အပိုင်း (၁၉၇) ဒီတော့ ငါ သူ့ကို ကြိုက်နေတာပေါ့
ခေါင်းတလားအောက်တွင် အခန်းတစ်ခန်း ရှိနေသေးပြီး ကျန်းလော့နှင့် ကံကြမ္မာယုံသူတို့သည် အောက်သို့ ထိုးကျသွားတော့သည်။
ကျန်းလော့သည် ကံကြမ္မာယုံသူကို သူ့အောက်သို့ ဆွဲပို့လိုက်ကာ လူသားကူရှင်အဖြစ် သုံးပစ်လိုက်သည်။
မမျှော်လင့်ထားစွာပင် ကံကြမ္မာယုံသူသည် လုံးဝ မရုန်းကန်ခဲ့ပေ။ ဘန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရပြီး လူနှစ်ယောက်သည် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားလေတော့သည်။ အခန်းသည် ဆယ်မီတာလောက် မြင့်ပြီး လူသားကူရှင်ရှိလျှင်ပင် ကျန်းလော့သည်လည်း မသက်သာပေ။ ကျန်းလော့သည် ကယိမ်းကယိုင်ဖြင့် ထရပ်လိုက်ပြီး နဖူးကို ပွတ်လိုက်ကာ အောက်သို့ ငုံ့ကြည့်သည်။ ကံကြမ္မာယုံသူ ပူးကပ်ထားသော ခန္ဓာကိုယ်သည် သွေးအိုင်ထဲတွင် လှဲနေပြီး အသက်မရှူတော့ပေ။
သို့သော် ဤလူ အသက်ပြန်ရှင်လာမည်မှန်း ကျန်းလော့သိသည်။
ဤလူ အသက်ပြန်ရှင်လိုက် သေသွားလိုက် ရှင်သန်နေသည်ကို မြင်သောအခါ ကျန်းလော့သည် သူ့ကိုယ်သူ အသုံးမဝင်တော့သလို ခံစားလိုက်ရသည်။ သူသည် ထိုသို့သော အခြေအနေမျိုး ရောက်လုနီးပင်။
သူ၏ လူသတ်ချင်စိတ်တို့ကို ခနချိုးနှိမ်ထားပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်သည်။
ဤနေရာသည် ကျောက်တုံးဂူတစ်လုံး ဖြစ်ပြီး သူကျလာသော နေရာဖြစ်သည့် အပေါ်တည့်တည့်တွင် အနက်ရောင်တွင်းကြီးလိုမျိုး .ဖြစ်သည်။ အနက်ရောင်တွင်းကြီး၏ ဘေးဘက်တွင် ကျောက်စက်ပန်းဆွဲများ ထူထပ်စွာ ရှိနေပြီး ထိုကျောက်စက်ပန်းဆွဲများမှ ရေများသည် အောက်ဘက်မှ နို့နှစ်ရောင်သမ်းပြီး မြူများထနေသော ရေကန်ထဲသို့ တစ်စက်ချင်းကျနေသည်။
ကျန်းလော့သည် ရေကန်ထဲမှ ရေတို့ကို မြင်သောအခါ စကားလုံးနှစ်လုံး စိတ်ထဲ ဝင်လာသည်။
'နဂါးရေကန်' (သူရွတ်လိုက်တာ လုံချန်ပါ)
ကျန်းလော့သည် ရုတ်ချည်း အိတ်ကို ချလိုက်ပြီဂ သူ့ဘေးအိတ်ထဲမှ ရေဘူးကိုထုတ်လိုက်ကာ ရေကန်နားသွား၍ ရေတစ်ဘူးပြည့်အောင်ဖြည့်ဖို့လုပ်သည်။ အဖုံးဖွင့်နေချိန်တွင် တစ်စုံတစ်ယောက်က ပြုံး၍ မေးလာသည်။
"အဲဒါဆို လောက်တယ်ပေါ့"
