အပိုင်း (၂၀၁) တောင်းပန်ပါတယ် လုယုံရိ
ကံကြမ္မာယုံသူကို သတ်ရန်မှာ အချိန်ယူပြီး စီစဉ်ရမည်ဖြစ်ပြီး ယခု ဦးစားပေး အာရုံစိုက်ရမည့် အရေးအကြီးဆုံးကိစ္စမှာ ချီယုံ၏ ဒဏ်ရာများနှင့် ထန်ပိ၏ ခန္ဓာကိုယ်ကို ဖြစ်သည်။
"ငါ ယူသွားတဲ့ မင်းရဲ့ နှလုံးကရော အရေးတကြီး အသုံးလိုတဲ့ ပစ္စည်းလား"
ကျန်းလော့က ရုတ်တရက် မေးသည်။ ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ ကျန်းလော့က ဆက်ပြောသည်။
"မင်း မင်းမှာ နောက်ဆုံး ယွမ်ထျန်းကျူးတစ်လုံး ထပ်ရရင် မင်းဝိညာဉ်ကို ပြည့်စုံသွားအောင် လုပ်နိုင်မှာလား"
ချီယုံသည် ကျန်းလော့၏ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီး ရုတ်တရက် နူးညံ့စွာ ရယ်မောလိုက်ကာ
"အွန်း"
ကျန်းလော့က ခေါင်းညိတ်လိုက်ပြီး ချီယုံ့ကို နည်းနည်းလောက်ထပ်ပြီး အနားယူရန်ပြောခဲ့ကာ ဝမ်ယမ်လန်နှင့် တွေ့ဆုံရန် ဖုန်းခေါ်ပြီး ချိန်းဆိုခဲ့သည်။
ချီယုံနိုးလာသောအခါ သူသည် ဘာမှ အများကြီး စိုးရိမ်စရာမရှိတော့ပေ။ ကျန်းလော့သည် တွေ့ဆုံမည့် နေရာကို တဝူတောင်အနီးတစ်ဝိုက်တွင် စီစဉ်ထားပြီး နဂါးသွေးကြောနှင့် အနည်းငယ် ဝေးဝေးတွင် ဖြစ်အောင် သေချာမှာခဲ့သည်။ ဝမ်ယမ်လန်သည် ရုတ်တရက် အသံတိုးသွားပြီး
"ကျန်းလော့ ချီယုံခေါ်လာတဲ့ လူတွေ ဘယ်ရောက်သွားလဲမသိဘူး တာအိုဆရာတော်ဝေ့ဟယ်နဲ့ ဒေသခံဧည့်လမ်းညွှန်ရယ် ကောဝူချန်ရယ်ကို ကောကျူက တစ်ယောက်ထဲ ပြန်သယ်လာတာပဲ"
"မင်းအခုထိ မသိသေးဘူးမို့လား သူတို့ကြားက အထင်လွဲတာတွေကို ဖြေရှင်းပြီးတော့ ကောကျူနဲ့ ကောဝူချန်တို့ ပြန်တည့်သွားပြီ ကောကျူအကြောင်းပြောရရင် သူက မင်းနောက်ကို တိတ်တိတ်လေး လိုက်သွားတာ ရှေးဟောင်းဂူသင်္ချိုင်းထဲအထိပဲ ပြီးတော့ ကောဝူချန်က မင်းရှေ့မှာ ပျောက်သွားတော့ ကောကျူက အရမ်းစိုးရိမ်သွားပြီး လိုက်ရှာရော အဲ့မှာ ရက်နည်းနည်းကြာအောင် ရှာပြီးတော့မှ ကောဝူချန်ကို ရှာတွေ့တာ ကောဝူချန်ကို ရှာတွေ့တော့ ကောဝူချန်ကကွာ ကျောက်တုံးကြီးတစ်တုံးကို ဖက်ပြီး ကောကျူနာမည်ခေါ်ခေါ်ပြီး အော်ငိုနေတာ ကျောက်တုံးကို ကောကျူလို့ ထင်နေတာဖြစ်လောက်တယ် သူတို့နှစ်ယောက် ဂူထဲမှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲတော့ မသိဘူး ကောကျူပြန်ရောက်လာတော့ မျက်လုံးတွေ နီရဲနေပြီး မျက်ရည်တွေနဲ့ ပြန်ရောက်လာတာ"
သတင်းသည် အလွန်အံ့ဩစရာကောင်းသည်ထင်၏ ဝမ်ယမ်လန်လို နှုတ်နည်းသည့်သူပင် စကားပြော မရပ်နိုင်ပေ။
