အလွန်တရာ စွမ်းအားကြီးမားသည့်  မီးတောက်များ ဖြစ်သည်လား?သို့သော် မိုးပြာရောင်နဂါးနတ်မီးတောက်သည် အလွန်တရာ စွမ်းအားကြီးမားသည့် မီးတောက် ဆိုသည်ထက် ပိုကြောင်း ရှောင်လုံ ခံစားလိုက်ရသည်။ အဘိုးအိုက သူ့ကို တစ်ခုခု သိုဝှက်ထားဟန်ရသည်။
ဖြစ်နိုင်သည်က မိုးပြာရောင်နဂါးနတ်မီးတောက် မည်မျှ အစွမ်းထက်ကြောင်း သိသွားပြီးနောက်တွင် သူ ဖိအား ကြီးကြီးမားမား ရသွားမည်ကို အဘိုးအိုက စိုးရိမ်နေခြင်း ပေလား?
"မိုးပြာရောင်နဂါးနတ်မီးတောက် နဲ့ ပေါင်းစပ်ပြီးတော့ ရှန်းမင်ကျီရဲ့ ခန္ဓာကိုယ်က မီးတောက်တွေနဲ့ အချိန်တိုင်း ပေါင်းစပ်နေတယ် တဲ့...ငါ ကြားတာတော့ သူ့ရဲ့စွမ်းအားကလည်း သိသိသာသာ တိုးလာပြီးတော့ နတ်ဘုရားအဆင့် ၇ နောက်ပိုင်းအဆင့်ကို ရောက်သွားပြီ ဆိုပဲ!"
"ဟင်္သာပြဒါးငှက်တက္ကသိုလ် ကျောင်းအုပ်ကြီး ရဲ့ တပည့် ဟဲ့ဖေးဖန်နဲ့ အဖြူရောင်ကျားတက္ကသိုလ် ကျောင်းအုပ်ကြီး တပည့် ဝမ်ကျန့်ရှင်း တို့လည်း ဒီမှာ လာပြိုင်ကြမယ်တဲ့...သူတို့ နှစ်ယောက်လုံးကလည်း နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့်ကို ရောက်နေပြီးတော့ အဆင့်တက်ခါနီးတောင် ဖြစ်နေကြပြီ...ပြီးတော့ သူတို့ရဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည် ကလည်း မဟာဆေးပညာရှင် အဆင့်ကို ရောက်နေပြီဆိုတာ မေ့ထားလို့မရဘူး...သူတို့ကလည်း ဒီတစ်ခေါက် ဆေးဘုရင်ဘွဲ့ ကို ရဖို့အတွက် မှန်းထားကြတယ်!"
"အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့တပည့် ဟောင်ရှောင်လုံကလည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မယ်လို့ ငါ ကြားထားတယ်...ဒါက အမှန်လားဆိုတာကို ငါသိချင်နေတာ... သူ့ရဲ့ ကျင့်ကြံခြင်း အရည်အချင်းက ကြယ်စင်စုလေးစုထဲမှာ နံပါတ်တစ် လို့ ဆိုနိုင်ပေမယ့် သူ့ရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်က ဘယ်လိုရှိလဲ ဆိုတာကိုတော့ ဘယ်သူသိပါ့မလဲ"
"သူ့ရဲ့ ကျင့်ကြံခြင်းအရည်အချင်း က ကြယ်စင်စုလေးစု လုံးမှာ အမြင့်ဆုံး ဖြစ်နေတော့ရော ဘာဖြစ်သလဲ?ဒါက သူ့ရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်ကလည်း ကောင်းလိမ့်မယ်လို့ သက်သေပြနိုင်တာမှမဟုတ်တာ...ကျင့်ကြံခြင်းမှာ ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီး ရှိတာပဲ...ဒါပေမယ့် သူတို့က သာမန် ဆေးဖော်စပ်ခြင်းစွမ်းရည် လောက်ပဲ ပိုင်ဆိုင်ကြတာပဲကို...ဒီတစ်ကြိမ်မှာ ရှန်းမင်ကျီက ဟောင်ရှောင်လုံကို မဟာဆေးပညာရှင်ပြိုင်ပွဲမှာ အနိုင်ယူပြီး သူ့ရှေ့မှာ ဒူးထောက်ခိုင်းပြီးတော့ ဘိုးဘေးလို့ ခေါ်စေမယ်လို့ ကြွေးကြော်ထားတယ်ကွ!"