ကျန်းလော့သည် ကံကြမ္မာယုံသူ မည်သို့ ပြန်လည်ရှင်သန်လာလဲဆိုတာ နောက်လှည့်ကြည့်လိုက်သည်။ သူသည် ကျန်းလော့၏ နောက်တွင် မတ်တပ်ရပ်နေပြီး အလွန်နီးကပ်လွန်းသောကြောင့် ကျန်းလော့ကို ထိရန် လက်မြှောက်လိုက်ရန်သာလိုသည်။
ကျန်းလော့လက်ထဲမှ ရေပုလင်းကို ကြည့်၍ ကံကြမ္မာယုံသူသည် ကြင်နာစွာဖြင့် ထောက်ပြသည်။
"မင်းလိုအပ်တဲ့ပမာဏအတွက် ဒီဟာလေးနဲ့ လောက်မှာမဟုတ်ဘူး"
ကျန်းလော့က အေးစက်စွာပြောသည်။
"ကံကြမ္မာယုံသူ ဒီရေ လောက်လောက် မလောက်လောက် မင်းနဲ့မဆိုင်ဘူး"
ကံကြမ္မာယုံသူ သက်ပြင်းချလိုက်ပြီး
"တကယ်လို့ ကျုပ်သာ မင်းကို မကူညီရင် မင်း သေရတော့မှာ"
ကျန်းလော့သည် အေးစက်စွာ နှစ်ချက်လောက်ရယ်ပြီး ထရပ်လိုက်ရင်း သူ့ရေဘူးကို ပတ်နေသည်။ သို့သော် ကံကြမ္မာယုံသူသည် ရုတ်တရက် ရှေ့တိုးလာပြီး ကျန်းလော့ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။
ကျန်းလော့သည် သတိမထားမိသောကြောင့် နောက်သို့ လဲကျသွားသော်လည်း ကံကြမ္မာယုံသူ၏ လက်ကို ပြန်လှမ်းဆွဲနိုင်ခဲ့သည်။ နောက်ဘက်မှ နဂါးရေကန်ကြောင့် ကျန်းလော့သည် နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာပြီး
"ခင်ဗျား ဘာလုပ်ချင်နေတာလဲ ကံကြမ္မာယုံသူ"
တာအိုဆရာတော်ဝေ့ဟယ် တစ်ခါပြောဖူးသည်။ နဂါးရေကန်၏ စွမ်းအားသည် အလွန်ခမ်းနားမြင့်မြတ်ပြီး သန့်စင်လွန်းသောကြောင့် အသုံးပြုမည့်အချိန်တွင် အာနိသင်လျော့အောင် အရင်လုပ်ပြီးမှ သုံးရမည်ဟု။ နဂါးရေကန်ကို အသုံးပြုနေလျှင် ခန္ဓာကိုယ်ထဲမှ စွမ်းအားများအားလုံး ဖိနှိပ်ထားခံရမည်ဖြစ်ပြီး ဤသို့ဖြစ်ရခြင်းမှာ ထိုစွမ်းအားများကြောင့် ခန္ဓာကိုယ်ဖြိုဖျက်ခြင်းကို ဖိနှိပ်ခြင်း ဖြစ်စဉ်ကို နောက်ယှက်မိမည်စိုး၍ ကာကွယ်ခြင်းပင် ဖြစ်သည်။
ဤအရာတို့သည် တာအိုဆရာတော် ဝေ့ဟယ် မမောနိင်မပန်းနိုင် ထပ်တလဲလဲ မှာခဲ့သော စကားများ ဖြစ်သည်။ ကံကြမ္မာယုံသူပင်လျှင် နဂါးရေကန်တွင် မစိမ်ခဲ့ဖူးဟူ၍လည်း ပြောပြခဲ့ဖူးသောကြောင့် ကံကြမ္မာယုံသူ ကျန်းလော့ကို ယခု ရေကန်ထဲသို့ တွန်းချသည့် လုပ်ရပ်မှာ သေချာပေါက် လူသတ်ရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်။
ကံကြမ္မာယုံသူက နွေးထွေးစွာ ပြောသည်။
"ကျုပ်က မင်းကို ကယ်တင်ချင်တာပါ"
