ဤနှစ်များအတွင်း သူသည် ရှောင်လုံ ပေးထားခဲ့သော ကောင်းကင်ဘုံတောင်တန်း နတ်ဘုရားဦးခေါင်းကို လေ့လာဆန်းစစ်နေခဲ့ပြီး သူ့၏ ခွန်အားသည်လည်း တစ်နှစ်ပြီးတစ်နှစ် သိသိသာသာ တိုးပွားလာခဲ့သည်။ ကံမကောင်းစွာဖြင့် ပြိုင်ဘက်ကောင်းတစ်ယောက် ရှာရခြင်းသည် တကယ့်ကို ခေါင်းကိုက်စရာကိစ္စ ဖြစ်ပေသည်။

ထို့ပြင် ယခုအခါ၌ ရှောင်လုံ က မဟာနတ်ဘုရားအဆင့် ၃ အလယ်အဆင့်သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရချိန်တွင် သူသည် လက်ယားလာသလို ခံစားနေရကာ တိုက်ခိုက်ချင်နေပေသည်။

လမင်းဆင်းသက်ခြင်းအဘိုးအိုက သူ့အား အားကုန်ထုတ်တိုက်ရန် ပြောလာသည်ကို ကြားလိုက်ရချိန်၌ ရှောင်လုံသည် သူ့နှုတ်ခမ်းကို ကွေးညွတ်မသွားရစေအောင် အတင်းအကြပ် ထိန်းချုပ်နေရသည်။ သူ့မျက်နှာထက်ရှိ ထူးဆန်းလှသော အမူအရာမှာ ပိုမို နက်ရှိုင်းလာပေသည်။

"အဘိုး...ကျွန်တော့်ကို တကယ် အားကုန်ထုတ်သုံးခိုင်းနေတာလား"

လမင်းဆင်းသက်ခြင်းအဘိုးအို က အော်ငေါက်လိုက်သည်။

"အဓိပ္ပါယ်မရှိတာ...ငါ တိုက်ခိုက်လို့ မဝသေးဘူးဆိုရင်...ငါ မင်းဆီ တစ်နေ့တစ်ခေါက် လာနေမှာပဲ"

ရှောင်လုံက တုန့်ဆိုင်းစွာ သဘောတူလိုက်လေသည်။

"ဒါဆိုလည်း ကောင်းပြီလေ"

'အဘိုးရေ...ဒါကို အဘိုးပဲ လာတောင်းဆိုနေတာ...ဒီတော့ ကျွန်တော်ကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရသေးတာပေါ့'

လမင်းဆင်းသက်ခြင်းအဘိုးအို က ရှောင်လုံ၏ ခြံဝန်း ပတ်ပတ်လည်တွင် အဟန့်အတားတစ်ခု အလျှင်အမြန် ခင်းကျင်းလိုက်သည်။ သို့မှသာ သူတို့၏ တိုက်ပွဲဆီမှ စွမ်းအင်လှိုင်းများ အပြင်သို့ ဖြာထွက်မသွားမည် ဖြစ်သည်။ အားလုံး ပြီးစီးသွားသည်နှင့် လမင်းဆင်းသက်ခြင်းအဘိုးအို က လက်နောက်ပစ်ကာ ရပ်လိုက်ရင်း ရှောင်လုံကို ပြောလိုက်သည်။

"ကောင်လေး...တိုက်ကွက်စတော့"

သိသာစွာပင် သူက ရှောင်လုံ ဦးဆုံးတိုက်ခိုက်ခွင့် ပေးနေခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now