ဤသည်ကို ကြားလိုက်ချိန်၌ ရှောင်လုံ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားပြီး ပြောလိုက်သည့်သူကို လှည့်ကြည့်လိုက်သည်။
သို့သော် ထိုလူက ရှောင်လုံ၏ အမူအရာကို သတိမထားမိဘဲ ဝံ့ကြွားဟန်ဖြင့် ပြောနေလေသည်။
"မင်းတို့ကို အရိုးသားဆုံးပြောရရင် ရှန်းမင်ကျီက ဝူကျိနတ်ဆေးလုံး တစ်အိုးကို သုံးနာရီထဲနဲ့ သန့်စင်နိုင်ခဲ့တာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာကွ!"
အခြားလူသုံးယောက်သည် ကြောင်အသွားလေသည်။
"အင်မော်တယ်အဆင့် နတ်ဆေးလုံးဖြစ်တဲ့ ဝူကျိနတ်ဆေးလုံး လား?"
ထို့အပြင် သုံးနာရီမျှသာ ကြာသည်လား?
ဤသည်မှာ တုန်လှုပ်စရာပင် ဖြစ်သည်။ ၎င်းသည် အချို့သော မဟာဆေးပညာရှင်များ လုပ်နိုင်စွမ်းထက်ပင် သာလွန်နေပေသည်။
"ကြည့်...အခုတော့ လန့်သွားကြပြီမလား?"
ထိုသူ့၏ မျက်နှာထက်၌ ဘဝင်ခိုက်နေဟန် ပေါ်ပေါက်လာလေသည်။
" မင်းတို့ကောင်တွေ ဟောင်မျိုးရိုးနဲ့ သူ့နာမည်က ရှောင်လုံ ဆိုလား ဘာလားပဲ အဲ့ကောင်က ဒီလိုမျိုး လုပ်နိုင်လိမ့်မယ်လို့ ထင်လား?သူက ဝူကျိနတ်ဆေးလုံး တစ်အိုးကို သုံးနာရီနဲ့ သန့်စင်ပြနိုင်လား?သုံးနာရီကို မေ့ထားလိုက်ဦး...သူ့ကို သုံးနှစ်...နှစ်ပေါင်းသုံးရာအထိ ပေးမယ်ကွာ...သူ ဒါကို လုပ်နိုင်မှာမဟုတ်ဘူးလို့ ငါပြောရဲတယ်!
အံ့အားသင့်ဖွယ်ကောင်းစွာပင် လမင်းဆင်းသက်ခြင်းအဘိုးအိုက ထိုစကားကို ကြားချိန်၌ ဒေါသထွက်မသွားပေ။ ထို့နောက် သူက ရှောင်လုံကို ချိုသာစွာ ပြုံးပြ လိုက်လေသည်။ 
"ကောင်လေး...ကြည့်ရတာ ဒီ မဟာဆေးပညာရှင်ပြိုင်ပွဲမှာ မင်းကို သဘောကျတဲ့သူ သိပ်မရှိဘူး ထင်တယ်"
ရှောင်လုံက သူ့၏ သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်လိုက်လေပြီး သူမျက်နှာက တည်ကြည် အေးစက်နေလေသည်။
"အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ အကဲဖြတ်စစ်ဆေးပွဲတုန်းကလည်း...ကျွန်တော့်ဆရာ ဖုယန် အပါအဝင် ဘယ်သူကမှ ကျွန်တော့်ကို သဘောမကျခဲ့ကြဘူး...ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်က နံပါတ်တစ်ပဲလေ !"
လမင်းဆင်းသက်ခြင်းအဘိုးအိုက ရှားရှားပါးပါး သဘောကျစွာပြုံးပြလာသည်။
"ကောင်းတယ်ကွာ!ဘယ်လောက်တောင် အထက်စီးဆန်၊ သူရဲကောင်းဆန် ၊ နွားရိုင်းလို စွမ်းအားကြီးပြီး တော်ဝင်မြင့်မြတ်လိုက်သလဲ!"
