episode 14 unicode

1.6K 90 8
                                    

အရိုင်းလေကလေး episode 14
===================

မိမိမျှော်လင့်ထားသည့်ဆန္ဒများနှင့် ဆန့်ကျင်ဘက်အခြေအနေကို ကျွန်တော်တို့ကြုံတွေ့ဖူးကြမည်ထင်သည်။ ဘယ်လိုခံစားရလဲဆို ဖွင့်ပြောလို့မတတ်ပဲ ရင်ထဲတနုံ့နုံ့နဲ့ တစ်ခုခုကို ကုတ်ဖဲ့ပစ်လိုက်ချင်သည့် ခံစားချက်မျိုးလေ။ ယခုလည်း ငယ်လေးခင်မျာ ထိုသို့ခံစားနေရသည်ထင်ပါရဲ့။ ကမ်းနားလမ်းရှိ လူရှင်းသောတစ်နေရာတွင် ကားရပ်လိုက်သည့်အချိန်မှစ၍ ငယ်လေးသည် မြစ်တစ်ဖက်ကမ်းရှိ နက်နက်မှောင်မှောင်တောင်တန်းကြီးကို မမှိတ်မသုန် ငေးကြည့်နေလေသည်။ အနားရှိ ဦးနိုင်ကိုလည်း စကားမဆို။ မဟုတ်သေးဘူး ငယ်လေးဟာ သူ့အနားတွင်တစ်ဦးတစ်ယောက်မှ ရှိမနေသကဲ့သို့သဘောထားကာ ဦးနိုင်ကိုပင်လှည့်မကြည့်ပဲ ငေးနေခြင်းဖြစ်သည်။

" ငယ်လေး...."

ငယ်လေး မဖြေပါ။

" ကျွန်တော် ခေါ်နေတယ်လေ၊ ငယ်လေး ဘာတွေဖြစ်ချင်နေတာလဲ...."

ဒီတစ်ကြိမ်တော့ ငယ်လေး၏ ဦးခေါင်းသည် တစ်ရွေ့ရွေ့လေး ဦးနိုင်ဘက်လှည့်လာသည်။ တစ်စုံတစ်ရာကိုအခဲမကျေသလို တစ်စုံတစ်ရာအတွက် စိုးထိတ်နေသလို ငယ်လေးမျက်နှာက နီမြန်း၍နေသည်။ ထို့နောက် ငယ်လေးက အသက်မပါသောအပြုံးကို ခပ်လေးလေးပြုံးပြသည်။

" ဘဝမှာ အရိပ်လို့ထင်မိတဲ့ အမှောင်ထဲ တစ်ခါကလေးလမ်းမှားပြီး ခိုလှုံဖူးတာနဲ့ တစ်သက်လုံး အဲ့လောင်းရိပ်အောက်ကမလွတ်နိုင်တော့ဘူးလား... ဦးနိုင်..."

" ငယ်လေးစိတ်ထဲ အဲ့အရာအတွက်နေရာမပေးထားရင်...လွတ်နိုင်တာပေါ့"

ရင်ထဲ စူးခနဲနင့်သွားရသည်။ သူ့အတွေးထဲ လင်းယံကို နေရာပေးထားသည်ကို ဦးနိုင်ကအပြစ်တင်ချင်ပုံပေါ်သည်။ ဒီလိုကိစ္စတွေကို ဦးနိုင်က မကြုံခဲ့ဖူးတော့ လွယ်လွယ်မေ့ပစ်လို့ရမယ်ထင်တာ မမှားပါဘူးလေ။
တကယ် လွယ်လွယ်သာမေ့ပစ်လို့ရခဲ့လျှင် မေ့အပစ်ချင်ဆုံးက သူသာဖြစ်သည်။

" ကျွန်တော်လည်း မေ့ပစ်ချင်တာပေါ့ ဦးနိုင်ရယ်"

ငယ်လေး၏ ဦးခေါင်းသည် တစ်ဖက်သို့ပြန်စောင်းသွားကာ ခပ်ဝေးဝေးကိုပြန်ငေးနေသည်။ ဒီတစ်ခါတော့ ငယ်လေးငေးနေသော နေရာသည် အတည်တကျမရှိ။ တစ်ချက်တစ်ချက် တောင်တန်းများဆီငေးနေတတ်သလို တစ်ချက်တစ်ချက် မျက်လွှာကိုချကာ ပလက်ဖောင်းချိုင့်ခွက်လေးအတွင်းရှိ မြက်ပင်စိမ်းစိမ်းကလေးများကို အကြောင်းမဲ့ ငေးနေတတ်ပြန်သည်။

အရိုင်းလေကလေး နွေးလှသည်(ငယ်နှောင်း)Where stories live. Discover now