<zawgyi>
မိုးလင်းသည်အထိ Dolly အိမ်ပြန်မလာဘူးအထင်နဲ့ အပြင်ပြေးထွက်လာတဲ့ Jaeun… ကြမ်းပြင်ပေါ်တွင် ကော်ဇော်အနားသတ်အား စောင်သဖွယ်ဆွဲပတ်၍ ကွေးနေသည့် June အား မမြင်ဘဲ ခလုတ်တိုက်မိ၏။
“ချီး…”
“အာ့… သေပါပြီ…။ လူတစ်ယောက်လုံးကို မမြင်ဘူးလားဟယ်”
“လူက လူနေရာမှမအိပ်ဘဲ… ဘယ့်နှယ့် လမ်းလယ်ခေါင်ကြီး လာအိပ်နေလဲ June ရဲ့?”
“ငါ Dolly ပြန်မလာသေးလို့ စောင့်ရင်းနဲ့ ဆိုဖာပေါ်ထွက်အိပ်နေတာလေ”
“အဲ့တော့ နင်အခုအိပ်နေတာ ဆိုဖာပေါ်မှာတဲ့လား? သေချာလည်း ပြန်ကြည့်ဦး”
အိပ်ရေးဝသည်ဟု မခံစားရဘဲ အခုစကားပြောနေတာတောင် အိမ်မက်လိုလို လက်တွေ့လိုလို ဖြစ်နေသေးသည့် June… မျက်လုံးတို့ အနည်းငယ်ကြည်လင်လာစေရန် ခပ်နာနာဖိပွတ်လိုက်ရင်း Jaeun နှင့်အတူ ဆိုဖာပေါ်လှမ်းကြည့်လိုက်တော့ ဆိုဖာထက်ဝယ် အကျအန အိပ်နေသည်က Dolly…။
အခန့်သားဖြင့် အိမ်ထဲရောက်နေသော Dolly အနား နှစ်ယောက်သား တိုးကပ်သွားလိုက်သည်နှင့် အရက်နံ့က ထောင်းခနဲ…။
“Eun ရေ… Dolly တော့ လုပ်ချလာပြီနဲ့တူတယ်”
“ငါတို့ အရုပ်မ မူးလာတယ်ဆိုပေမယ့် ဆိုးဆိုးဝါးဝါးတွေ မလုပ်ခဲ့လောက်ဘူးမလား June?”
“သူ့ဟာသူတောင် ပြန်လာနိုင်ပုံထောက်တော့ အရင်လို မသောင်းကျန်းခဲ့ဘူး ထင်ပါတယ်”
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သွားအလှပြိုင်ပွဲအလား အသက်မပါစွာ သွားစိပြလိုက်ကြ၏။
“သြော်… ဒါနဲ့ သိလား Jaeun… ငါတော့ Dolly ကိုဘယ်လောက်တောင် စိတ်စွဲသွားလဲဆိုရင် အိမ်မက်ထဲမှာ တံခါးတွေချည်း ထထဖွင့်ပေးနေတာ… ဘယ်နှစ်ခါလဲတောင် မမှတ်မိတော့ဘူး”
“ပြောမရဘူးနော် June… နင်တကယ် ထဖွင့်ပေးလိုက်တာများလား?!”
“ဟာ… နင်ကလဲ… ငါ Dolly ကို တံခါး ထဖွင့်ပေးရလောက်တဲ့အထိသာ အသိရှိမယ်ဆိုရင် ဆိုဖာပေါ်ပဲ ပြန်အိပ်နေမှာပေါ့ဟ… ခုကျတော့ ကြမ်းပြင်ပေါ် ပြုတ်ကျနေမှန်းတောင် သတိမထားမိတာကို… ဟာဟား”