26

11K 1.7K 29
                                    

Zawgyi

အပိုင်း - ၂၆

ခြံထဲမှ ထွက်လာသည်နှင့် ထွဋ်တေဇ အရင်ဆုံးဆက်သွယ်သည်က ဇွဲမင်းထက်။ ထူးဝေအောင်၏ ဖုန်းနံပတ်သည် သူ့တွင်ရှိမနေဘူးလေ။ ရှိမနေသလို ရှိနေစရာလည်း မလို။ ထူးဝေအောင် ဖုန်းနံပတ်က ဇွဲမင်းထက်လက်ထဲတွင် ရှိနေလျှင်ရပြီမဟုတ်လား။

ဇွဲမင်းထက်သည်လည်း ဆေးရုံသို့လိုက်လာမည်ဆိုသဖြင့် သူတို့နှစ်ဦးအတူထွက်လာဖြစ်ကြသည်။ ထွဋ်တေဇသည် ကားနောက်ခုံတွင်ထိုင်နေရင်းဖြင့် ဇွဲမင်းထက်ဘက်သို့ ကြည့်၏။ ယာဉ်မောင်းကတော့ အရှေ့သို့သာ ကြည့်ကာ မောင်းနေခဲ့သည်။ ညဘက်မို့ လမ်းသည် နေ့ပိုင်းလောက်ရှုပ်မနေ။

"နွေးရတီ မင်းကိုပြောပြီးပြီလား..."

"အင်း..."

ထွဋ်တေဇ၏ အသံတွင်အေးစက်မှုတို့ရှိနေသဖြင့် ဇွဲမင်းထက်ငြိမ်နေလိုက်သည်။

"သူ့ကို မင်းဒေါသထွက်နေသေးလား..."

"အင်း..."

ဇွဲမင်းထက်သည် သက်ပြင်းရှိုက်၏။

"အစတုန်းက ငါလည်း နွေးကို ဒေါသထွက်ခဲ့တယ် ဆိုပေမဲ့... သူနဲ့စကားပြောကြည့်ခဲ့သေးတယ်..."

ယာဉ်မောင်းသည် အနောက်သို့လှမ်းအကဲခတ်လေ၏။ ဒီကောင်လေးနှစ်ယောက်က မိန်းကလေးတစ်ဦးကို လုနေကြတာလား။ သူတို့ သူ့ကားထဲမှာတော့ ထမသတ်ကြလောက်ပါဘူးနော်။ အငှားယာဉ်မောင်း၏ ရင်ထဲမှအတွေးကို လူရွယ်လေးနှစ်ယောက်မှာတော့ မသိလိုက်။

"သူ့ကို မင်းချစ်ခဲ့တာမဟုတ်ဘူးလို့... တစ်ကြိမ်လေးတောင် မတွေးဖူးဘူးလား..."

ထွဋ်တေဇသည် ဇွဲမင်းထက်ကိုမျက်လုံးစွေကြည့်သည်။ သူက နွေးရတီကို မချစ်ခဲ့ဘူး? မချစ်ခဲ့ဘူးဆိုရင် ဒီကောင်မလေးကို သူ့အနာဂတ်ထဲ သူ ဘာလို့ထည့်ဆွဲမှာလဲ? ချစ်ခဲ့လို့ပဲ ဒီမိန်းကလေးက သူ့အနာဂတ်ထဲမှာ ပါဝင်ခွင့်ရှိတာပေါ့။

"ငါတို့ငယ်ငယ်ကတည်းက မင်းက မင်းရဲ့ အစီအစဉ်အတိုင်းဖြစ်အောင်လုပ်တတ်တဲ့သူဆိုတာ မင်းလည်းသိတာပဲ..."

ဇွဲမင်းထက်က ဘာတွေလာပြောနေတာလဲ။ အစီအစဉ်တကျလုပ်တာက ဘာမှားလို့လဲ။ စီစဉ်ထားရင် စီစဉ်ထားတဲ့အတိုင်းဖြစ်အောင်လုပ်ရမှာပေါ့။ မဟုတ်ရင် စီစဉ်ထားတာက ဘာလုပ်ဖို့တုန်း။

Beloved Hyung [Own Creation]Where stories live. Discover now