ကျန်းလော့သည် သူပြောသမျှ စကားများကို မယုံပေ။ ထို့ကြောင့် ကံကြမ္မာယုံသူ၏ လက်ကို အသေဆွဲဆုတ်ထားပြီး ရေကန်ထဲကျမသွားအောင် တောင့်ထားသည်။ အံ့ဩစရာကောင်းစွာပင် ကံကြမ္မာယုံသူကလည်း သူ့လက်ကောက်ဝတ်ကို ပြန်ကိုင်လာသည်။
သို့သော် ကံကြမ္မာယုံသူသည် နောက်ထပ် လက်တစ်ဖက်ကို မြှောက်ကာ ကျန်းလော့လက်ကောက်ဝတ်မှ ယင်ယန်လက်ကောက်ကို သိမ်မွေ့သော အမူအယာဖြင့် ဆွဲချွတ်လိုက်လေသည်။ ထို့နောက် သူသည် ယင်ယန်လက်ကောက်ကို နဂါးရေကန်ထဲသို့ ပစ်ချလိုက်သည်။
ကံကြမ္မာယုံသူသည် သုံးစက္ကန့်လောက် ရပ်သွားပြီး တစ်စက္ကန့်တိုင်းတွင် ကျန်းလော့လက်ကို ဆုပ်ကိုင်ထားသော လက်သည် အားလျော့သွားသည်။
ကျန်းလော့ ရေကန်ထဲသို့ ဝရုန်းသုန်းကား ပြုတ်ကျသွားသည်။
ရေကန်ထဲမှ ရေများသည် ချက်ချင်း ဆူပွက်လာပြီး ရေစက်အချို့သည် ကံကြမ္မာယုံသူ၏လက်ကို သွားစင်ကာ လောင်ကျွမ်းသွားပြီး နာကျင်လာစေသည်။
ကံကြမ္မာယုံသူ၏ မျက်နှာသည် မပြောင်းလဲသွားပဲ သူ့မျက်လုံးများကတော့ ရေကန်ထဲတွင် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေသော ကျန်းလော့ကို ငုံ့ကြည့်နေသည်။
ကျန်းလော့၏ ပါးစပ်နှင့် နှာခေါင်းတို့မှ ရုတ်ချည်း သွေးများယိုလာပြီး နဂါးရေကန်မှ ရေများသည် သူ့ဘေးပတ်ပတ်လည်တွင် ဆူပွက်နေသည်။ ရေပွက်များသည် ကြီးမားစွာ အရှိန်ပြင်းပြင်း ပွက်လာပြီး ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းများ ဖြစ်လာသည်။
သေလုအောင် နာကျင်မှုသည် ကျန်းလော့၏ ဆဲလ် တစ်ခုချင်းစီတိုင်းကို တိုက်စွားသွားပြီး ရေကန်သည် ကျန်းလော့ ရင်ဘက်နားထိသာ ရောက်သော်လည်း ကျန်းလော့သည် အလွန်နာကျင်နေသောကြောင့် နဂါးရေကန်ထဲမှ တက်လာရန် အင်အား လုံးဝ မရှိတော့ပေ။
သူသည် သေလုနီးပါးနာကျင်နေကာ ရေကန်ထဲတွင် လူးလွန့်နေပြီး ရေမျက်နှာပြင်တွင် ဆူပွက်မှုအားသည် ပို၍ ပြင်းထန်လာကာ ကံကြမ္မာယုံသူသည် နောက်သို့ ဆုတ်သွားတော့သည်။
သူသည် ကျန်းလော့သူ့လက်ထဲမှ လွတ်သွားပြီး ရေကန်ထဲ ကျသွားကာ ရေကန်ထဲတွင် လူးလွန့်နေပြီး မွန်းကြပ်စရာကောင်းသော နာကျင်မှုမှ ရုန်းထွက်ကာ ရေပေါ်သို့ အသက်ရှူရန် ပေါ်လာအောင် မနည်းကြိုးစားနေရသည်ကို စောင့်ကြည့်နေခဲ့သည်။
