.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၂ ..... ဆရာကြီး... လီမိသားစုကို သိလား?

တောင်ဘက် မြို့တော်ဂိတ်?
ယင်းချောင်ထျန်းက အစောင့်ကို ဆောင့်ဆွဲလိုက်ပြီး တင်းမာသည့်အသံဖြင့် မေးလိုက်လေသည်။
"ပြောစမ်း...ဘာဖြစ်တာလဲ?"
ယင်းမိသားစု၏ အစောင့်က အလျှင်အမြန် ပြန်ဖြေလိုက်သည်။
"ခေါင်းဆောင်နဲ့ ကျန်တဲ့သူတွေအားလုံး သေသွားကြပြီ...တောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်သည်တွေအားလုံးလည်း အကုန် ချေမှုန်းခံလိုက်ရပြီ...ပြောကြတာကတော့ လာတိုက်ခိုက်တဲ့သူက အခြားလူမဟုတ်ဘူး...ကျွန်တော်တို့ ဖမ်းချင်နေတဲ့ သိုင်းဝိညာဉ်ကမ္ဘာရဲ့ အရှင် သားရဲနတ်ဘုရား ဟောင်ရှောင်လုံ တဲ့!"
"ဟောင်ရှောင်လုံ?!"
ယင်းချောင်ထျန်းက ထိတ်လန့်သွားရမည့်အစား ပျော်ရွှင်သွားပြီး ဂမ်းသာအားရ ရယ်မောလိုက်သည်။
"ငါ ဒီမှာ စောင့်နေရတာ နှစ်ပေါင်းများစွာ ကြာနေပြီ...အဲ့ဒီ ဟောင်ရှောင်လုံက နောက်ဆုံးတော့ ပေါ်လာပြီပေါ့လေ!နောက်ဆုံးတော့ မိသားစုခေါင်းဆောင် ဆီကို သတင်းကောင်း ပြန်ပို့နိုင်တော့မယ်!"
ယင်းချောင်ထျန်း သိုင်းဝိညာဉ်ကမ္ဘာ၌ နေနေသည့် နှစ်ကာလများအတွင်း ဟောင်ရှောင်လုံ၏ ကိစ္စကြောင့် မိသားစုခေါင်းဆောင်သည် သူ့အား မျက်စိဒေါက်ထောက်ကြည့်နေလေသည်။ ဟောင်ရှောင်လုံ ပေါ်မလာခဲ့လျှင် သူ့အနေဖြင့် မည်သို့ ပြောရမည် မသိသောကြောင့် သူက စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။
ယခုအခါတွင် ဟောင်ရှောင်လုံ ပေါ်လာလေပြီ။ ယင်းချောင်ထျန်း အနေဖြင့် နောက်ဆုံးတွင်တော့ သူ့ပုခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချပစ်နိုင်သွားပြီ ဖြစ်သည်။
သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသည့် အလင်းတစ်ချက် ဖြတ်သွားသည်။
ဒီအကြိမ်တွင် သူသည် ဟောင်ရှောင်လုံကို လုံးဝ အမိဖမ်းရပေလိမ့်မည်။ မဟုတ်ပါက သူသာ ဟောင်ရှောင်လုံကို ကျယ်ပြန့်လှသည့် ကြယ်စင်စုထဲသို့ လိုက်ရှာချင်လျှင် အိမ်မက်ဆိုးကြီး ဖြစ်သွားပေလိမ့်မည်။
"ဒီလိုလား?"
ယင်းချောင်ထျန်းက သူတို့၏ မိသားစုခေါင်းဆောင်ဆီကို ပြန်ပြီး သတင်းကောင်း ပြောပြမည်ဟု ကြွားဝါနေစဉ်တွင် အေးစက်စက် အသံက သူ့နားထဲသို့ တိုးဝင်လာသည်။
ယင်းချောင်ထျန်းက သူ့ခေါင်းကို ဆတ်ခနဲ လှုပ်လိုက်မိသည်။ အဝေးဆီမှ အဖြူရောင်ကျားကို စီးနင်းလာသည့် အနက်ရောင်ဆံပင်နှင့် လူငယ်သည် သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။ သူတို့၏ အမြန်နှုန်းမှာ နှေးလည်းမနှေး ၊ မြန်လည်းမမြန်ပေ။ ယင်းချောင်ထျန်း၏ မျက်လုံးများက အပ်ပေါက်လေးနှယ် ကျဉ်းမြောင်းသွားသည်။
ဟောင်ရှောင်လုံ!
