ဝမ်ကျယ်က ရှောင်လုံ ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ဆေးပညာရှင် အကဲဖြတ်စစ်ဆေးမှုနေ့တုန်းက...မင်း ကံကောင်းပြီးတော့ အောင်မြင်ခဲ့တာပဲ...ဟောင်ရှောင်လုံ...မင်းရဲ့ ဆေးဖော်စပ်မှုက မကျရှုံးဘဲ...သခင်လေး မော့စုလိုမျိုး ထိပ်တန်းအဆင့် နတ်ဘုရားအဆီအနှစ်ဆေးလုံးကို သန့်စင်ဖော်စပ်နိုင်ခဲ့တယ်လို့...မင်းက ငါ့ကို ပြောချင်နေတာများလား"

သူ့၏ စကား၌ လှောင်ပြောင်မှု များ ရောယှက်နေသည့်ကို ထိုနေရာ၌ ရှိနေသော လူတိုင်း သတိထားမိကြသည်။

ရှောင်လုံ က အဖက်မလုပ်သည့် အမူအရာဖြင့် ရှိနေဆဲ ဖြစ်သည်။

"သွားပြီး စစ်ဆေးကြည့်ရင်...အဖြေကို ခင်ဗျား သိရလိမ့်မယ်"

ဝမ်ကျယ်က အနီးဆုံးရှိ အစည်းအရုံး၏ တပည့်တစ်ယောက် ကို အမိန့်ပေးလိုက်သည်။

"သွား...ဟောင်ရှောင်လုံရဲ့ ဆေးဖော်ခန်း ထဲကို သွား စစ်ဆေးပြီး သူ့ရဲ့ ကျရှုံးမှု သက်သေကို ဒီနေရာထိ ယူလာခဲ့လိုက်...ဒါမှ လူတိုင်း မြင်နိုင်သွားမှာ"

အစည်းအရုံး၏ တပည့်သည် ရိုသေလေးစားစွာဖြင့် နာခံလိုက်ပြီး အလျင်စလို ပြေးသွားလိုက်လေသည်။

လူတိုင်း က စောင့်ဆိုင်းနေကြသည်။ ဆယ့်ငါးမိနစ်မျှ ကြာပြီးနောက် ထိုတပည့်သည် ပြန်ရောက်လာသည်။ သူ့၏ မျက်နှာထက်၌ ဆိုးဝါးသည့်အမူအရာ ရှိနေလေပြီး သူ့လက်ထဲ၌ ပုလင်းတစ်လုံးကို ကိုင်လာလေသည်။ သေချာကြည့်မည်ဆိုလျှင် သူ့၏ လက်က တုန်ယင်နေသည်ကို လူတိုင်း တွေ့မြင်နိုင်ပေသည်။

ဤသည်ကို သတိထားမိသွားသည်နှင့် ဝမ်ကျယ်သည် မျက်မှောင်ကြုံလိုက်မိသည်။ ဟောင်ရှောင်လုံက နတ်ဘုရားအဆီအနှစ်ဆေးလုံးကို သန့်စင် ဖော်စပ်နိုင်ခဲ့သည်လား။

"အ...အကြီးအကဲ ဝမ်...ဒါက ဟောင်ရှောင်လုံရဲ့ ဆေးဖော်ခန်း ထဲက တွေ့လာတဲ့...နတ်ဘုရားအဆီအနှစ်ဆေးလုံးတွေပါ"

ထိုတပည့်က ဝမ်ကျယ်၏ ရှေ့၌ ရပ်ပြီး စကားပြောလိုက်ချိန်၌ သူ့၏အသံက တုန်ယင်နေပေသည်။

နတ်ဘုရားအဆီအနှစ်ဆေးလုံး...။

ကြောင်အသွားသော ဝမ်ကျယ်သည် သူ့ကိုယ်သူ အလျှင်အမြန် ထိန်းချုပ်လိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now