"မင်း ဘယ်သွားလိုက်တာလဲတော့မသိပေမဲ့ ကောဝူချန်နဲ့ ဆရာတော် ဝေ့ဟယ်တို့ကတော့ တောက်လျှောက် ငါတို့နဲ့ရှိနေတာ ငါတို့ ကောကျူနဲ့အတူတူ ဂူဆီသွားလိုက်သေးတယ် ဒါပေမဲ့ ငါတို့ရောက်သွားတော့ ဂူက ပြိုကျနေပြီ မင်း အဲဒါရော သိပြီးပြီလား"
"စကားမစပ် အဲ့ဒီ ထန်ပိကရော ဘယ်မှာလဲ"
ဝမ်ယမ်လန်က မေးရင်း ယယ်ရွှင်နှင့်အတူ မှိုခူးနေသော လုယုံရိကို တစ်ချက်လှမ်းခိုးကြည့်လိုက်သေးသည်။ ထို့နောက် အနည်းငယ် အလှမ်းဝေးသည့် နေရာကို သွားလိုက်ပြီး
"သူ ဘယ်သွားလိုက်တာလဲ သူမင်းနဲ့ အတူရှိနေတာလား သူမင်းနဲ့ရှိနေရင်တော့ တော်သေးတယ် ငါက သူတစ်နေရာရာမှာ ပုန်းနေပြီး လုယုံရိရှေ့ ခုန်ထွက်လာမှာပဲ ကြောက်တာ မင်း မသိဘူး လုယုံရိက မင်းတို့တွေ တောင်ပေါ်တက်လာတုန်းက သူ့ကို မြင်သွားတော့မလို့လေ ဒါပေမဲ့ ငါမြန်မြန် သူ ထန်ပိကို မမြင်လိုက်အောင် လုယုံရိရဲ့ မှန်ဘီလူးကို ကာလိုက်လို့ တော်သေးတယ်"
ထိုစကားနောက်တွင် ကျန်းလော့သည် သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားသလို ခံစားလိုက်ရပြီး ရုတ်တရက် ဆို့နစ်ဝမ်းနည်းလာကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ငါတို့ တောင်ပေါ်တက်လာတာကို မင်းတို့ မြင်ခဲ့တာလား"
ဝမ်ယမ်လန်က ပြောသည်။
"ဟုတ်တယ်လေ"
ကျန်းလော့ "မင်းသာ မှန်ဘီလူးကို မပိတ်လိုက်ရင် လုယုံရိက ထန်ပိကို မြင်သွားမှာလား"
ဝမ်ယမ်လန်က အတည်ပြုသည်။
" ဟုတ်တယ်"
ကျန်းလော့သည် ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူသည် မီးဖိုဆောင်ထဲတွင် မီးခြစ်တစ်ခု တွေ့ပြီး ယူလိုက်ကာ ပိတ်လိုက်ဖွင့်လိုက်လုပ်သည်။
ခြစ် ခြစ်
မီးတောက်တောက်လာလိုက် ပြန်ငြိမ်းသွားလိုက် အကြိမ်ပေါင်းများစွာ ဖြစ်နေသည်။
ကျန်းလော့၏ လည်ချောင်းတွင် တစ်ဆို့ဆို့ကြီး ဖြစ်လာပြီး ရုတ်တရက် ထန်ပိ၏ သေဆုံးမှုအကြောင်း လုယုံရိသိသွားလျှင် မည်မျှ ဝမ်းနည်းသွားမည်ကို တွေးပင် မတွေးရဲတော့ပေ။
ကမ္ဘာပေါ်တွင် လက်ခံနိုင်ရန် အခက်ခဲဆုံး ကိစ္စမှာ အထင်လွဲခြင်းဖြစ်သည်။
ဘယ်သူက ပြောနိုင်မှာလဲ။
ဝမ်ယမ်လန်ကာဆီးလိုက်သည့် မှန်ဘီလူးမှ အကြည့်သည် လုယုံရိ ထန်ပိကို နောက်ဆုံးမြင်နိုင်လိုက်မည့် အချိန်ဖြစ်သည်ကို မည်သူကများ ကြိုသိခဲ့နိုင်ပါမည်နည်း
အမှားတစ်ခုကြောင့် လွဲချော်သွားရသည့် အမှားသည် သင့်ကို ချက်ချင်းလက်ငင်း စိတ်ခံစားချက်များကို အဆုံးထိ ထိုးကျသွားအောင် ရိုက်ချနိုင်သည်ကို သိပါသလား
ကျန်းလော့သည် ထန်ပိ၏ နောက်ဆုံးစကားချန်ခဲ့သည့် စကားများကို သူကိုယ်တိုင် ဖြည့်စွက်ပြီး တွေးကြည့်မိသည်။
"တကယ်လို့ ... ထားလိုက်ပါ..."