ယင်းချောင်ထျန်းသည် ရှောင်လုံကို အရင်က လူကိုယ်တိုင် မမြင်ဖူးသော်လည်း သူ့၏ ပုံတူပန်းချီကိုတော့ မြင်ဖူးပေသည်။ သို့သော် သူက ရှောင်လုံအပေါ်သို့ များစွာ အာရုံမစိုက်မိဘဲ သူ့အောက်ရှိ အဖြူရောင်ကျားကိုသာ ကြည့်နေမိသည်။
"အမြီးကိုးချောင်းတောက်ပအလင်းကျား!"
ယင်းချောင်ထျန်း ကြောင်အသွားရသည်။ အမြီးကိုးချောင်းတောက်ပအလင်းကျား သည် ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲ ဖြစ်ပြီး ယဉ်ပါးအောင်လုပ်ရန် အလွန်အမင်း ခက်ခဲပေသည်။ ဟောင်ရှောင်လုံ မည်သို့ လုပ်လိုက်သည်နည်း။ ထို့အပြင် အနှီ အမြီးကိုးချောင်းတောက်ပအလင်းကျား သည် နတ်ဘုရားအဆင့် ၅ နောက်ပိုင်းအဆင့် ဖြစ်ကြောင်း ယင်းချောင်ထျန်း ပြောနိုင်ပေသည်။
နတ်ဘုရားအဆင့် ၅ နောက်ပိုင်းအဆင့် အမြီးကိုးချောင်းတောက်ပအလင်းကျား သည် နတ်ဘုရားအဆင့် ၆ လူသားကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်ပေသည်။
ထိုအတွေးများ ယင်းချောင်ထျန်း၏ စိတ်ထဲ၌ လက်ခနဲ ဖြစ်သွားစဉ် စက္ကန့်ပိုင်းအတွင်း အမြီးကိုးချောင်းတောက်ပအလင်းကျားကို စီးနင်းလာသည့် ဟောင်ရှောင်လုံသည် သူ့ရှေ့သို့ ရောက်လာပြီ ဖြစ်သည်။ ပတ်ပတ်လည်ရှိ ယင်းမိသားစု၏ အစောင့်များသည် ရှောင်လုံကို အလယ်၌ထားကာ အလျှင်အမြန် ဝိုင်းထားလိုက်ကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ကြောက်မက်ဖွယ် ရန်သူနှင့် ရင်ဆိုင်နေရသည့်နှယ် အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်အနေအထားကို ပြင်ဆင်ထားကြသည်။
ဤသည်ကို မြင်လိုက်ချိန်တွင် ယင်းချောင်ထျန်းက စိတ်မချမ်းမြေ့သွားရပြီး လက်ကို ကြမ်းကြမ်းတမ်းတမ်း ဝှေ့ယမ်းပြလိုက်သည်။
"မင်းတို့အားလုံး နောက်ဆုတ်လိုက်ကြစမ်း! ငါက မင်းတို့ရဲ့အကာအကွယ်ကို လိုအပ်နေလို့လား?"
အမြီးကိုးချောင်းတောက်ပအလင်းကျားက နတ်ဘုရားအဆင့် ၇ နောက်ပိုင်းအဆင့် ဖြစ်နေလျှင် ယင်းချောင်ထျန်း အနည်းငယ် ဒုက္ခရောက်သွားပေဦးမည်။ သို့သော် နတ်ဘုရားအဆင့် ၅ နောက်ပိုင်းအဆင့် တစ်ကောင်မှာမူ ပြောပလောက်စရာ မရှိပေ။ လက်တစ်ချက် ယမ်းလိုက်ရုံ...မဟုတ်သေး...လက်တစ်ချောင်းထဲဖြင့်ပင် သားရဲကောင်ကို သတ်ပစ်ရန် လုံလောက်ပေသည်။
အစမှ အဆုံးထိတိုင် ယင်းချောင်ထျန်းက ရှောင်လုံကို အလျှင်အမြန် တစ်ချက်ကြည့်လိုက်ရုံထက် ပို၍ အာရုံမစိုက်ပေ။
သူ သိထားသည်မှာ ရှောင်လုံသည် ယခုအချိန်ထိတိုင် နှစ်ပေါင်းတစ်ရာကျော်သည်ဆိုရုံမျှသာ ကျင့်ကြံရသေးပေသည်။ နှစ်ပေါင်း တစ်ရာ့တစ်ဆယ်ပင် မရှိသေးပေ။ နှစ်ပေါင်း တစ်ရာ့တစ်ဆယ်ပင် မပြည့်သေးသည့် အတွင်းအားဖြင့် ဒီကောင်စုတ်သည် မည်မျှထိ အစွမ်းထက်နိုင်ပါလိမ့်မည်နည်း။
