တစ်နည်းအားဖြင့် ဆရာဒုံသည် ရုပ်ချော၍ စွမ်းအားကြီးမားသော မှော်ဆရာကြီးဖြစ်လင့်ကစား အရပ်ပုသဖြင့် အမျိုးသမီးများ၏စိတ်ဝင်စားမှုလည်း မခံရပေ။ မှော်အစွမ်းများဖြင့် အရပ်ရှည်ဆေးများအား အကြိမ်ကြိမ်တီထွင်ဖန်တီးသော်လည်း ဆေးအစွမ်းများသည် ကြာရှည်မခံ။ အလွန်ဆုံးတာရှည်ခံပါက ၁ ရက်သာ။ မှော်အရပ်ရှည်ဆေးများတွင်လည်း ဘေးထွက်ဆိုးကျိုးရှိသောကြောင့် ဆရာဒုံက နောက်ပိုင်းတွင် ဆေးဆက်မထွင်တော့ဘဲ ရပ်တန့်ပစ်လိုက်သည်။

ထို့ကြောင့် သူ၏တပည့်များနှင့် မတ်တတ်ရပ်စကားပြောရာတွင် အမြဲတမ်း ခုံခုကာ စကားပြောရသော အခက်အခဲရှိသည်။ မဟုတ်လျှင် သစ်ကုလားအုတ်လောက်ရှည်သော တပည့်များကို ပြန်မော့ကြည့်နေရသည့်အတွက်။ နောက်ပိုင်းတွင် သူကိုယ်တိုင်တီထွင်ထားသည့် အမျိုးသားစီး ၃လက်မ ဒေါက်မြင့်ဘွတ်ဖိနပ်များကို ဝတ်ဆင်ကာ မှော်ကျောင်းတော်အနှံ့ မြောက်ကြွမြောက်ကြွနှင့် လျှောက်လည်တတ်သည်။

၃ လက်မဒေါက်စီးသော်လည်း ၅ ပေ ၆ လက်မမဟုတ်နေသေး၍ လူစင်မမီဆဲ။

မည်သို့ပင်ဆိုစေကာမူ လူစင်မမီအရပ်နှင့် ဆရာဒုံသည် ဖြောင်အင်ပါယာ​၏မှော်ပညာလောကတွင် နာမည်ကောင်းနှင့် ကျော်ဇောသူဖြစ်သည်။ ဆရာဒုံက နန်းတွင်း၌ အချိန်ပြည့်တာဝန်မထမ်းဆောင်လိုသောကြောင့် အင်ပါယာနန်းတော်နှင့် မပတ်သက်မိစေရန် ရှောင်ခွာတတ်​၏။ သို့သော် မည်မျှပင်ရှောင်ဖယ်နေပါစေ၊ အင်ပါယာ၌ ပြဿနာအရေးကြုံလာတိုင်း ဧကရာဇ်မင်း ရာဇာသိင်္ဂါဩရသကိုယ်တိုင် ဆရာဒုံအား လူချင်းတွေ့အကူအညီတောင်းရသည်အထိ ဆရာဒုံက အရေးပါအရာရောက်သည်။

ဤသို့ဖြင့် မှော်စွမ်းအားကြီးမားရုံမက အသိပညာဗဟုသုတအဖြာဖြာတွင်လည်း ကျွမ်းကျင်နှံ့စပ်သူဖြစ်သည့်အလျောက် ဖြောင်ဧကရာဇ်မင်း၏စစ်ရေးစစ်ရာကိစ္စအဝဝတွင်လည်း ပါဝင်ဆွေးနွေးခြင်းခံရသည်။ တစ်ခါတလေ ဆရာဒုံကိုယ်တိုင် ဖြောင်အင်ပါယာ၏လက်ရွေးစင် သူရဲကောင်းစစ်သူကြီးများနှင့်တွဲဖက်၍ စစ်ဗျူဟာစီမံကိန်းများကို အထူးရေးဆွဲပေးရသည်အထိ ဆရာဒုံက အာဏာကြီး၏။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]حيث تعيش القصص. اكتشف الآن