"ငါ သူ့ကို နောက်ဆုံးတစ်ကြိမ်လောက် တွေ့ခွင့်ရခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...."
"ငါက အရင်ထဲက သေပြီးသားလူ မဟုတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ..."
"ငါသာ စောစော တောင်းပန်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ..."
ဤစကားများသည် ထန်ပိ ပြောမထွက်နိုင်သွားသော စကားများဖြစ်သည်။ ကျန်းလော့၏ အသံသည် အနည်းငယ် ဝါးတားတား ဖြစ်နေပြီး
"သူက ငါနဲ့ မရှိနေဘူး... ပြီးတော့ သူက ရုတ်တရက်ကြီး ထွက်လာမှာ မဟုတ်ဘူး ငါ ပြန်ရောက်ရင် မင်းတို့ကို ပြန်ပြောပြမယ်...."
ဝမ်ယမ်လန်သည် သူ့အသံကို နားထောင်ရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ကြားပြီး တီးတိုးပြောလိုက်သည်။
"ကောင်းပြီ"
ကျန်းလော့သည် ဖုန်းချလိုက်ပြီး ခနလောက်ကြာအောင် ရပ်နေမိကာည အိမ်ရှင်မိသားစုဆီသို့ သွား၍ စီးကရတ်အချို့ ချေးပေးရန် မေးကြည့်လိုက်သည်။
အိမ်ရှင်၏ အကြီးဆုံးသားသည် သူ့အမျိုးသမီးနှင့် အိမ်ထဲတွင် သီးသန့်အချိန်ကုန်ဆုံးနေပြီး တံခါးခေါက်သံကြားသောအခါ မျက်နှာတစ်ခုလုံးနီရဲသွားပြီး ပြေးထွက်လာခဲ့သည်။ သူ့ဘောင်းဘီကို လက်တစ်ဖက်ထဲနင့် စုကိုင်ပြီး ကျန်းလော့လက်ထဲကို စီးကရက်များ ထည့်ပေးလိုက်ကာ
"မလို ပြန်ပေးဖို့ မလိုပါဘူး"
ကျန်းလော့သည် စိတ်ပျက်အားငယ်နေပြီး အမည်းငယ်သက်သာလာမှ အခန်းဆီသို့ ပြန်သွားခဲ့သည်။ သူအခန်းထဲသို့ ဝင်ဝင်ချင်း ချီယုံ၏ အကြည့်တို့ကို ရင်ဆိုင်လိုက်ရသည်။ ကျန်းလော့သည် အိပ်ရာပေါ်သွားလိုက်ပြီး ချီယုံ့ဘေးတွင် ဝင်ထိုင်လိုက်ကာ စီးကရတ်ဘူးကို ဖွင့်၍ ပြုံးလိုက်သည်။
သူသည် နောက်ဆုံးကျန်သော စီးကရက်ကို ယူထုတ်လိုက်ပြီး မီးငြှိလိုက်သည်။ စီးကရက်သည် အမျိုးအစားအကောင်းကြီးထဲမှ မဟုတ်သောကြောင့် လျင်မြန်စွာ ကုန်သွားပြီး ခါးသက်သက်အရသာနှင့် ခနအတွင်း ကုန်သွားပြီး ဖင်စီခံသည် လက်သည်းခွံလောက်သာ ပါသည်။
