Chapter 18/U: Fate and Trust

76 11 15
                                    


အခန်း (၁၈)
ကံကြမ္မာ နှင့် ယုံကြည်မှု

သူမအမည်က နှင်းသဒ္ဓါဖြူ။ လူတော်တော်များက သူမကို နှင်းဖြူလေးဟူ၍ ခေါ်ကြသည်။ တခြားကလေးများ အသားရည်ဖြူဖွေးသည်က ပုံစံတစ်မျိုး။ သူမ​၏အသားရည်မှာ ဟေမန်ဆောင်းက နှင်းပွင့်ဖြူလေးများအတိုင်း ဝင်းလက်ဖြူစင်ပြီး တောက်ပထူးကဲတဲ့အသားအရေရှိသည့်အတွက်ကြောင့်။

ယနေ့ ကိုရီးယားမေဂျာ​၏အတန်းစာသင်ချိန်အတွင်း နှင်းဖြူတစ်ယောက် ခါတိုင်းကဲ့သို့ မေဂျာဆရာမ​၏သင်ခန်းစာပို့ချမှုကို စိတ်မဝင်စားနေခဲ့ပေ။ စိတ်အာရုံများက အမျိုးမျိုးသောအကြောင်းအရာများဆီ ပျံ့လွင့်နေသည်။

ကျွန်မမွေးဖွားလာပုံအကြောင်းက ထူးဆန်းတဲ့အကြောင်းကို မိဘတွေဆီကနေ အဖန်တစ်ရာကြားနေရလွန်းလို့ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို နားရည်ဝနေပြီ။ အမေက ကျွန်မကို ၃ လ ကိုယ်ဝန်လွယ်ထားရချိန်မှာ အမေတင်မက အဖေအပါ ညညဆိုရင် ရှေးခေတ်ပုံစံအဝတ်အစားတွေနဲ့လူတွေကို ခဏခဏမြင်မက်တဲ့အကြောင်း စကားကြုံကြိုက်ရင် ပြန်ပြောတတ်တယ်လေ။ နောက်ပြီးတော့ အိပ်မက်ထဲမှာ မြင်းပျံဖြူလေးတွေနဲ့နတ်မိမယ်လေးတွေကို ခဏခဏတွေ့ကြသေးတယ်တဲ့။

အကြားအမြင်ရတဲ့ ဗေဒင်ဆရာကြီးတွေ၊ တိုင်းရင်းသား ရိုးရာနတ်ဝင်သည်တွေနဲ့ တားရော့ဒ်တွေရဲ့ကံကြမ္မာဟောကြားချက်တွေအရ ကျွန်မက ထူးခြားတဲ့လူဝင်စားတစ်ယောက်ဖြစ်တယ်ဆိုတာကို တညီတညွတ်တည်း မှန်မှန်ကန်ကန်ဖြေခဲ့ကြတယ်။ သူတို့အမှန်အတိုင်းမဖြေခဲ့ရင်တောင် ကျွန်မက အမှန်တရားအားလုံးကို သိပြီးသားဖြစ်တယ်။ ဘာလို့လဲဆိုရင် ကျွန်မက ဖြောင်ခေတ်တုန်းက ဖြောင်အင်ပါယာရဲ့အထွေးဆုံးမင်းသမီး (၇) ဖြစ်ခဲ့လို့ပဲ။

နှစ်ပေါင်း ၁၀၀၀ ကျော်အတွင်း ကျွန်မ ၁၀ ဘဝ လောက် တိရစ္ဆာန်အနေနဲ့ မွေးဖွားခဲ့တယ်။ အဲဒီအတိတ်ဘဝတွေရဲ့မှတ်ဉာဏ်အားလုံးကိုလည်း မှတ်မိနေခဲ့တယ်။

တောကြောင်၊ အိမ်မွေးကြက်တူရွေး၊ မိကျောင်း၊ မြေကြွက်၊ မြွေစိမ်းမီးတောက်၊ ရေမြွေ၊ ပုတ်သင်ညို၊ လိပ်ပြာနဲ့ အိမ်မွေးခွေး စတဲ့ဘဝတွေမှာ ဒုက္ခမျိုးစုံနဲ့ ကျင်လည်ကျက်စားခဲ့ရတယ်။ ကျွန်မက အဲဒီအတိတ်ဘဝတွေအကြောင်းကို ၉ ဘဝစလုံး ကောင်းကောင်းကြီး မှတ်မိနေခဲ့တာက အံ့သြစရာပဲ မဟုတ်ဘူးလား။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now