ရှောင်လုံ သူ့မျက်လုံးကိုသာ လှန်ကြည့်လိုက်မိသည်။
'ဒီ အဘိုးကြီး ကတော့...ဘာ နွားရိုင်းလို လဲ?ဘာကို စွမ်းအားကြီးတာလဲ? ဘာ တော်ဝင်မြင့်မြတ်တာလဲ?အဓိပ္ပါယ်မရှိတာတွေချည်းပဲ!'
တိတ်တဆိတ် ထိုင်နေသည့် ရှောင်ဖေးက ဆရာတပည့်နှစ်ယောက်၏ စကားဝိုင်းကို ကြည့်ရင်း ပြုံးနေလေသည်။
"ကောင်းပြီ၊ ကောင်းပြီ...ငါတို့ စိတ်ကျေနပ်တဲ့အထိ အဝသောက်ကြတာပေါ့!"
လမင်းဆင်းသက်ခြင်းအဘိုးအို က တိုက်တွန်းလိုက်လေသည်။
"ဒါပြီးရင်တော့ ငါတို့ မဟာဆေးပညာရှင်အဖွဲ့အစည်းကို သွားဖို့လိုတယ်"
"မဟာဆေးပညာရှင်အဖွဲ့အစည်းကိုလား?"
ရှောင်လုံ စဉ်းစားမရဖြစ်သွားသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုက စိတ်အနှောင့်အယှက် ဖြစ်သွားသလို ဟန်ဆောင်လိုက်သည်။
"မဟာဆေးပညာရှင်ပြိုင်ပွဲ ကို မင်းက နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား?ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် ပထမဆုံးနဲ့ အရင်ဆုံးလိုအပ်တာက အဖွဲ့အစည်းကနေ အသိအမှတ်ပြုထားတဲ့ ဆေးပညာရှင်ဖြစ်ကြောင်းပြ တံဆိပ်ပြားပဲ...မင်းက ဆေးပညာရှင် တံဆိပ်ပြား မရှိဘဲ ပြိုင်ပွဲကို ဘယ်လိုများ ဝင်ပြိုင်မလို့လဲ?"
ရှောင်လုံက ရှက်ပြုံးပြုံးလိုက်မိသည်။ သူက တကယ့်ကိုပင် မဟာဆေးပညာရှင်ပြိုင်ပွဲနှင့် ပတ်သတ်သည့် ကိစ္စများကို အာရုံမရောက်ခဲ့ပေ။ သူ့၏ အချိန်အများစုသည် ရွှေရောင်နဂါးတောင်ထွတ်၌သာ ကုန်ဆုံးခဲ့ရပေသည်။ ကျင့်ကြံခြင်း အပြင် သူက သူ့၏ ဆေးဖော်စပ်ခြင်းစွမ်းရည် ကိုသာ လေ့ကျင့်နေခဲ့သည်။ ထို့ကြောင့် မဟာဆေးပညာရှင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုသို့ လိုအပ်ချက်တစ်ခုရှိနေသည်ကို သူ တကယ်ပင် မသိခဲ့ပေ။
အဘိုးအိုက သူ့ကို အဖွဲ့အစည်းဆီ ခေါ်သွားချင်သည့် အကြောင်းအရင်းကို ပြောပြမှသာ သူ သိလိုက်ရခြင်း ဖြစ်သည်။
တော်ဝင်ဆေးအရက်ဝိုင်ကို ကန့်သတ်ရောင်းချသည်မို့ သူတို့ စိတ်ကျေနပ်စွာ တင်းတိမ်ရောင့်ရဲသည်ထိ သောက်ရန်အတွက် အရက်မရှိတော့ပေ။
စားသောက်ဆိုင်ပိုင်ရှင် ထန်းချိုင်ကျီ ယူလာပေးသည့် ဝိုင်အိုး ကုန်သွားပြီးနောက် လမင်းဆင်းသက်ခြင်းအဘိုးအိုက ထပ်မံသောက်ချင်နေသေးဟန်ဖြင့် ဗိုက် ပွတ်လိုက်ရင်း ထရပ်လိုက်လေသည်။ သူတို့သုံးယောက်သားသည် စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ သို့သော် မသွားခင် တစ်ယောက်ကို ဝိုင်နှစ်အိုးစီ ယူခဲ့ကြသေးသည်။
