ထိုကဲ့သို့သော အမည်မသိ အင်အားအရှေ့တွင် ဆယ်ရက်ကျော် အလင်းအကာအကွယ်ကို တိုက်ခိုက်ပြီးနောက် နတ်ဘုရားအင်အားများ ကုန်ဆုံးနေသော သူတို့လေးယောက်သည် မည်သို့မှ တောင့်ခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

သူတို့၏ မရီဒီယန်သွေးကြောများသည် တစ်လက်မချင်းစီတိုင်း ကွဲအက်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ဝိညာဉ်ပင်လယ်သည် ထိန်းမရနိုင်လောက်အောင် တုန်ခါသွားပေသည်။

အရာအားလုံးကို အဝေးမှ ကြည့်နေရင်း ရှောင်လုံ၏ မျက်လုံးထဲ၌ ပျော်ရွှင်ဝမ်းမြောက်မှုများသည် ထိန်းမရလောက်အောင် ထွက်ပေါ်လာသည်။ ထိုရလဒ်သည်ကား သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်သော အကောင်းဆုံး မြင်ကွင်းဖြစ်ပေသည်။

အစပိုင်းတွင် ထို မကောင်းဆိုးဝါး အို ၄ ယောက်သည် လ တစ်ဝက်ကြာအောင် အလင်း အကာအကွယ် ကို ဆက်တိုက် တိုက်ခိုက်ပြီး သူတို့၏ နတ်ဘုရား အင်အား ကုန်ဆုံးသွားစေရန် ရှောင်လုံ မျှော်လင့်ထားခဲ့သည်။ ထိုအချိန်တွင် သူသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင် လိုက်နိုင်မည်ဖြစ်သည်။ သို့သော် ယခုမူ ရောင်စုံ အလင်း အကာအကွယ် ပျက်စီး သွားချိန်တွင် ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်က ထို ၄ ယောက်ကို ဒဏ်ရာ ရသွားစေလိမ့်မည်ဟု သူမျှော်လင့် မထားခဲ့ပေ။

ရှောင်လုံသည် သူ့၏ ပုန်းကွယ်နေရာမှ ထွက်ပေါ်လာပြီး ကောင်းကင် ထိုးဖောက်ခြင်းသားရဲဘုရင် အုပ်စု ရှိရာဆီသို့ တိုးကပ်သွားလေသည်။

သူတို့နောက်ဆီမှထွက်ပေါ်လာသော ခြေသံများကို ကြားလိုက်ရချိန်တွင် ဘိုးဘေးတောင်ဆိတ်နှင့် ကျန်သူများသည် ထိတ်လန့်သွားကြလေသည်။ သူတို့က သူတို့၏ ဒဏ်ရာများကို လျစ်လျှူရှု ကာ အလျှင် အမြန် လှည့်ကြည့်လိုက်ကြလေသည်။

"မင်းပါလား....ဟောင်ရှောင်လုံ"

အနီးသို့ လျှောက်လှမ်းလာသော လူ၏ မျက်နှာကို မြင်လိုက်သည်နှင့် ဘိုးဘေး တောင်ဆိတ်သည် အော် ဟစ်လိုက်လေသည်။

ကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင်၊ နဂါးစိမ်းသားရဲဘုရင် နှင့် ဘိုးဘေးဘီဖန်းတို့သည် ရှောင်လုံကို အရင်က မမြင်ဖူးကြပေ။ ဘိုးဘေးတောင်ဆိတ်၏ ပါးစပ်ဆီမှ ရှောင်လုံ၏ နာမည်ကို ကြားလိုက်ရချိန်တွင် သူတို့သုံးယောက်သည် ကြောင်အသွားပေသည်။ ထိုသူသည် ကြယ်စင်စု ၄စုလုံး၏ ပြိုင်ဘက် ကင်း ပါရမီရှင် ဟောင်ရှောင်လုံ  ဖြစ်သည်လား။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now