ရှောင်လုံနှင့် အနည်းငယ် ဝေးကွာသော လူတန်းရှည်တစ်ခုတွင် မိန်းကလေးတပည့်နှစ်ယောက်သည် ပြိုင်ပွဲစာရင်းသွင်းရန် တန်းစီနေကြသည်။ ထိုအချိန်၌ သူတို့နှစ်ယောက် သည် ရှောင်လုံကို ကြည့်လိုက်ကြကာ အသံပို့လွှတ်ခြင်းနည်းစနစ်ဖြင့် ဆွေးနွေးလိုက်ကြသည်။

'မမ...အဲ့ဒီလူက ဖုံးကွယ်ခြင်းနည်းစနစ်တစ်ခုခု ကျင့်ကြံပြီးတော့...သူ့ ကျင့်စဥ်အမှန်ကို တမင်သက်သက် ဖုံးကွယ်ထားတာများလား'

အဝါဖျော့ရောင်ဝတ်စုံနှင့် မိန်းကလေးက မယုံကြည်နိုင်သည့်အသံဖြင့် မေးလိုက်လေသည်။

မြစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အနည်းငယ် ရင့်ကျက်ဟန်ရသော မိန်းကလေးက ခေါင်းကို ခါယမ်းပြလိုက်သည်။

'မဟုတ်ဘူး...အဲ့ဒီ ဆံပင်အနက်နဲ့ လူငယ်က...တကယ်ကို နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် ပဲ'

အဝါဖျော့ရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားကြသည်။

'နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် တစ်ယောက်က မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် တစ်ယောက် ကို လွယ်လွယ်လေး အနိုင်ယူသွားတာလား...ဒါဆို သူ့ရဲ့ အရည်အချင်း က ညီမတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးထက် ပိုပြီး မြင့်မားနေတယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူးနော်'

ဂိုဏ်းတူအစ်ကိုကြီးသည် နှစ်တစ်သိန်းအတွင်း ဂိုဏ်း၏ အရည်အချင်းအရှိဆုံး ပါရမီရှင် ဖြစ်ပြီး သူတို့၏  ဂိုဏ်းတည်ထောင်သူဘိုးဘေးနှင့်ပင် ယှဥ်နိုင်စွမ်း ရှိပေသည်။

မြစိမ်းရောင်ဂါဝန်နှင့် မိန်းကလေးက ပြောလိုက်သည်။

'မရေမတွက်နိုင်တဲ့ ကြယ်စင်စုတွေနဲ့ ကျယ်ပြန့်လှတဲ့ စကြာဝဠာ ထဲမှာ...အစ်မတို့ ဂိုဏ်းတူအစ်ကိုကြီး ထက် ပိုပြီး ပါရမီရှိတဲ့သူတွေ သေချာပေါက် ရှိတာပေါ့...ဝမ်ဂူကလန်ရဲ့ ဝမ်ဂူယန်ဟွေ့၊ ကျိုးကလန်ရဲ့ ကျိုးယောင်၊ မုကလန်ရဲ့ မုချင်၊ ကံကြမ္မာဂိုဏ်းရဲ့ ဖန်းချူ၊ ရှေးဟောင်းမှော်ပညာကျောင်းရဲ့ လော်ရှို့ချန်၊ မူလယန်ဂိုဏ်းရဲ့ လူတုန်ဝေ၊ ဂဠုန်ပျံသန်းခြင်းအဖွဲ့ရဲ့ ပန်ရွှယ်ကျောင်း...စသဖြင့် အများကြီးပဲလေ...သူတို့ တစ်ယောက်ချင်းစီတိုင်းက အစ်မတို့ ဂိုဏ်းတူအစ်ကိုကြီး ထက် ပိုပြီးတော့ ပါရမီ မြင့်မားကြတယ်လေ'

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now