episode 10 unicode

2K 103 1
                                    

အရိုင်းလေကလေး နွေးလှသည်(episode 10)
==============================

ပတ်တီးစည်းပြီးနောက် လက်ကိုသက်တောင့်သက်သာရှိမရှိ ကွေးဆန့်ကာလှုပ်ရှားလိုက်သည်။ မဆိုးဖူးပဲ ချုပ်ရိုးမသေပ်လှသည်မှလွဲ၍ ကျန်တာအကုန်အဆင်ပြေပါသည်။

"ဦးနိုင်က သိပ်အသည်းငယ်တတ်တယ်နော်....."

ညီလေးငယ်၏အမေးကို ဦးနိုင်ကချက်ချင်းမဖြေ။ တစ်ရှူးစတစ်ရွက်ကိုထုတ်ကာ နဖူးစပ်မှဇော်ချွေးများကိုသုတ်ဖယ်နေလေသည်။

" ငယ်လေးနာမှစိုးလို့ပါကွာ....."

ကျေနပ်စွာပင် လှိုက်ခနဲတစ်ချက်ပြုံးရယ်မိသွားသည်။

" ညီ့ကို ဦးနိုင်ကသိပ်ဂရုစိုက်တာပဲလား...."

ဆတ်ခနဲ တစ်ရှူးစအား အမှိုက်ပုံးထဲလွှင့်ပြစ်ပြီးနောက် ဦးနိုင်၏ ဝေမှုန်မှုန်မျက်ဝန်းများက သူနှင့်အကြည့်ချင်းလာဆုံသည်။ ပြာလဲ့နေသော အဲ့သည်မျက်ဝန်းအတွင်း မပီမသဝိုးတဝါး ရောင်စဥ်လေးတစ်ခုကို ညီလေးငယ်အကဲခတ်မိပါသည်။ ချစ်ခင်စွဲလန်းမှုဟု ကောက်ချက်ချနိုင်လောက်အောင်ထိ အရောင်မရင့်သေးသည့် ရောင်စဥ်လေးတစ်ခုပါ။ အလျင်ကထင်မြင်ခဲ့ဖူးသော ချစ်မေတ္တာအရိပ်အယောင်များက အနည်ထိုင်သွားသလိုပင်။
ဦးနိုင် ညီ့ကိုဘယ်လိုမျိုးသဘောထားနေတာလဲကွယ်။

" ဂရုစိုက်တာပေါ့ကွ....."

ဦးနိုင်အကြည့်များ လွှဲသွားပြန်သည်။

" ဘာကြောင့် ဦးနိုင်အနားမှာ ကျွန်တော့်ကိုရှိနေစေချင်တာလဲ....."

ဗြုန်းခနဲ မေးလိုက်သောမေးခွန်းကြောင့် ဦးနိုင် အနည်းငယ် အံ့သြထိတ်လန့်ကာ အဖြေရကြပ်သွားမှာပဲဟု ညီလေးငယ်ကမျှော်လင့်ထား၏။ သို့ရာတွင် ဦးနိုင်အဖြေရမကြပ်ပဲ သူ့အားမေးခွန်း​ပြန်မေးလိုက်သောအခါ တကယ်တမ်းအံ့သြထိတ်လန့်သွားရသူမှာ ညီလေးငယ်သာဖြစ်လေသည်။

" ကျွန်တော် အမှန်အတိုင်း ပြောရမှာလား...."

ဘုရားရေ....ညီက မုသားတွေကိုလက်ခံပေးသူဟု ဦးနိုင်ကထင်နေသလားကွယ်။ တကယ်ပါ ဦးနိုင်၏သံယောဇဥ်အပေါ် သံသယစိတ်ကလေးဝင်လာမိသည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now