ပတ်ပတ်လည်ရှိ ယင်းမိသားစု၏ အစောင့်များသည် ရိုသေလေးစားစွာဖြင့် အမိန့်နာခံလိုက်ကြကာ နောက်သို့ အနည်းငယ် ဆုတ်ခွာသွားကြသည်။
ရှောင်လုံက လက်နောက်ပစ်ကာ ရပ်နေသည့် ယင်းချောင်ထျန်း ကို ကြည့်ရင်း စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ရှောင်လုံကို မျက်လုံးထဲ၌ မထည့်သည့်ပြင် သူ့မျက်နှာထက်၌ လှောင်ပြောင်လိုဟန်များ အထင်းသား ပေါ်လွင်နေလေသည်။ ကြည့်ရသည်မှာ ယင်းမိသားစုသည် သူ့၏ အစစ်အမှန် နောက်ခံကို မသိရှိသေးပုံ ပေါ်သည်။
သို့သော်လည်း ဤသည်မှာ နားလည်ရန်လွယ်ကူပေသည်။ ယင်းမိသားစုက ဒီတစ်ကြိမ် မဟာဆေးပညာရှင်ပြိုင်ပွဲ၏ ဆေးဘုရင်ကို ဟောင်ရှောင်လုံဟု ခေါ်သည်အား သိရှိခဲ့လျှင်ပင် ဆေးဘုရင် ဟောင်ရှောင်လုံ နှင့် သိုင်းဝိညာဉ်ကမ္ဘာက အရှင် သားရဲနတ်ဘုရား ဟောင်ရှောင်လုံကို ဆက်စပ်မိလိမ့်မည် မဟုတ်ပေ။
ဟုတ်ပေသည်။ ယင်းမိသားစုသာ ကြိုတင်ပြီး သိရှိခဲ့လျှင် သူတို့က သိုင်းဝိညာဉ်ကမ္ဘာကို အပြစ်မဲ့သည့်သူများအား သတ်ဖြတ်ခြင်း ကဲ့သို့သော အပြုအမူဖြင့် ဖျက်ဆီးပစ်ရဲမည် မဟုတ်ပေ။ ထို့အပြင် သူ့ကို ဖမ်းဆီးရန် အမိန့်ပေးခြင်းကိုလည်း လုပ်ရဲမည်မဟုတ်ပေ။
"ဟောင်ရှောင်လုံ...ကြည့်ရတာ မင်းမှာ အစွမ်း နည်းနည်းပါးပါး ရှိတဲ့ပုံပဲ"
ယင်းချောင်ထျန်းက အထက်စီးဆန်ဆန် အမူအရာဖြင့် ပေါက်ကရစကားများ စတင်ပြောဆိုလာတော့သည်။
"နတ်ဘုရားအဆင့် ၅ နောက်ပိုင်းအဆင့် အမြီးကိုးချောင်းတောက်ပအလင်းကျားကို ယဉ်ပါးအောင်လုပ်နိုင်စွမ်းရှိတာကတော့ ချီးကျူးစရာပဲ...ဒါပေမယ့် မင်းနဲ့အတူ အဲ့ကျား ပါလာတာနဲ့ ငါ့ရဲ့ပြိုင်ဘက် ဖြစ်သွားနိုင်လိမ့်မယ်လို့များ မင်းက ထင်နေတာလား?"
ဤနေရာ၌ စကားရပ်လိုက်ပြီး ယင်းချောင်ထျန်းက ရယ်ချင်ပက်ကျိဖြစ်ကာ ပြဇာတ်ဆန်ဆန်ဖြင့်  သူ့ခေါင်းကို ခါယမ်းလိုက်လေသည်။
" အမှန်အတိုင်း ပြောရရင်...မင်း ပြန်မလာခဲ့သင့်ဘူး...ဒီအချိန်မှတော့ မင်းက သေချာပေါက် ထွက်ပြေးနိုင်စွမ်း ရှိမှာမဟုတ်တော့ဘူး!"
ရှောင်လုံက သူ့ကို အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေလိုက်သည်။ ရှောင်လုံ ထွက်ပြေးဖို့ရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ရှောင်လုံ၏ မပြောင်းမလဲသည့် အမူအရာကို ကြည့်ရင်း ယင်းချောင်ထျန်းက သံသယဖြင့် မျက်ခုံး ပင့်လိုက်မိသည်။
"မေ့လိုက်တော့! ငါ မင်းကို တကယ့် သိုင်းပညာရှင်က ဘာလဲဆိုတာ ပြမယ်!"