ချီယုံက လက်ဆန့်လာပြီး သူ၏ လက်ချောင်းဖြူဖျော့ဖျော့များသည် စီးကရက်ကို လာထိသောကြောင့် ကျန်းလော့က သူ့ကို ပေးလိုက်သည်။ လူနှစ်ယောက်သည် စီးကရက်တစ်လိပ်ကို အတူသောက်နေကြပြီး ကျန်းလော့သည် ရုတ်တရက် ကုတင်ပေါ်သို့ တက်လာပြီး ချီယုံ့ကို ဆွဲဖက်လိုက်သည်။ ချောမောသော မျက်နှာနှစ်ခုသည် မျက်နှာချင်းဆိုင်သွားပြီး မီးခိုးများကြားတွင် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။
မီးခိုးငွေ့များသည် သူတို့နှစ်ယောက်ကြားတွင် နူးညံ့သော ခံစားချက်တချို့ ပေါက်ဖွားလာစေကာ ကျန်းလော့နှင့် ချီယုံတို့သည် နူးညံ့သော အမူအယာများဖြင့် အကြည့်ချင်းဆုံနေကြသည်။
နှစ်ယောက်လုံးသည် အမျိုးသားတစ်ယောက်၏ နှလုံးသားထဲမှ အားနည်းချက်ကို ဖုံးကွယ်ထားချင်ကြပြီး ခံစားချက်များကို မည်သို့ ဖော်ပြရမည်မှန်း မသိကြပေ။
"ငါသေသွားပြီးတော့ ဘာဖြစ်ကြတာလဲ"
ကျန်းလော့သည် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး မေးသည်။ ချီယုံသည် သူ့ပါးစပ်ထဲမှ လက်ကျန် ဆေးလိပ်ငွေ့များကို ထပ်၍ မှုတ်ထုတ်လိုက်ပြီး တိုးတိတ်စွာ ဖြေခဲ့သည်။
"ကိုယ်မင်းကို ရေကန်ထဲက ဆယ်ခဲ့တယ် ထန်ပိက မင်းကို သူ့ရဲ့ ရှင်သန်ခြင်းထွက်သက်ကို ပေးလိုက်တယ်"
ကျန်းလော့သည်တောင့်သွားပြီး တိုးတိုးပြောလိုက်သည်။
"ရှင်းရှင်းလင်းလင်းပြော"
ချီယုံနှင့် ကျန်းလော့တို့သည် အကြည့်ချင်းဆုံနေကြသည်။
ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ စိတ်ခံစားချက်များသည် မျက်လုံးထဲတွင် အားလုံးမြင်နေရပြီး ထိုခံစားချက်များကို ချီယုံသည် ကောင်းကောင်းဖတ်နိုင်နေသည်။
ကျန်းလော့သည် သူ့မျက်လုံးထဲတွင် နာကျင်မှုများနှင့် နောင်တတရားများကို မည်မျှ သိမ်းဆည်းထားမိကြောင့် သူ့ကိုယ်သူ သတိထားမိမှာ မဟုတ်ပေ။
ချီယုံသည် သူ့လက်ထဲမှ စီးကရက်ကို ငြိမ်းသက်လိုက်ပြီး သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ကာ ကျန်းလော့ခေါင်းကို ဖိချလိုက်ပြီး ခါးစက်သော မီးခိုးနံ့နှင့် နှုတ်ခမ်းတို့ဖြင့် ဖိကပ်ပစ်လိုက်သည်။
ဘာမှထပ်မပြောဘဲ ကျန်းလော့ကို နမ်းလိုက်သည်။
...
