episode 11 unicode

2.1K 100 5
                                    

အရိုင်းလေကလေး (episode 11)
-----------------------------

သနားကြင်နာစွာ နားလည်သိတတ်မှုမှတစ်ဆင့် အချစ်တစ်ခုပေါက်ဖွားလာနိုင်ပါလားဟု သူယုံကြည်မိသည့်အချိန်မှာပဲ ငယ်လေးကို ရင်ခုန်လှိုက်မောစွာ ဖွင့်ပြောမိခဲ့သည်။ မွန်းကြပ်ပိတ်လှောင်ခံရသည့်ဝေဒနာထက် မိမိကိုမိုက်မဲသည့်သတ္တဝါတစ်ကောင်နှင့်ခိုင်းနှိုင်းစံပြုခံရမည့်ဒဏ်ရာက ဖြေသာနိုင်သေးသည်။ ဇနီးမယားတစ်ယောက်ကို သစ္စာဖောက်ဖျက်မှုတွင် ခိုင်လုံသောအကြောင်းပြချက်များစွာရှိသည့်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ မိမိကိုစာနာနားလည်ခွင့်လွှတ်မှုမပေးနိုင်ခဲ့လျှင်တောင်မှ ဦးမင်းနိုင်ကအတ္တကြီးစွာ သူ့လိပ်ပြာကိုသူလုံဆဲဖြစ်သည်။ စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တစ်ရပ်ကို မျက်စိတစ်မှိတ်လျှပ်တစ်ပြက်လေးအတွင်း ဖောက်ဖျက်ပစ်ရသည်က လွယ်လွန်းသည့်ကိစ္စတစ်ရပ်မဟုတ်ပေ။ မိမိစာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို လစ်လျူရှူရင်းနှီးနိုင်အောင်အထိ တစ်ဖက်ကလည်း တွန်းအားတစ်ခုခုရှိခဲ့၍သာ ဒီအခြေအနေပေါ်ပေါက်လာရခြင်းသည်။ အကယ်၍များချယ်ရီသာ သူ့ကိုလွှမ်းမိုးမချုပ်ကိုင်ခဲ့ပါလျှင်၊ သဝန်မကြောင်ခဲ့ပါလျှင်၊ ကိုယ့်ခင်ပွန်းကို သခင်ဆန်ဆန်မဆက်ဆံခဲ့ပါလျှင် သည်ကဲ့သို့ဖြစ်လာနိုင်စရာအကြောင်းမရှိ။

သည်အခြေအနေထိ ဖြစ်သင့်မဖြစ်သင့်ကိုလည်း ငယ်လေးအားစွဲလမ်းနှစ်သက်မိပြီးနောက်ပိုင်း ရက်သတ္တပတ် နှစ်ပတ်ခန့် သူပြာလောင်စွာ ချင့်ချိန်စဥ်းစားခဲ့ပြီးပြီဖြစ်သည်။ ပတ်ဝန်းကျင်က သူ့ကိုဘယ်လောက် ကဲ့ရဲ့လိုက်မလဲ။ သာမန်လူတစ်ဦးဖောက်ပြန်မှုထက် သူ့ကိုကဲ့ရဲ့ညွှန်ထိုးလာမည့်လက်ညိုးများက ပိုများပေလိမ့်မည်။ ဆရာဝန်တစ်ယောက်ဖြစ်နေပြီးတော့ကွာ ဟူသော နှိုင်းဆချိန်ထိုးမှုများနှင့် မဆိုင်းမတွ ထိုးနှက်လာလိမ့်မည်။ ဖောက်ပြန်သည့်သူမှာလည်း ယောကျ်ားလေးတစ်ယောက်ဖြစ်နေသည့်အတွက် သာမန်ထက်ပိုသော ပြစ်တင်ချက်များကြားမျောရပေဦးမည်။ အထူးသဖြင့် ချယ်ရီ....။ ချယ်ရီသာ ခုလိုအကြောင်းစုံကိုသိရှိသွားခဲ့လျှင် ရာဇဝတ်မှုနှင့်စပ်လျဥ်းသည့် ပြစ်မှုတစ်ခုခုကိုဖောက်ဖျက်ဖို့ဝန်လေးနေလိမ့်မည့်မဟုတ်။ သူ သို့မဟုတ် ငယ်လေးကို ထိခိုက်နစ်နာစေမှုတစ်ခုခုကိုပေးလိမ့်မည်မှာ မလွဲဧကန်ပင်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now