စကားဆုံးသည်နှင့် ယင်းချောင်ထျန်းက သူ့၏ နတ်ဘုရားအဆင့် ၈ အလယ်အဆင့် ဖိအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်း ဆိုသလိုပင် ဒေါင်ရမ်းအင်ပါယာမြို့တော် နံရံများကြားရှိ လူတိုင်းသည် သူတို့အထက်မှ ကြီးမားလှသော တောင်တန်းကြီး ပိကျလာသလို ခံစားလိုက်ကြရသည်။
ထိုအချိန်၌ ရှောင်လုံက လှုပ်ရှားလိုက်သည်။
ယင်းချောင်ထျန်းသည် သူ့မျက်လုံးနှင့် လှုပ်ရှားမှုကို မြင်လိုက်ရမည့်အစား အရိပ်တစ်ခု လက်သွားသည်ကိုသာ မြင်လိုက်ရသည်။ ထို့ကြောင့် ရှောင်လုံ သူ့ရှေ့၌ ပေါ်လာချိန်တွင် ဘာမှ မတုံ့ပြန်လိုက်နိုင်တော့ပေ။ ရှောင်လုံက စတင် တိုက်ခိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ ထို့ထက် ရှောင်လုံက မြန်ဆန်လွန်းလှသည်။
ရှောင်လုံက သူတို့ကြား အကွာအဝေးကို နီးကပ်သွားစေလိုက်ပြီးနောက် သူ့ ညာဘက်လက်သီးဖြင့် ရိုးရိုးရှင်းရှင်း ထိုးနှက်လိုက်လေသည်။ မည်သည့် သိုင်းပညာရပ်ကိုမှ အသုံးမချဘဲ ယင်းချောင်ထျန်း၏ နှလုံးတည့်တည့်ကို တိုက်ရိုက် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
ကြမ်းတမ်းလှသည့် တုန်ခါမှုတစ်ခုက ယင်းချောင်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက်  အသက်တစ်ရှိုက်အတွင်း သူ့နှလုံးရှိရာဆီမှ မသဲမကွဲ ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ထို့နောက် သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်ဘက်ဆီသို့ အသက်မဲ့ ပုစွန်တစ်ကောင်နှယ် လွင့်စင်သွားလေတော့သည်။
ယင်းချောင်ထျန်းက ဒေါင်ရမ်းအင်ပါယာမြို့တော်၏ ကြီးမားလှသော နံရံများနှင့် တိုက်မိသွားကာ အုတ်ခဲကျိုးများကြား ချောကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ မြေပြင်က တုန်လှုပ်သွားရပြီး သဲများနှင့် ဖုန်မှုန့်များ လွင့်ပျံတက်လာလေသည်။
ပတ်ပတ်လည်ရှိယင်းမိသားစု၏အစောင့်များသည် ယင်းချောင်ထျန်း မြို့တော်နံရံများ၏ အောက်ခြေရှိ တွင်းနက်နက်ထဲ၌ လှုပ်ရှားမှုမဲ့စွာ လဲနေသည်ကို ကြည့်ရင်း အသိစိတ်လွတ်သွားကြသည်။
မြို့တော်ဂိတ်များ၏ အောက်၌ အံ့သြမှင်သက်နေသည့် ယင်းမိသားစု၏ စစ်သည်အုပ်စုတစ်စု ရှိပေသည်။
ဤသည်မှာ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားလှသည့် မဟာအကြီးအကဲယင်းချောင်ထျန်း ဟုတ်ပါ၏လော။
အဝေး၌ ရှိနေသည့် သိုင်းဝိညာဉ်ကမ္ဘာက လူများသည် လည်း ထိုတခဏအတွင်း အဖြစ်အပျက်ကို မျက်မြင်တွေ့လိုက်ရသည်။ သို့သော် သူတို့က သူတို့ရှေ့မှောက်ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိကြသည်။
ရှောင်လုံက ပတ်ပတ်လည်ရှိ ယင်းမိသားစု၏ အစောင့်များနှင့် စစ်သည်များကို နည်းနည်းလေးမှ အာရုံမစိုက်ပေ။ ရှေ့သို့ တစ်လှမ်းချင်း လှမ်းလိုက်ကာ သူက ယင်းချောင်ထျန်း၏ အထက်သို့ ရောက်သွားလေသည်။
"မင်းတို့အားလုံး သိုင်းဝိညာဉ်ကမ္ဘာကို ဘယ်တုန်းကမှ မလာခဲ့သင့်ဘူး!"