ကျန်လော့၏ ရေထဲနစ်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ဆုတ်ပြဲသွားပြီး သွေးများထွက်လာကာ မျက်စိတစ်မှိတ်အတွင်းပင် တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းသွားတော့သည်။ ကံကြမ္မာယုံသူသည် ထိုသို့သော နာကျင်မှုမျိုးကို ခံစားဖူးသည်။ ခန္ဓာကိုယ်ကို ငြိမ်းသတ်ပြီး လူသားခန္ဓာကိုယ်မှ နတ်ခန္ဓာဖြစ်အောင် ပြောင်းလဲခြင်းသည် အရိုးများအားလုံး ချိုးပစ်ပြီး ပြန်၍ ပြုပြင်ကာ အသားများကို အလွှာလိုက် ဆွဲခွာပြီး ပြန်၍ တည်ဆောက်ပေးခြင်းဖြစ်သည်။
ပူဇော်ခြင်းမှ ရရှိလာသော နတ်စွမ်းအားများက ခန္ဓာကိုယ် အတွင်းပိုင်းကို ပြုပြင်ပေးသည်ထက်ပင် များစွာပို၍ နာကျင်လေသည်။
ကံကြမ္မာယုံသူသည် ထိုအခိုက်အတန့်တွင် ထူးဆန်းစွာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သလို ခံစားလိုက်ရသည်။ ရေကန်ထဲမှ ကျန်းလော့ကို ကြည့်ရင်း ထူးဆန်းသော စိတ်ခံစားချက်တချို့ ပေါ်လာခဲ့သည်။ သူသည် ကျန်းလော့ကို ဤနာကျင်မှု အဆုံးသတ်သွားရန် ကူညီပေးခြင်းပြီး လက်ဆန့်ထုတ်လိုက်ပြီး ချက်ချင်း ကံကြမ္မာယုံသူသည် လက်ကို ပြန်ရုတ်လိုက်သည်။
သွေးများဖုံးလွှမ်းနေသော လက်တစ်ဖက်သည် ရေကန်ထဲမှ ရုတ်တရက် ရှေ့တိုးလာပြီး ကံကြမ္မာယုံသူ၏ ဒူးခေါင်းကို သေစေနိုင်လောက်သော ခိုင်မြဲမှုတို့ဖြင့် ဆုပ်ကိုင်လိုက်သည်။
ကျန်းလော့သည် ရေကန်အစွန်းနားရောက်ရန်ပင် အလွန်အားထုတ်ခဲ့ရပြီး သူ့အသံသည် အလွန်တိုးနေကာ
"ခင်ဗျားက တစ်စုံတစ်ယောက်ကို သတ်တော့မလို့လား"
ကံကြမ္မာယုံသူသည် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ပြီး သူ့ဆံပင်ကို ညင်သာစွာ သပ်နေကာ
"ကျန်းလော့ ကျုပ်က မင်းကို ကယ်တင်နေတာပါ"
"မင်းက ကျုပ်ဆီကနေ အသက်တစ်ရှိုက်အတွင်း ကျုပ်စွမ်းအားတစ်ဝက်ယူသွားတယ်လေ စွမ်းအားက အရမ်းကြီးလွန်းတော့ မင်းခံနိုင်မှာမဟုတ်ဘူး"
ကံကြမ္မာယုံသူက ဆက်ပြောသည်။
"ပြီးတော့လဲ အရက်က မင်းရဲ့နာကျင်မှုကို လျော့ချပေးနိုင်ပေမယ် ပြီးတော့ မင်းနာကျင်တဲ့ အကြိမ်အရေအတွက်ကို လျော့ပေးနိုင်မယ်ဆိုပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်မှာ တခြားသက်ရောက်မှုတွေ ရှိလာနိုင်တယ် မင်းအသက်ရှည်မှာမဟုတ်ဘူး နဂါးရေကန်က ရေနည်းနည်းလေးက မင်းအတွက် အသုံးကျမှာမဟုတ်ဘူး ကျန်းလော့"
