episode 3 unicode

2.7K 127 3
                                    

- ငယ် - နှောင်း episode (3)
------------------------

သောက်လက်စ မားဗီးရပ်စ် ဆေးလိပ်တိုလက်ကျန်ကို တစ်ချက်ရှိုက်လိုက်ပြီးနောက် ပြာခွက်ထဲသို့ထိုးချေမီးသတ်ရင်း မျက်စောင်းထိုးရှိ ခုံတန်းပေါ်တွင်ထိုင်နေသော ဇနီးသည် ချယ်ရီကို ဦးမင်းနိုင်တစ်စေ့တစ်စောင်းအကဲခတ်ကြည့်လိုက်သည်နှင့် စိတ်အိုက်သလို အနေကျဥ်းကြပ်သလိုခံစားလိုက်ရသည်။

ချယ်ရီကတတ်လည်းတတ်နိုင်သည်။ အိမ်ထောင်သက် ၃နှစ်ရှိပြီး သားတစ်ယောက်ပင်ရလာခဲ့သော်လည်း သူ့ကိုခုထိ စိတ်မချနိုင်ပဲဖြစ်နေသည်။ ရုံးပိတ်ရက်များတွင် မနက်မိုးလင်းမှ မိုးချုပ်အရိပ်တကြည့်ကြည့်နေတတ်ပြီး ဆေးရုံ၌ဂျူတီဝင်ချိန်များတွင်တော့ နာရီဝက်ခြားတစ်ခါလောက်ဖုန်းဆက်၍ စစ်ဆေးအကဲခတ်မှုများပြုလုပ်တတ်ပြီး ညနေဆေးခန်းထိုင်ချိန်များတွင်လည်း လိုက်ပါလာတတ်သည်။ အိမ်ထောင်သက်နုစဥ်ကဆို ဒီထက်ပိုဆိုးသည်ဟုပြောရမည်။ အပေါင်းအသင်းများနှင့် အပြင်ထွက်သည်ကိုလည်းမကြိုက်တတ်ပဲ တစ်ခါတစ်လေ ငယ်သူငယ်ချင်းများနှင့် ဆိုင်ထိုင်သည်ကိုပင် ဖုန်းဆက်၍ မိန်းကလေးပါလားစုံစမ်းတတ်လေသည်။ ပါမပါကိုလည်း ဦးမင်းနိုင်အတည်ပြုချက်လောက်ဖြင့် ချယ်ရီကမကျေနပ် သူငယ်ချင်းအားလုံးနှင့်စကားပြော၍ အတည်ပြုချက်ကို ရယူတတ်လေသည်။

သူငယ်ချင်းများနှင့် လွတ်လွတ်လပ်လပ်နေသည်ကို မကြိုက်နှစ်သက်သော ချယ်ရီသည် ဦးမင်းနိုင် မိန်းကလေးများနှင့်အရောဝင်သည်ကို သိလျှင်လည်း တီကောင်ဆားထိသလို ဖျတ်ဖျတ်လူးကာရန်တွေ့တတ်သေးသည်။ အသိသူစိမ်း ဘယ်မိန်းကလေးနှင့်မျှပင် ဦးမင်းနိုင်အားပတ်သက်ခွင့်မပြု။

အကောင်းဘက်ကတွေးလျှင် အချစ်ကြီးသည်ဟုပြော၍ရသော်လည်း တစ်ခါတစ်ခါ ဦးမင်းနိုင်ခင်မျာ ချောင်ပိတ်ရိုက်ခံထားရသည့် ခွေးလေးတစ်ကောင်လိုသာပင်။

နဂိုကပင် အေးအေးဆေးဆေးနေတတ်သော ဦးမင်းနိုင်မှာ အမြဲတစေသည်းခံခွင့်လွှတ်ပေး၍နေခဲ့သော်လည်း အရမ်းမွန်းကြပ်သည့် အခြေအနေများကို ကြုံရတတ်ပြန်သည်။ ထိုအခါမျိုးတွင် စိတ်ထင်ရာကို လျှောက်လုပ်ပစ်တတ်ပြီး ချယ်ရီ့အနားရောက်မှ ဆူပူကြိမ်းမောင်းမှုကို ဆတိုးခံရင်း မွန်းကြပ်မှုကိုဖြေသိမ့်ရလေသည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now