ရှောင်လုံက ထိုးဖောက်မတတ်အကြည့်ဖြင့် အောက်ရှိ ယင်းချောင်ထျန်းကို ကြည့်လိုက်သည်။
မင်းတို့ ရောက်လာမှတော့ ပြန်သွားစရာ မလိုတော့ဘူး!
မင်းတို့ထဲက ဘယ်သူမှ ပြန်သွားလို့ မရနိုင်ဘူး!
ရှောင်လုံ မျက်လုံးထဲရှိ လူသတ်လိုစိတ် အငွေ့အသက်များသည် မြင့်တက်လာလေသည်။
ချိုင့်တွင်းထဲမှ ချောင်းတဟွတ်ဟွတ်ဆိုးသံ ထွက်ပေါ်လာပြီး ယင်းချောင်ထျန်း ပါးစပ်ထဲမှ ညစ်ပတ်သည့် သဲမှုန်များ ဖူးခနဲ ထွက်လာသည်။ သူက မြေကျင်းထဲမှ တက်ရန် အလွန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရသည်မို့ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ ရောယှက်နေသည့် ကြောက်ရွံသောအကြည့်ဖြင့် ရှောင်လုံကို ကြည့်လိုက်လေသည်။ ယင်းချောင်ထျန်းက အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်မိသည်။
"မင်း...ဟောင်ရှောင်လုံ အစစ်မှ ဟုတ်ရဲ့လား?"
သူ၏ စိတ်ထဲတွင်တော့ နှစ်တစ်ရာကျော်သည် ဆိုရုံမျှသာ ကျင့်ကြံထားသည့် လူတစ်ယောက်သည် ဤမျှထိ သန်မာနေသည်ကို ယုံကြည်ရန် ငြင်းပယ်နေမိသည်။
ဖြစ်နိုင်ချေအရှိဆုံးမှာ ထိပ်တန်းအင်အားစု၏ သိုင်းပညာရှင်တစ်ယောက်က ပုံရိပ်ယောင် ပညာရပ်ကို သုံး၍ ဟောင်ရှောင်လုံ အယောင်ဆောင်ကာ သူ့ကို ရိုက်နှက်လာခြင်း ဖြစ်ပေလိမ့်မည်။
ဤ ဟောင်ရှောင်လုံသည် အတုကြီး ဖြစ်ပေမည်။
ရှောင်လုံ ထိုမေးခွန်းကို ကြားလိုက်ချိန်၌ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"မင်း ဘယ်လိုထင်လဲ?"
ယင်းချောင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလာလေသည်။
"ဆရာကြီး...ဟောင်ရှောင်လုံက ကျွန်တော်တို့ ယင်းမိသားစုကို တိုက်ခိုက်ပေးဖို့အတွက် ဆရာကြီးကို အကျိုးအမြတ် ဘယ်လောက်ထိ ပေးလဲဆိုတာ ကျွန်တော် မေးလို့ရမလား?ဟောင်ရှောင်လုံက ဆရာကြီးကို ဘယ်လို အကျိုးအမြတ်မျိုးပဲ ပေးထားပါစေ...ကျွန်တော်တို့ ယင်းမိသားစုက နှစ်ဆပေးဖို့ ဆန္ဒရှိပါတယ်!"
ယင်းချောင်ထျန်းသည် သူ့အရှေ့မှလူကို ယင်းမိသားစုအား တိုက်ခိုက်ပေးရန် ရှောင်လုံ ငှားထားသည့်သူဟု လုံးဝ ယုံကြည်နေလေသည်။
ရှောင်လုံ သူ့ခေါင်းကို ယမ်းလိုက်မိသည်။ ဒီလူ၏ ပေါက်ကရစကားများကို နားထောင်နေခြင်းသည် သူ့အချိန်များကို ဖြုန်းတီးနေမိသလို ခံစားမိပေသည်။ သူက သူ့လက်ကို မြှောက်ကာ ယင်းချောင်ထျန်းကို အဆုံးသတ်ပစ်ရန်အပြင် ယင်းချောင်ထျန်းက လွှတ်ခနဲ အော်ပြောလိုက်လေသည်။
"ကျွန်တော်တို့ ယင်းမိသားစုက လီမိသားစုရဲ့ လက်အောက်ခံမိသားစုပဲ...ဆရာကြီး...ခင်ဗျား လီမိသားစုကို သိတယ်မလား?ပင်လယ်ကိုးခုကမ္ဘာက ထိပ်တန်းအင်အားစုထဲက တစ်ခု ဖြစ်တဲ့ လီမိသားစုလေ!"
