အခန်း ၄၁ (Unicode+Zawgyi)

Start from the beginning
                                    

အခန်းထဲမှ နွားနို့ခွက်ကိုယူပြီး တီလေးပြန်ထွက်သွားသောအခါတွင် ရန်စစ်လည်း ဖတ်လက်စ ဆေးပညာစာတမ်းကို မြန်မြန်ဖတ်ကာ laptopကိုပိတ်ချလိုက်သည်။ရေချိုးခန်းထဲသို့ဝင်ကာ သွားတိုက်ပြီးမျက်နှာသစ်ကာ လင်းထိန်နေသော အခန်းမီးကိုသွားပိတ်လိုက်ပြီး ညအတွက်သာ သုံးသည့်မှိန်ပျပျ မီးသီးသေးသေးလေးကို ဖွင့်လိုက်သည်။ မီးသီးအလင်းရောင် မှိန်ပျပျနှင့်အတူ လရောင်ပါဖြာကျလေ့ရှိပေမယ့် ဒီနေ့ညက လကွယ်ညဖြစ်၍ အခန်းလေးထဲမှာ လရောင်ဖြာမကျနေပါ။

ကုတင်ပေါ်သို့ လှဲလျောင်းပြီး နဖူးပေါ်ကိုလက်တင်ကာ ရန်စစ်တစ်ယောက် လေပူတွေကိုမှုတ်ထုတ်လိုက်လေသည်။ ဒီအချိန် အမြဲတမ်း အိပ်ခါနီးဆို မာန့်အကြောင်း သူတွေးဖြစ်သည်။ အရင်နှစ်တွေကလည်း ထိုအတိုင်းပင်။ဘယ်လောက်ပဲ သူ့ကိုနှလုံးသားတစ်ဖက်ခြမ်းကနာကျည်းနေပါစေ၊ကျန်တစ်ဖက်ခြမ်းကတော့ နှစ်နှစ်ကာကာ ချစ်မိနေဆဲ...။ သူ့အကြောင်းတွေကိုတွေးတိုင်း နာကျည်းမှုတွေကြားက မျက်ရည်တွေကြားက ရန်စစ်ပျော်သည်။ ကိုယ့်အပေါ် စိမ်းကားသွားသည့်တိုင် မေ့မရအောင်ချစ်ခဲ့သည်။ ထိုလူသားကို ရန်စစ် နောင်လည်းဆက်ချစ်သွားမည်။ သို့ပေမယ့် ဘယ်သောအခါမှတော့ ရန်စစ်ရဲ့အချစ်ကို အပေါစားတွေးခဲ့တဲ့ သူအရှေ့မှာ မပျော့ညံ့ချင်တော့။

မာန်ရဲထက်ဆိုသော လူသားဟာ ဟိုးငယ်ငယ်လေးကတည်းက ရန်စစ်ကို ပြုစားသွားခဲ့သည်။ သူငယ်ချင်းဘဝထဲက ရန်စစ်အပေါ်မှာ အမြဲနိုင်တတ်တဲ့သူ၊အတူတူကစားရင်တောင် အမြဲတမ်း သူပဲအနိုင်ယူတတ်တဲ့သူ၊ အဆုံးစွန်ထိ ရန်စစ်နှလုံးသားကိုပါ အနိုင်ယူသွားတဲ့သူ...။ ထိုလူကို သူဘယ်လိုလုပ်ပြီးတော့များ မုန်းလို့ရပါ့မလဲ?သိပ်ကို နာကျည်း​နေပေမယ့်လည်း လုံးဝကိုမုန်းလို့မရခဲ့...။ အရာရာကို စိုးမိုးသွားခဲ့သူကတော့ ရန်စစ်ကိုလည်း စကားတစ်ခွန်းထဲနဲ့ သူ့ကိုနာကျည်းစေဖို့ လုံလောက်စေခဲ့တယ်။

သူကယောက်ျားလေးမို့ ဘာမှတာဝန်ယူစရာ မလိုဘူးတဲ့လား...။

ထိုစကားက တွေးလိုက်တိုင်း အသည်းပေါက်အောင် နာကျင်ရသည်။ ခြေတော်တင်ချင်တိုင်းတင်ပြီး နိဂုံးက ထိုစကားတစ်ခွန်းတဲ့လား။ အဲ့ဒီလို စကားမျိုးထွက်ခဲ့သူရဲ့ နှုတ်ဖျားကနေ ထပ်ပြီးထွက်လာတဲ့ သိပ်ချစ်ပါတယ်ဆိုတဲ့ စကားကို ရန်စစ်ဘယ်လိုအတွေးမျိုးနဲ့ ယုံကြည်ဖို့ခွန်အားရှိရမှာလဲ? မာန်ရဲ့ချစ်တယ်ဆိုတဲ့စကားက ရန်စစ်အတွက် သိပ်ကြောက်ဖို့ကောင်းနေပြီ။ အကြိမ်ကြိမ်မျှော်လင့်ခဲ့ရတဲ့ စကားဖြစ်ပေမယ့် အခုချိန်မှာတော့ ဒီစကားကြားဖို့ သေမတတ်ကြောက်ရွံ့နေခဲ့ပြီ။

From My Tears...Where stories live. Discover now