နောက်တစ်နေ့တွင် ကျန်းလော့နှင့် ချီယုံတို့သည် သူတို့ချိန်းထားသည့် နေရသို့ ရောက်သွားကြသည်။
ထန်ပိ၏ ဓားကြီဂသည် ကျန်းလော့လက်ထဲတွင် ဆုပ်ကိုင်ထားခံရပြီး ကျန်းလော့က သူတို့ထွက်မလာခင်တွင် အိမ်ရှင်မိသားစုထံမှ အမည်းရောင် အဝတ်ပိုင်းတစ်ခုကို ငှားယမ်းခဲ့ပြီး ထန်ပိလုပ်နေကျအတိုင်း ဓားကို အနက်ရောင်အဝတ်ဖြင့် ပတ်လိုက်ကာ ဂရုတစိုက် ချည်နှောင်လိုက်သည်။
အဝေးမှပင် ကျန်းလော့သည် ဝမ်ယမ်လန်တို့ အုပ်စုကို လှမ်းမြင်ခဲ့သည်။
သူ၏ အမြင်အာရုံသည် ယခင်ကထက်ပင် ပို၍ ရှင်းလင်း ကြည်လင်လာသည်။ ဤအကွာအဝေးမှပင် သူ့သူငယ်ချင်းများ၏ စိုးရိမ်သောကရောက်နေသော မျက်နှာထားများ သို့မဟုတ် စိတ်သက်သာသွားသော မျက်နှာထားများကိုပါ ရှင်းလင်းစွာ မြင်နေရပြီး သူသည် အားလုံးကို သေချာကြည့်ပြီး နောက်ဆုံးတွင် လုယုံရိထံတွင် အကြည့်ရပ်သွားခဲ့သည်။
လုယုံရိသည် ယယ်ရွှင်နှင့် မတ်တပ်ရပ်နေပီဲး သူတို့နှစ်ယောက်သည် ကောကျူနှင့် ကောဝူချန်တို့၏ ပြန်လည်သင့်မြတ်သွားသည့် အခြေအနေကို တောက်ပကာ အတင်းအဖျင်းပြောချင်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ကောဝူချန်၏ မျက်နှာချောချောသည် မည်းမှောင်နေသော်လည်း ဇွတ်အတင်း သူ့ကိုယ်သူဖိအားပေးကာ ကြင်နာသနားတတ်သော အပြုံးကို အတင်းလုပ်ယူ ပြုံးနေရသည်။ မကြာခင်တွင် သူတို့လာနေသည်ကို ထိုအုပ်စု မြင်သွားလေသည်။
ကောကျူနှင့် လုယုံရိတို့သည် သူတို့ကို မမြင်ဘူးထင်၍ စိတ်အားထက်သက် နွေးထွေးစွာ လက်မြှောက်၍ နှုတ်ဆက်ကြပြီး ကောဝူချန်သည် ချီယုံ့ကို မြင်သည်နှင့် ရိုကျိုးသော လေးစားသော အသွင်ဖြစ်သွားကာ မျက်နှာသည် လေးနက်သွားသည်။
"နောက်ဆုံးတော့ မင်းတို့ ရောက်လာကြပြီ"
လုယုံရိသည် ကျယ်လောင်စွာ ပြောလိုက်သည်။
"လဝက်လုံးလုံး ဘယ်ရောက်နေကြတာတုန်း"
ထိုအချိန်တွင် ကျန်းလော့နှင့် ချီယုံတို့သည် သူတို့နားသို့ ရောက်လာပြီဖြစ်သည်။
ကျန်းလော့ ဒဏ်ရာမရနေသည်ကို မြင်ကြမှသာ ဝမ်ယမ်လန်နှင့် တခြားသူများသည် သူတို့အကြည့်ကို ချီယုံ့ထံသို့ ပြောင်းသွားကြပြီး အတွင်းအပြင် သေချာအကဲခတ်ကာ ရှော့ပင်းမောလ်ထဲမှ ပစ္စည်းများ ဝယ်မလို အားမနာစွာ ကြည့်ကြတော့သည်။