ရှောင်လုံ၏ စိတ်ထဲမှ ကြိတ်ကာ အံ့အားသင့်သွားလေသည်။ ယင်းမိသားစုသည် လီမိသားစု၏ လက်အောက်ခံလုပ်ရန် ဆန္ဒရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
အရင်အချိန်က ရှဲ့ပူတိသည် ကျိုးဝမ်ရှန်းဟု အမည်ရသည့် မိန်းကလေးတစ်ယောက်ကို သဘောကျဖူးသည်အား ရှောင်လုံ မှတ်မိလိုက်ပေသည်။ ထိုမိန်းကလေးသည် လီမိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ၏ သား လီကျီရှုံး နှင့် လက်ထပ်ရန် သတ်မှတ်ထားသူ ဖြစ်သည်။
ရှောင်လုံ၏ အတွေးနက်နေသည့် အမူအရာကြောင့် စိုးရိမ်ပူပန်မှု ခံစားသွားရသည် ဟု ယင်းချောင်ထျန်း ထင်လိုက်မိသည်။ သူ ထပ်တွေးလိုက်မိသည်က လီမိသားစုကဲ့သို့ ထိပ်တန်းအင်အားစုကို အနက်ရောင်လိပ် ကြယ်စင်စုထဲတွင် မကြောက်ရွံ့သည့်သူ ရှိနိုင်ပါမည်လော။
ဤသို့ တွေးလိုက်မိပြီးနောက် ယင်းချောင်ထျန်း၏ မျက်နှာထက်၌အပြုံးတစ်ခုပေါ်လာလေသည်။
"ဆရာကြီး မှာ မယုံနိုင်လောက်တဲ့ စွမ်းအား ရှိနေတာကို ကျွန်တော်တို့ ယင်းမိသားစုက လီမိသားစုဆီ တင်ပြပေးပါ့မယ်...ဆရာကြီးရဲ့ ခွန်အားနဲ့သာဆိုရင်...လီမိသားစုကို အပြည့်အဝ အလုပ်အကျွေးပြုလိုက်တာနဲ့...အဆင့်အတန်းမြင့်မြင့် ရသွားဖို့ အချိန်မယူရလောက်ဘူး လို့ ကျွန်တော် ယုံတယ်!"
ရုတ်ချည်းဆိုသလို ရှောင်လုံ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး ဆိုးညစ်သည့် အပြုံးတစ်ခု ပေါ်လာလေသည်။ သူ့ ညာဘက်လက်ဆီမှ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်မှ ယင်းချောင်ထျန်းကို သူ့ညာဘက်လက်ဆီ ဆွဲယူလိုက်သည်။ ထို့နောက် သူ့ ဘယ်ဘက်လက်က စွန်ကုပ်သဏ္ဍာန် ကွေးညွတ်သွားပြီး ယင်းချောင်ထျန်း၏ ဦးခေါင်းခွံထဲသို့ ထိုးစိုက်လိုက်လေသည်။ တစ်ချက် မွှေလိုက်ကာ ဆွဲဆုတ်လိုက်သည်နှင့် ယင်းချောင်ထျန်း၏ ခေါင်းက သူ့ပုခုံးများဆီမှ အဖြုတ်ခံလိုက်ရသည်။
သူခေါင်းကို ဆွဲဖြုတ်ခံရချိန်တွင်ပင် ယင်းချောင်ထျန်းသည် ရှောင်လုံက သူတို့ယင်းမိသားစုသည် လီမိသားစု လက်အောက်ခံမှန်း သိရှိလိုက်ပြီးနောက်၌ သူ့ကို သတ်ဖြတ်ရဲခြင်းကို နားမလည်လိုက်ပေ။ သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
သို့သော် သူ့၌ အဖြေကို သိရှိရန် မည်သည့် အခွင့်အရေးမှ မရရှိတော့ပေ။
ရှောင်လုံ၏ လက်ထဲ၌ အစစ်အမှန် အင်မော်တယ် အဆီအနှစ်မီးတောက်က ထွက်ပေါ်လာပြီး ယင်းချောင်ထျန်း၏ စိတ်ဝိညာဉ်ကို အဆုံးသတ်သွားစေလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now