"ဒီနည်းလမ်းတစ်ခုထဲနဲ့ပဲ မင်းအသက်ရှင်နိုင်မှာ"
သူသည် တီးတိုးပြောပြီး ကျန်းလော့မျက်နှာကို လက်ခုပ်ထဲထည့်လိုက်ကာ
"မင်း တောင့်ခံနိုင်ပြီး စွမ်းအားကို ချေဖျက်နိုင်ရင် အသက်ရှင်မယ် မင်းလုပ်နိုင်လောက်ပါတယ်"
သူသည် သကာလောင်းထားသော စကားလုံးများဖြင့် ကျန်းလော့ကို သေချင်လာအောင် နှိုးဆွပေးနေခြင်းဖြစ်သည်။
ကျန်းလော့သည် သူလုပ်နိုင်လိမ့်မည်ဟု မထင်ပေ။ ကျန်းလော့သည် သေခြင်းတရားနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်တွေ့ကြုံခဲ့ရသော်လည်း ဤတစ်ကြိမ်လောက် တကယ်သေတော့မည့်ခံစားချက်မျိုး မရခဲ့ပါပေ။
ကျန်းလော့သည် သူ့ကိုယ်သူ မီးတောင်ချော်ရည်ထဲ ပြုတ်ကျပြီး အကြော်ခံနေရသလို ခံစားရပြီး သူ့ခန္ဓာကိုယ်မှ ဆဲလ်တစ်ခုချင်းစီတိုင်းသည် နာကျင်နေကာ သူ့တစ်ကိုယ်လုံး ထိန်းချုပ်မရစွာ တွန့်လိမ်တုန်ခါနေသည်။
သူ့တွင် အသိတစ်ခုသာ ရှိတော့သည်။
'သေလောက်အောင်နာတယ် နာလွန်းလို့ သေတော့မယ်'
ကျန်းလော့၏ မျက်နှာသည် စိုရွှဲနေပြီး ရေများကြောင့်သာ မဟုတ်ဘဲ နာကျင်မှုမှ ကျလာသော မျက်ရည်များကြောင့်လဲ ဖြစ်သည်။ ကျန်းလော့၏ ကံကြမ္မာယုံသူကို ဆွဲထားသော လက်ချောင်းများသည် တဖြည်းဖြည်း အားလျော့လာပြီး ကံကြမ္မာယုံသူသည် သူ့လက်ချောင်းများကို ဆွဲဖြုတ်လိုက်သည်။
ကျန်းလော့သည် ယဲ့ယဲ့လေး ရေကန်ထဲသို့ ပြန်လျောကျသွားလေတော့သည်။ ကံကြမ္မာယုံသူသည် တိတ်ဆိတ်နေပြီး မျက်လုံးများပိတ်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်ရာ အရာအားလုံးကို ညီတူညီမျှသာ မြင်တတ်သော မျက်လုံး ပြန်ဖြစ်သွားသည်။
သူ၏ အနည်းငယ် တောင့်တင်းနေသော လက်ချောင်းများမှလွဲ၍ မည်သူကမှ သူ၏ အတွင်းစိတ်နှင့် ပြောင်းလဲမှုများကို မြင်နိုင်မှာ မဟုတ်ပေ။ သူ့နောက်တွင် ရုတ်တရက် အသံကျယ်ကြီးကြားလိုက်ရသည်။ ကံကြမ္မာယုံသူသည် နောက်လှည့်ကြည့်လိုက်ရာ ဓားအကြီးကြီးကိုတစ်ဖက် မသေမရှင်ဖြစ်နေသော လိရှားကိုတစ်ဖက် သယ်လာသော ထန်ပိကို ဒူးတစ်ဖက်ထောက်ရက်သား မြင်လိုက်ရသည်။
ထန်ပိ၏ ပုခုံးပေါ်တွင် ကိုက်ရာဗလပွ ဖြစ်နေပြီး သွေးများရွှဲနစ်နေကာ သူသည် ဂူထဲမှ မြင်ကွင်းကို မြင်ပြီး အသက်ရှူသံများ မြန်လာခဲ့သည်။