ဟုတ်ပေသည်...ကုန်ကျငွေသည်ကား ရှောင်လုံ၏ အိတ်ထဲမှ ထွက်သွားခြင်း ဖြစ်သည်။
ဤနေရာသို့ မရောက်သည်မှာ နှစ်ပေါင်းတစ်သောင်းမက ကြာရှည်နေပြီ ဖြစ်သော်ငြား လမင်းဆင်းသက်ခြင်းအဘိုးအိုသည် လမ်းမများကို အလွန်တရာ ရင်းနှီးစွာဖြင့် ကျွမ်းကျွမ်းကျင်ကျင် သွားနေလေသည်။ အချိန်ကာလများ ကုန်ဆုံးသွားသော်လည်း မြို့တော်ကမူ ပြောင်းလဲမသွားပေ။
မကြာမီ၌ သူတို့သည် မဟာဆေးပညာရှင်အဖွဲ့အစည်း၏ ဋ္ဌာနချုပ်သို့ ရောက်သွားလေသည်။ ရှောင်လုံနှင့် ရှောင်ဖေးတို့က လမင်းဆင်းသက်ခြင်းအဘိုးအို၏ နောက်မှ ဝင်ရောက် လိုက်ပါလာသည်။
သူ့ရှေ့မှောက်ရှိ တဖိတ်ဖိတ်တောက်ကာ ကျက်သရေအပေါင်း ခညောင်းနေပါသည့် အဆောက်အဦကြီးကို ကြည့်ရင်း လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်လုံးထဲ၌ ခံစားချက်ပေါင်းစုံ ယှက်သန်းလာသည်။ ၎င်းခံစားချက်များသည်ကား အတိတ်ကို လွမ်းမောတသခြင်း၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု တို့အပြင် နောင်တအငွေ့အသက်သည်လည်း ရောယှက်နေပေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်ဝန်းထဲရှိ နောင်တအငွေ့အသက်ကို သတိထားမိလိုက်သည်၌ ရှောင်လုံ ထူးဆန်းသလို ခံစားလိုက်ရသည်။ မဟာဆေးပညာရှင်အဖွဲ့အစည်းနှင့် ပတ်သတ်၍ မည်သို့သော နောင်တရစရာကိစ္စ ရှိနေပါသနည်း။
"ငါ ဒီနေရာကို နောက်ဆုံးလာခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သောင်းအကြာကပေါ့"
လမင်းဆင်းသက်ခြင်းအဘိုးအိုက သက်ပြင်းချလိုက်သည်။
"အတွင်းပိုင်းက ပြောင်းလဲသွားပြီလား ဆိုတာကို ငါ တကယ် သိချင်မိတယ်...လာကြ...အထဲဝင်ကြရအောင်"
ထိုသို့ ပြောလိုက်ပြီးနောက် သူက တံခါးပေါက်ထဲသို့ ခြေတစ်လှမ်း စလှမ်းလိုက်သည်။ တံခါးဝ၌ မည်သည့် အစောင့်မှ မရှိသောကြောင့် သူတို့၏ လှုပ်ရှားသွားလာမှုကို ဘယ်သူကမှ နှောင့်ယှက်လာခြင်း မရှိပေ။ အကြောင်းမှာကား မည်သူကမှ မဟာဆေးပညာရှင်အဖွဲ့အစည်းထဲတွင် ပြဿနာ လာမရှာရဲ ဟု ယုံကြည်ထားကြသောကြောင့် ဖြစ်သည်။
ရှောင်လုံနှင့် ရှောင်ဖေးတို့က လမင်းဆင်းသက်ခြင်းအဘိုးအိုနောက် လိုက်သွားကြသည်။
