<zawgyi>
“ဘာစားပြီးပြီလဲ Dolly?”
“ငါအခု ထွက်လာတာ အိမ်သာထဲကလေ! အထဲမှာ ငါစားလို့ရတာ ဘာရှိလို့လဲ… ? … ဟင်?”
အခန်းဝမှ စီးကြိုကာမေးလိုက်သော Hani ကြောင့် Dolly ဗိုက်ကို လက်နဲ့ပွတ်ရင်း ကြောင်အမ်းအမ်းဖြေလိုက်တော့ ဆွံ့အသွားသူမှာ Hani ပင်ဖြစ်ရချေပြီ။ Dolly ကိုဒီလို မပြည့်မစုံပြောလို့မရဘူးဆိုတာ သူမတို့ ခဏခဏမေ့သွားသည်ကိုး…။
“အာ… မဟုတ်တာ…။ ငါမေးချင်တာက နင် မနက်စာ ဘာစားပြီးပြီလဲလို့”
“မစားရသေးဘူးလေ…။ အိပ်ရာနိုးကတည်းက ဗိုက်နာနေလို့ ခုမှ အိမ်သာထဲက ထွက်လာရတာပါဆို”
“နင်ကလည်းဟယ်… အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ…။ အဲ့ဒါဆိုလည်း… ငါတို့နဲ့ မနက်စာလာစား…။ အားရှိမှ ညနေကျရင် အော်နိုင်မှာ”
“ရည်ရွယ်ချက်ကြီးမားလိုက်လေခြင်း”
“Final Concert လေ အချစ်ရယ်…။ ငါတို့ ဒီလောက်တော့ အားပေးရမှာပေါ့…။ ဟီး… ဒါနဲ့ နင် ဒီနေ့ကျောင်းမသွားရဘူးလား?”
“ငါ့ဗိုက်က ခဏခဏနာနေတာ မသွားနိုင်တော့ဘူး…။ ဆရာ့ကိုဖုန်းဆက်ပြီးပြီ…။ ဆရာက နားလိုက်လို့ပြောတယ်…။ အေးဆေးပဲ”
“အဟမ်း”
Dolly ကိုဆို အကဲပိုလွန်းသော ဆရာလီကို ရိပ်မိနေသည့် Hani က ပြောင်စပ်စပ်ဖြင့် ချောင်းတစ်ချက်ဟန့်လိုက်တော့ ရလိုက်သည်က အရိပ်ပြသော်ငြား အကောင်မမြင်ပါသည့် Dolly ထံမှ အကြည့်စူးစူးနှင့် နှုတ်ခမ်းစူခြင်း…။
ဖြူစင်လွန်းသည်လား တုံးအလွန်းသည်လား မကွဲပြားသည့် Dolly ကို ကြည့်ပြီး Hani က တခစ်ခစ်ဖြစ်နေလေတော့ မိမိကိုယ်မိမိ မလုံတော့သည့် Dolly က အောင့်သီးအောင့်သက် မေးလိုက်၏။
“ဘာတုန်း?”
“ဘာမှမဟုတ်ဘူး…။ ဟဲ့… ဒါနဲ့ နင် ကိုးရိုးကားရားမလုပ်နဲ့နော်…။ ညနေ Concert ကအရေးကြီးတာ သိတယ်မလား? Jaeun ရေ… Shim Jaeun… Dolly လေးကို ဝမ်းပိတ်ဆေးလေး ဘာလေးတိုက်ပါဦး”
“သြော်… နင်က ငါ့ကို စိတ်ပူတာ မဟုတ်ဘူးပေါ့လေ? အားပေးသူတစ်ယောက်လျော့မှာ စိုးလို့ ဂရုစိုက်နေတယ်တဲ့လား…။ သူငယ်ချင်းရဲ့ သေရေးရှင်ရေးထက် BTS ကပိုအရေးကြီးနေတဲ့ဟာတွေ…။ ရင်နာတယ်… ရွှတ်…”