သူသည် လိရှားကို ပြင်းထန်စွာ နံရံဘက်သို့ လွှင့်ပစ်လိုက်ပြီး ထရပ်လိုက်ရာ ခေါင်းနှင့် ကျောက်တုံးနံရံတို့ တိုက်မိသွားသော်လည်း အသံတစ်ချက်မထွက်ဘဲ ထလာသည်။
ထန်ပိသည် သူ့ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့မျက်နှာသည် လူသတ်ရိပ်တို့ ပြင်းထန်စွာ ဖုံးလွှမ်းနေပြီး ကံကြမ္မာယုံသူကို စကားမစဘဲ တိုက်ခိုက်တော့သည်။
ရေကန်ဘေးတွင် ဓားနှင့်လှံကို အသုံးပြုပြီး တိုက်ခိုက်နေကြသော်လည်း နဂါးရေကန်ထဲမှ ကျန်းလော့ကတော့ တဖြည်းဖြည်း မောပန်းလာကာ ရေအောက်ထဲသို့ နစ်သွားတော့သည်။
သူသည် တစ်ကြိမ် ရေနစ်သေဆုံးဖူးသည်။
သို့သော် နောက်ဆုံးတစ်ခေါက်ကနှင့်စာလျှင် ဤတစ်ကြိမ်သည် ယှဉ်မရအောင် နာကျင်လွန်းပေသည်။
ကံကြမ္မာယုံသူသည် ကျန်းလော့ကို ကယ်တင်ပေးနေသည်ဟု ပြောသော်လည်း ကျန်းလော့ကတော့ သူ၏ အသက်ရှင်မှုသည် သေတာထက်ပင် ဆိုးနေသည်ဟု ခံစားခဲ့ရသည်။
နဂါးရေကန်၏ စွမ်းအားသည် အလွန်ပြင်းထန်လွန်းပြီး ကျန်းလော့သည် သူ့ခန္ဓာကိုယ်မှာ စက္ကန့်နှင့်အမျှပြောင်းလဲနေသည်ကို ခံစားမိသော်လည်း သူ့အသက်ကတော့ လျင်မြန်စွာ ကုန်ဆုံးလာကြောင်းကိုလည်း သတိထားမိခဲ့သည်။
လက်အကြီးကြီးတစ်စုံမှ သူ့ပါးစပ်နှင့် နှာခေါင်းတို့ကို ပိတ်ပြီး ရေအောက်သို့ ဆွဲချသွားသည့်နှယ်။ ကျန်းလော့သည် အရိုးထိတိုင်အောင် အေးစက်မှုကို ခံစားနေရသည်။
သူသည် ဤတစ်ကြိမ်တွင် တကယ်သေရတော့မလို ခံစားမိနေသည်။
ရေကန်ဘေးမှ ကံကြမ္မာယုံသူနှင့် ထန်ပိတို့၏ တိုက်ခိုက်နေကြသံများကို ကြားနေရပြီး အကျိုးအပဲ့ အပျက်အစီးများသည် ရေကန်ထဲသို့ လွင့်စင်လာသည်။ သို့သော် ကျန်းလော့သည် မည်သည့်မျှော်လင့်ချက်မှ မထားတော့ပေ။ ကံကြမ္မာယုံသူကို ထန်ပိ မနိုင်နိုင်ပေ။
တကယ်တမ်းတွင် သူသည်လည်း ကံကြမ္မာယုံသူကို လျော့တွက်ခဲ့မိသည်။
ကံကြမ္မာယုံသူသည် စွမ်းအားတစ်ဝက်ဆုံးရှုံးသွားပြီး ပြင်းထန်စွာ ဒဏ်ရာရနေလျှင်တောင် ကျရှုံးသွားပြီး ပြန်ထလာနိုင်သည်။
အဆုတ်ထဲမှ တဖြည်းဖြည်း လျော့နည်းလာသော အောက်ဆီဂျင်နှင့် သူ့ခန္ဓာကိုယ်ထဲမှ အရိုးများ ချိုးပစ်နေသလို နာကျင်မှုကြောင့် ကျန်းလော့သည် လွန်ခဲ့သော နှစ်ပတ်ခန့်ကထက် ပို၍ ပြင်းပြနက်ရှိုင်းသော နာကျင်မှုကို ကြုံတွေ့ခဲ့ရသည်။