လွန်ခဲ့သော လဝက်အတွင်းတွင် ကောဝူချန်သည် သူတို့ကို နေ့ရောညပါ အားကြိုးမာန်တက် ဦးနှောက်ဆေးခဲ့သည်။ ချီယုံနှင့် ကျန်းလော့တို့သည် တစ်ယောက်အတွက် တစ်ယောက် ဖြစ်တည်လာကြတာ ဖြစ်ပြီး အားလုံးကို သူနှင့်ပူးပေါင်း၍ ချီယုံနှင့် ကျန်းလော့ အတူရှိအောင် ကြံဖန်ကြရန် စည်းရုံးထားခဲ့သည်။
သူ၏ ကြောင်တောင်တောင် အတွေးအခေါ်များသည် ယယ်ရွှင်ကို သက်ရောက်သွားခဲ့ပြီး ယခုဆိုလျှင် ယယ်ရွှင်သည် ကျန်းလော့နှင့် ချီယုံ အတူတူ ရပ်နေသည်ကို မြင်သောအခါ သူတို့သည် တကယ်ကြီး လိုက်ဖက်ညီကြသလို မြင်လာတော့သည်။
နှစ်ယောက်စလုံးသည် ထိပ်တန်း ကြည့်ကောင်းသော အသွင်အပြင်ရှိကြကြောင်း ထည့်ပြောစရာ မလိုပေ။ သူတို့နှစ်ယောက်အတူတူ ရပ်နေကြခြင်းသည် ထက်ရှသော ဓားတစ်လက်နှင့် လှံတစ်ချောင်း အတူတူရှိနေသလို လိုက်ဖက်ညီပြီး အချင်းချင်း ဆွဲဆောင်နိုင်သော ဂုဏ်ရည်တူ စုံတွဲတစ်တွဲလိုပင်။
ထို့အပြင် သူတို့သည် ချီယုံက ကျန်းလော့အတွက် လျန်တစ်မိသားစုလုံးကို ဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့သည်ဟုလည်း ကြားထားသေးသည်။ ကျန်းလော့ကို အလွန်ချစ်သောကြောင့် သတ်ပစ်ဖို့ လုပ်ခဲ့သည့် အချိန်ထက် စာလျှင် ချီယုံ၏ ယခုပုံစံသည် ကျန်းလော့ သေသည်ကို မမြင်ချင်တော့သလို ဖြစ်နေသည်။
ချီယုံ ကျန်းလော့ကို မသတ်လျှင် ယယ်ရွှင်သည် ကျန်းလော့ကို ချီယုံနှင့် အတူရှိမည်ကို တားဆီးမှာ မဟုတ်ပေ။
အဆုံးတွင် ချီယုံ တစ္ဆေတစ်ကောင် ဖြစ်မလာခင်က ချီယုံသည် သူတို့အားလုံး လေးစားအားကျခဲ့ရသူ ဖြစ်သည်လေ။ ကျန်းလော့သည်လည်း ယခုဆိုလျှင်လူသားတစ်ယောက် မဟုတ်တော့သောကြောင့် သူနှင့် အလိုက်ဖက်ဆုံးသူမှာ ချီယုံသာ ဖြစ်သည်။
လုယုံရိသည် သူတို့၏ အချစ်ဇာတ်လမ်းကို ကြားပြီးနောက် တွေးတွေးပြီး ငိုခဲ့သေးသည်။ ထို့နောက် လုယုံရိသည် ကျန်းလော့နှင့် ချီယုံတို့အတွဲကို တောင့်တောင့်ကြီး ငေးကြည့်နေသော ယယ်ရွှင်ကို လှမ်းပုတ်လိုက်သည်။
ယယ်ရွှင်သည် ချောင်းဟန့်လိုက်ပြီး ဖော်ရွေစွာ မေးလိုက်သည်။
"မင်းတို့နှစ်ယောက်တည်း လဝက်လောက် အတူတူရှိခဲ့ကြတာလား"
ကျန်းလော့သည် ရုတ်တရက် သူပြောချင်သော စကားလုံးများသည် ပြောမထွက်နိုင်အောင် လေးလံသွားသလို ခံစားလိုက်ရသည်။ သူသည် ခါးသီးစွာ ကျိတ်၍ ရယ်မောလိုက်ပြီး
'ထန်ပိရား မင်း ပြန်လာပြီး သူ့ကို မင်းကိုယ်တိုင် ပြောလိုက်ပါတော့လားကွာ'
'မင်းကိုယ်တိုင်သာ လုယုံရိကို လာတောင်းပန်ရင် ဒီကောင်က မင်းကို ရိုက်ပဲ ရိုက်မှာကွ'
