Part-10

98.5K 7.9K 645
                                    

Zawgyi

‌ ကောင်းဝေယံကို နိုးလာတာနဲ့တစ်ယောက်ယောက်နဲ့အသားချင်းထိနေသလိုခပ်နွေးနွေးခံစားချက်မျိုးရနေသည်။မျက်လုံးကိုသေချာပွတ်ကြည့်မိ၏သူ့တစ်ကိုယ်လုံး ရင်ခွင်ကျယ်တစ်ခုထဲရောက်နေသည်။ဒါက ဘယ်လိုဖြစ်လို့။သူလှုပ်လဲမလှုပ်ရဲ။ခေါင်းအသာမော့ကြည့်မိတော့ မိုးသား။ဟင်၊သူကဘယ်လိုဖြစ်လို့မိုးသားရင်ခွင်ထဲရောက်နေရတာလဲရုတ်တရက်သူမတွေးနိုင်။

ညကအကြောင်းသူအလျှင်အမြန်စဉ်းစားကြည့်ရသည်။လူကတော့မလှုပ်ရဲသေး။မိုးသားနိုးသွားလို့မဖြစ်သေးပါ။ဒီပုံစံကိုမိုးသားမြင်သွားမှာသူမလိုလား။ဘာကြောင့်မှန်းသေချာမသိပေမဲ့သူအနေရခက်သလိုခံစားရသည်။မနေ့က မိုးသားကိုသူ့တိုက်ခန်းခေါ်လာခဲ့တာပြန်အမှတ်ရလာ၏မနေ့ညနေကမှ မိုးသားကိုစခေါ်လာတာကြောင့်ရုတ်တရက်သူမေ့နေခဲ့ခြင်းသာ။ညစာစားပြီးသူ စာခဏကြည့်သေးတာကိုတော့ သူသိသည်။အဲ့ဒီနောက်သူမမှတ်မိပြန်။

ဟမ်! သူစာကြည့်ရင်းအိပ်ပျော်သွားခဲ့တာလား။အရင်ကလည်းစာကြည့်ရင်းခဏ ခဏအိပ်ပျော်တတ်သည်။လက်တွေထုံကျင်ပြီးတရေးနိုးလာတော့မှ အိပ်ရာပေါ်ပြန်အိပ်ခဲ့ရတာချည်းသာ။ညကတော့သူတစ်ရေးမှမနိုးလိုက်။ဒါဆိုမိုးသားက သူ့ကိုအိပ်ရာထဲရွှေ့ပေးခဲ့ရသည်ပေါ့။ပြီးတော့ညကအိပ်ရင်းနဲ့မိုးသားကို ဖက်လုံးနဲ့မှားဖက်မိခဲ့ပုံရသည်။

"ဟူး တော်ပါသေးရဲ့ယောကျာ်းလေးချင်းမို့လို့"

အိပ်ရာထဲကအသာထလိုက်သည်။မိုးသားကိုတစ်ချက်ကြည့်မိတော့နိုးမလာသေး။စာကြည့်စာပွဲကနာရီယူကြည့်လိုက်သည်။8နာရီခွဲနေပြီ။ပိတ်ရက်မို့ညကတည်းက နာရီ Alarm ပေးမထားဖြစ်ခဲ့။

ရေချိုးခန်းထဲကထွက်လာသည်အထိ မိုးသားကနိုးမလာသေး။မိုးသားတစ်ယောက် ညကအိပ်ရာပြောင်းလို့အိပ်မပျော်ခဲ့တာလည်းဖြစ်နိုင်သည်။အခုမှနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရ၏မိုးသားကို အခုမှသေချာကြည့်မိသည်။မိုးသားနဲ့စတွေ့ကတည်းက သူသေချာမကြည့်ဖြစ်ပါ။ချောမှန်းတော့သိသည်။မိုးသားအကြည့်စူးစူးတွေကတစ်ခါတစ်လေ သူ့ကိုအနေရနည်းနည်းခက်သလိုခံစားရတာကြောင့်ပါ။မိုးသားသူ့အနားရှိနေရင် အနေရမခက်သလိုလိုနဲ့သူအနေရခက်ပါသည်။တစ်ခါတစ်လေကျပြန်တော့လည်းအနေရခက်သလိုလိုနဲ့ အနေရမခက်ပြန်ပါ။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now