပင့်ကြည့်ကာ ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်နေသည်က မရိုးသားတော့။

အအေးကိုတစ်ကြိုက်သောက်ပြီး ခွက်ကို ပန်းကန်ပြားပေါ်ပြန်မချပဲ စားပွဲပေါ်ဒီအတိုင်းတင်လိုက်သော ဦးမင်းနိုင်ကို ချယ်ရီခပ်စူးစူးကြည့်လိုက်သည်။ စားပွဲမှန်ပေါ် ရေကွက်အစွန်းများထင်မည်စိုး၍ ခွက်တွေကို ပန်းကန်ပြားပေါ်သာတင်ဟု တကြော်ကြော်အော်ခဲ့သော ဦးမင်းနိုင်သည် သူကိုယ်တိုင် သူ့အကျင့်တွေကိုဖျောက်ဖျက်မိနေပြီပဲ။

" ကိုနိုင်....."

ဦးမင်းနိုင်သည် " ဟင် " ဟုဆတ်ခနဲရေရွတ်ကာ ကိုယ်ပင်တုန်တက်သွားလေသည်။

" ဒီအအေးက ကို့နိုင်ဒေါသကိုမပြေစေဘူးလားဟင်...."

ချယ်ရီ့စကားကြောင့် ကြောက်ရွံ့မိနေသော သူ့အတွေးများက ဒေါသဆီပြန်ရောက်သွားသည်။ ဟုတ်တာပေါ့....သားသားကျောင်းကနေပြန်လာသည့် တစ်လမ်းလုံးသူဒေါသတွေအန်ထွက်နေခဲ့တာ။ ငယ်လေးကို ရိုက်မိခဲ့တဲ့ လက်ဖဝါးကိုပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကို ဒေါသတွေထွက်နေမိတာ။ ချယ်ရီရှိနေသည့်အသိစိတ်တစ်ခုတည်းနဲ့ ငယ်လေးအပေါ်ဒီလောက်ထိနာကျင်အောင် သူမလုပ်သင့်ဘူးမဟုတ်လား။ သုံးယောက်မျက်နှာချင်းဆိုင်စုံတဲ့အချိန် ချယ်ရီတစ်ခုခုကိုရိပ်မိမည့်ဆိုးသည်နှင့် သူအလွန်အကျွံ ငယ်လေးအပေါ်တုန့်ပြန်မိခဲ့သည်မဟုတ်လား။
ငယ်လေး ဘယ်လောက်တောင် နာကျင်သွားမလဲ။ သူ့ကိုရောဘယ်လောက်တောင် နာကျည်းသွားမလဲဟု ဝမ်းနည်းရင်း ဒေါသတွေတစ်လိမ့်လိမ့်ထွက်နေခဲ့သည်။

သို့ရာတွင် အိမ်ကိုပြန်ရောက်ရောက်ချင်း ဒေါသအရှိန်ပြေရန် သံပုရာရည်ဖျော်လာပေးသည့် ချယ်ရီကိုကြည့်နေရင်းမှ သူထိတ်လန့်လာမိသည်။ ချယ်ရီ့မျက်ဝန်းတွေက သူ့အတွင်းစိတ်ထဲက ဖုံးကွယ်ထားသည့်အရာကို နှိုက်ကြည့်နေသလို စူးစူးရဲရဲ။ အမျိုးသမီးတစ်ယောက် တည်ငြိမ်သွားပြီဆို သူမစိတ်ထဲတစ်ခုခုကြံစည်နေတာတဲ့။ ဦးမင်းနိုင်စိတ်ထင့်နေ၍ပဲလားမသိ ချယ်ရီသည်အလျင်ကထက်တည်ငြိမ်နေသည်။ အလျင်ကသာ ခုလို လူမြင်ကွင်းထဲ ကိုယ့်သိက္ခာကိုမငဲ့ပဲ ထိုးသတ်နေမှုကိုမြင်ခဲ့လျှင် တစ်ညလုံးဆူပူကြိမ်းမောင်းနေမှာမလွဲဧကန်ပင်။ ခုတော့ ချယ်ရီက ဘာဆိုဘာမှမပြောသည့်အပြင် သူ့ကိုပါစိတ်လျော့ခိုင်းနေသည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now