'ဒါပေမဲ့ ငါပြောလိုက်ရင် သူ့ရဲ့ အပူအပင်ကင်းတဲ့ ပုံရိပ်က လုံးဝ ငါ့ကြောင့် ပျက်ဆီးသွားမှာ'
ကျန်းလော့သည် တကယ်ကြီး ပြောမထွက်နိုင်တော့ပေ။ သူသည် ပုံမှန်အတိုင်း အားတင်းကာ ပြုံးလိုက်သည်။
ကောဝူချန်သည် ရှေ့တိုးလာပြီး ချီယုံ့ကို လာနှုတ်ဆက်ကာ စပ်စုစွာဖြင့် မေးလိုက်သည်။
"သခင် ထန်ပိက ဘာလို့ သခင်နဲ့ သခင်ကျန်းတို့နဲ့ တူတူလိုက်မလာတာလဲ"
ကျန်းလော့၏ အပြုံးသည် တစ်ဝက်တစ်ပြတ် တောင့်တင်းသွားသည်။ ကျန်းလော့ကိုသာ သေချာ ဒဏ်ရာရမရ စစ်ဆေးနေသော လုယုံရိ၏ မျက်လုံးများသည် ကြောင်အသွားပီဲး
"ထန်ပိလား"
စီကွေး၏ နာမည်သည် ထန်ပိဖြစ်ကြောင်း သူသိထားသည်။
လုယုံရိ မျက်နှာပေါ်မှ အပြုံးသည် ဖြေးညင်းစွာ ပျောက်ကွယ်သွားပြီး ဒေါသကြီးမှုတို့ တရိပ်ရိပ်တက်လာကာ အရာအားလုံးသည် အနှေးပြကွက်ကဲ့သို့ သူ့မျက်နှာထားပြောင်းလဲသွားပုံကို တစ်ခုချင်း မြင်နေရသည်။ မျက်လုံးထဲတွင် မီးတောက်လာပြီး သူ့အင်္ကျီလက်တို့ကို ဆွဲမကာ ဒေါသတကြီး လက်သီးဆုပ်လိုက်ပြီး
"ထန်ပိ ဘယ်မှာလဲ ဒီအဘိုးကို ထွက်လာတွေ့ပြီး လိမ်လိမ်မာမာ ဖင်ပေးဖို့ ပြောလိုက် ဟောဒီက ဘိုးလိုးလုက သူ့ကို ချီးထွက်ကျအောင် ရိုက်ပြမယ်"
ယယ်ရွှင်၏ ပုံစံသည် တည်ငြိမ်နေပြီး လုယုံရိကို တားရမည့်အစား လောင်စာ ထပ်လောင်းထည့်လိုက်သည်။
"ရိုက်ရုံနဲ့ လုံလောက်တယ်ပေါ့"
သူသည် ထန်ပိကို လုယုံရိ ရိုက်မှာကို အားပေးနေသည်။
'ဘယ်လိုပဲဖြစ်ဖြစ် သေအောင်သတ်မှာမှ မဟုတ်တာ ဒီတော့ လုယုံရိ သူ့ကို ရိုက်လို့ရတယ်'
သို့သော် ကျန်းလော့ကတော့ စကားတစ်ခွန်းမှ ဝင်မပြောနိုင်အောင် တိတ်ဆိတ်နေသည်။
မကောင်းဆိုးဝါးသည် ကောဝူချန်ကို အမူအယာကင်းမဲ့သော မျက်နှာဖြင့် ကြည့်နေသည်။ ရုတ်တရက် တစ်ဖွဲ့လုံးသည် တိတ်ဆိတ်သွားတော့သည်။
လုယုံရိ၏ လက်သီးဆုပ်သည် လေထဲတွင် တစ်ဝက်တစ်ပြတ် တန့်နေပြီး သူ၏ ဒေါသ အနိမ့်အမြင့် စုပုံမှုတို့သည် အေးခဲသွားကာ တိတ်ဆိတ်နေသော ကျန်းလော့ကို ကြည့်နေသည်။ ထို့နောက် ကျန်းလော့နည်းတူ တိတ်ဆိတ်နေသော ချီယုံ့ကို ကြည့်လိုက်ပြန်ကာ တုံ့ဆိုင်းဆိုင်းနှင့် ပြောသည်။
"သူ သွားလိုက်ပြီလား ကျန်းလော့ မင်းမျက်နှာပေါ်က အဲ့ဒီဲအကြည့်က ဘာဖြစ်နေတာလဲ"
ကျန်းလော့သည် နောက်ဆုံးတွင် လှုပ်ရှားလာပြီး လေးလံသော ခြေလှမ်းများဖြင့် လုယုံရိရှေ့ထိ သွားလိုက်ကာ သူ့လက်ထဲမှ အဝတ်နက်နှင့် ပတ်ထားသော ဓားကြီးကို မြှောက်လိုက်သည်။