တံခါးဝကို ဖြတ်သန်း ဝင်ရောက်ပြီးနောက် သူတို့က ခန်းမကျယ်ကြီးထဲသို့ ရောက်သွားကြသည်။ ခန်းမ၏ ထောင့်လေးထောင့်တွင် ရှေးခေတ်အော်ရာများ ထုတ်လွှတ်နေသည့် ဆေးမီးဖိုများ ရှိနေပြီး ဆေးရနံ့ဖျော့ဖျော့သည်လည်း ပျံ့လွင့်နေလေသည်။
ရှောင်လုံ မမျှော်လင့်ထားသည်မှာကား အထဲ၌ လူအုပ်ကြီး ရှိနေသောကြောင့် ဖြစ်သည်။ ကြယ်စင်စုလေးစုလုံးရှိ လူများစွာသည် မဟာဆေးပညာရှင်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အလျှင်အမြန် ရောက်ရှိလာခဲ့ကြသည်။ ရှောင်လုံကဲ့သို့ပင် တစ်ချို့လူများသည်လည်း သူတို့၏ ဆေးပညာရှင်ဖြစ်ကြောင်း သက်သေခံ တံဆိပ်ပြားမရသေးသောကြောင့် ရောက်လာကြခြင်း ဖြစ်သည်။ အခြားသူများမှာမူ သူတို့၏ သူငယ်ချင်းအပေါင်းအသင်းများနှင့် တက်ကြွသည့် မြင်ကွင်းကို ကြည့်ရန်  လိုက်ပါလာကြသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုက မဟာဆေးပညာရှင်အဖွဲ့အစည်း၏ မဟာအကြီးအကဲ ဖြစ်သော်လည်း သူက သူ့၏ နောက်ခံကို ထုတ်ဖော်မပြသပေ။ ထိုအစား သူက ရှောင်လုံကို တန်းစီပြီး နံပါတ်တစ်ခုယူစေကာ ကိုယ့်အလှည့်ကို ရိုးရိုးသားသား စောင့်ဆိုင်းနေရန်သာ ပြောလေသည်။
ရှောင်လုံက သူ့အလှည့်သို့ ရောက်ရန် စောင့်ဆိုင်းနေချိန်၌ အိမ်သို့ စုတ်စုတ်ပြတ်ပြတ် ပြန်သွားရရှာသည့် လင်းယန်ဟန်သည် သူ့၏ လက်အောက်ငယ်သား၏ အစီအရင်ခံမှုကို နားထောင်နေသည်။ အကြောင်းအရာမှာကား ရှောင်လုံသည် မဟာဆေးပညာရှင်အဖွဲ့အစည်းသို့ ဆေးပညာရှင်အဖြစ် တံဆိပ်ပြား ရယူရန် သွားကြောင်းပင် ဖြစ်သည်။ ဤအကြောင်းကို ကြားလိုက်ချိန်၌ လင်းယန်ဟန်က အားရကျေနပ်စွာ အော်ရယ်ချလိုက်သည်။
"ဆေးပညာရှင်အဖြစ် အသိအမှတ်ပြုဖို့အတွက် တံဆိပ်ပြားတဲ့လား?ကလေကချေကောင်...ဒီသခင်လေးက မင်းကို သေတဲ့အထိ ဘယ်လိုကစားပစ်မယ်ဆိုတာကို စောင့်နေလိုက်စမ်းပါ!"
သူက ချက်ချင်းဆိုသလိုပင် လက်အောက်ငယ်သားတစ်စုကို ဦးဆောင်လိုက်ပြီး မဟာဆေးပညာရှင်အဖွဲ့အစည်း၏ ဋ္ဌာနချုပ်သို့ ဦးတည်လိုက်လေသည်။
သူက သူ့အဖေကဲ့သို့ အကြီးအကဲတစ်ယောက် မဟုတ်သော်လည်း မဟာဆေးပညာရှင်အဖွဲ့အစည်း၏ ခန်းမသခင်တစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် သူက အလယ်အဆင့် ခန်းမသခင်လည်း ဖြစ်နေပေသည်။
ရှောင်လုံက အကဲဖြတ်ပွဲကို အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူ့ထံမှ စကားတစ်ခွန်းသည် ရလဒ်အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now