သူသည် နာကျင်မှုကို ကြောက်ရွံ့ခဲ့ပြီး နာကျင်မှုနှင့်ပင် သေရတော့မည်။
ဤတစ်ကြိမ်တွင်လည်း သွေးများ အများကြီးထွက်နေသော်လည်း အေးစက်စက် လက်တစ်စုံဖြင့် သွေးများ မပြောင်မချင်းသုတ်ပေးမည့် မကောင်းဆိုးဝါးကြီး တစ်ကောင်ကတော့ အနားမှာ ရှိမနေပါချေ။
လူများသေခါနီးလျှင် အတိတ်မှ ဖြစ်ရပ်များကို မျက်လုံးထဲတွင် ပြန်မြင်ကြတတ်သည်ဟု ပြောကြသည်။
ဖြစ်နိုင်သည်မှာ ထိုသို့သော အရာများဖြစ်ပေါ်ခြင်းသည် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်နိုင်သည်။ သို့သော် ကျန်းလော့သည်လည်း အတိတ်အပိုင်းအစများကို ပြန်မြင်လာသည်။
ကလေးဘဝမှ ကြီးပြင်းလာသည့်အချိန်ထိ နာကျင်မှုရော ပျော်ရွှင်မှုရော ခံစားခဲ့ရသည်။ လူအများကြီးနှင့်ပါတီပွဲများ တက်ခဲ့သည့်မြင်ကွင်းများ သူ၏ ကိုယ်ပိုင်ပုံရိပ်များကိုလည်း မြင်ရသည်။ ပျင်းရိစရာကောင်းသော ဒီဇိုင်းကျောင်းနှင့် ကွန်ပျူတာစားပွဲပေါ်မှ ဆိုလာပြားများ ရင်းနှီးနေသော သူငယ်ချင်းများနှင့် မရင်းနှီးသော သူစိမ်းများသည် တစ်ယောက်ပြီးတစ်ယောက် သူ့စိတ်ထဲတွင်ပေါ်လာသည်။
နောက်ဆုံးတွင် အံ့ဩစရာကောင်းစွာ ထိုသူများအားလုံး၏ မျက်နှာသည် မကောင်းဆိုးဝါး၏ မျက်နှာဖြစ်သွားသည်။
ကျန်းလော့၏ နှလုံးသားသည် ရုတ်တရက် ပြင်းပြနာကျည်းသော အသိတစ်ခု ထိုးတက်လာပြီး ချဉ်စူးသွားသည်။
ခံစားချက်သည် အလွန်ပြင်းလွန်းသောကြောင့် သူသည် အံတင်းတင်းကြိတ်ထားမိသည်။
သူတစ်ခါမှ မတွေးဖူးသော ခံစားချက်များ နာကျင်မှုနှင့် မွန်းကြပ်မှုတို့ မခံစားရမှီ သူ့အသက် သေခြင်းတရားကို တွေ့ဆုံရတော့မည့် အချိန်ရောက်လာပြီး ကျန်းလော့၏ အသက်အကန့်အသတ်ကို ရောက်တော့မည့်အချိန်တွင် ထိုခံစားချက်များသည် တစ်ချက်ထဲနှင့် သူ၏ တည်ငြိမ်မှု ဆင်ခြင်တုံတရားတို့ကို ချိုးဖြတ်သွားလေသည်။
ကျန်းလော့သည် တစ်ကိုယ်လုံး ကွေးကောက်သွားပြီး သူ့လက်ချောင်းများသည် တုန်ယင်နေလေသည်။
သူသည် သေလုနီးပါး သွားကြိတ်လိုက်ပြီး ရုတ်တရက် သူ၏ မကောင်းဆိုးဝါးအပေါ် ထားရှိသော ခံစားချက်တို့ကို လုံးဝ နားလည်သွားတော့သည်။
သူတမင်သက်သက် လျစ်လျူရှုထားခဲ့သော ခံစားချက်၊ ဝန်မခံချင်ခဲ့သော ခံစားချက်များသည် သေခြင်းတရားကို တွေ့ဆုံရတော့မည့် အခိုက်အတန့်ကျမှ ရှင်းရှင်းလင်းလင်း သိသွားရလေသည်။