"လုယုံရိ"
သူ့အသံသည် ခဲဆွဲထားသလို လေးလံနေပြီး
"မင်း ဒီဓားကို မှတ်မိတယ်မလား"
လုယုံရသည် တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိသည်။ သူသည် ဘာတွေ ဖြစ်နေမှန်း မသိသော်လည်း လေထုသည် အနည်းငယ် မလွယ်ကူတော့သလို ဖြစ်လာပြီး သူ့လက်ကို စိတ်မသက်သာစွာ ရုတ်လိုက်ပြီး စိုးရိမ်လာကာ ရိုးစင်းစွာ မေးလိုက်သည်။
"ဒီဓားက စီကွေးဓားမှန်း ငါသိပါတယ်"
သူသည် ရပ်သွားပြီး မထိန်းနိုင်စွာ မေးလိုက်သည်။
"စီကွေးဓားက မင်းနဲ့အတူ ဘယ်လိုဖြစ်ပြီး ရှိနေတာလဲ"
ကျန်းလော့ ပါးစပ်ဟလိုက်သည်။
"... သူ ဒီဓားကို မင်းကို ပေးပေးဖို့ တောင်းဆိုသွားတယ်"
လုယုံရိ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး ကျန်းလော့က ဓားကို ကမ်းပေးလာသောအခါ မသိလိုက်စွာ တုံ့ပြန်မိပြီး ယူလိုက်သည်။
ဓား၏ အေးစက်မှုသည် အဝတ်နက်ကို ဖြတ်ပြီးတော့တောင် လုယုံရိလက်ကို သက်ရောက်ခဲ့သည်။ လုယုံရိသည် ပို၍ပင် မလွယ်ကူတော့သလို ခံစားလာရကာ အားတင်း၍ ပြုံးလိုက်ပြီး
"သူက အမှားဝန်ခံပြီးပြင်ဆင်ချင်လို့ မင်းကို ဒီဓားပေးခိုင်းလိုက်တာလား ငါကတော့ လက်မခံဘူးနော် သူ့မှာ ပိုက်ဆံတစ်ပြားမှ မရှိလို့ ဒီဓားကို ငါ့တိုက်ခန်းမှာ နေပြီး ငါ့ကျွေးတာစားတဲ့ အဖိုးအခဆိုပြီး စရံချထားတာ၊ သူ ဒီဓားကို သုံးနေရင်တောင် ဒီဓားက အစထဲက ငါ့အပိုင်ပဲကွ ဒီတော့ ဒီဓားနဲ့ အမှားပြင်ချင်တယ်ဆိုပြီး နောက်ထပ် ငါ့ကို ထပ်ပြီး အခွင့်ကောင်းယူလို့ရမနေဘူး အိုက်ယား ကျန်းလော့ သူ့ကို ခေါ်ထုတ်လိုက်စမ်းပါကွာ ငါ ဒီဓားကိုမလိုချင်နေဘူးကွ သူ့ကိုသာ ခေါ်လိုက် ငါသူ့ကို ရိုက်ပစ်ဦးမှာ"
ပထမဆုံးအကြိမ်အဖြစ် ကျန်းလော့သည် စကားပြောခြင်းသည် ဤမျှ ခက်ခဲကြောင်း သိရှိသွားခဲ့သည်။ သူသည် လုယုံရိ၏ မျက်နှာကိုပင် မကြည့်ရဲတော့ဘဲ မြေပြင်ကိုသာ ငုံ့ကြည့်နေခဲ့သည်။
"သူက မင်းကို ပြောပေးဖို့ တခြား စကားတစ်ခုလည်း ပြောသွားသေးတယ်"
"သူ ပြောတာက 'ငါ တောင်းပန်ပါတယ် ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ'"
ကျန်းလော့သည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး
"ငါ တောင်းပန်ပါတယ်ကွာ လုယုံရိ"
"ထန်ပိ သေသွားပြီ"
######
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။