ကျန်းလော့သည် ဝမ်းနည်းမှုကြောင့် သူ့နှလုံးသားသည် လည်ချောင်းဝတွင် တစ်ဆို့ဆို့ဖြစ်လာကာ
"ဒါဆို ငါကသူ့ကို ချစ်နေခဲ့တာပေါ့"
သို့သော် သူသည် ချီယုံနှင့် လမ်းခွဲဖို့ လုပ်ခဲ့သေးသည်။
မည်မျှ ဝမ်းနည်းစရာကောင်းပြီး ဟာသမြောက်ပါသနည်း။
သူ၏ ခေါင်းမာမှုတို့ကြောင့် သူ့ခံစားချက်များကို နားမလည်နိုင်ခဲ့ပေ သို့သော် သူနားလည်သွားသည့်ခါတွင်လည်း ချီယုံ့ကို ဘယ်သောအခါမှ ထပ်၍ တွေ့ရတော့မည်မဟုတ်သလို လမ်းခွဲဖို့ရော အတူတူနေကြဖို့ရော မပြောနိုင်တော့ပေ။
....
တောင်ခြေတွင်
ချီယုံသည် အကြောင်းပြချက်တချို့ကြောင့် ထိုင်မနေနိုင်ဖြစ်နေသည်။
သူသည် တောင်ခြေတွင် ဆက်တိုက်လမ်းလျှောက်နေပြီး သူ့ခြေလှမ်းများသည် တောင်ခြေနှင့် ဝေးကွာသော နေရာထိလည်း လျှောက်မသွားနိုင်ခဲ့ပေ။
အချိန်ကုန်လာလေ သူ့နှလုံးသားထဲမှ မှောင်မှိုင်းမှုတို့သည် လျော့ကျမသွားသည့်အပြင် ပို၍ ဆိုးဝါးလာသေးသည်။
ချီယုံသည် အံ့အားသင့်စရာကောင်းလောက်အောင် မလွယ်ကူမှုကို ခံစားမိနေသည်။
ချီယုံသည် သူ့ကိုယ်သူ စိတ်ဆိုးနေကြောင်း သတိထားမိလိုက်ပြီး ခပ်ဟဟရယ်၍ လှောင်လိုက်မိသည်။
သို့သော် သူ့အပြုံးသည် ရုတ်တရက် တောင့်တင်းသွားပြီး မကောင်းဆိုးဝါးသည် သူ့ပါးစပ်ကို ထပ်၍ ကွေးတက်မသွားရန် ဇွတ်ထိန်းချုပ်နေသည်။
နောက်ဆုံးတွင် သူ့ကိုယ်သူ လိမ်ညာရန် ကြိုးစားနေခြင်းကို စွန့်လွတ်လိုက်ကာ တောင်တက်လမ်းပေါ်သို့ လျှောက်သွားလိုက်ပြီး တဝူတောင်ကြောကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာချောချောသည် အမူအယာမဲ့နေပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။
လေထုသည် ခြောက်သွေ့နေပြီး သူ့စိတ်တို့သည် တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်တော့မည်ဟူသော ဝေဝါးသော ခံစားချက်များကြောင့် အနားမရဖြစ်နေသည်။ ချီယုံ၏ နှုတ်ခမ်းပါးသည် တစ်ဖြောင့်ထဲ ဖြစ်သွဦးသည်။
သူ၏ ဖြစ်တည်မှု တစ်ခုလုံးသည် သုန်မှုန်လာပြီး ရုတ်တရက် သူ့ခါးမှ မှဲ့သုံးလုံးဆီမှ ပူပြင်းမှုကို ခံစားလိုက်ရသည်။
ချီယုံသည် တောင့်ခနဲဖြစ်သွားပြီး အာရုံပြောင်းသွားသည်။
မှဲ့သုံးလုံးတောက်ပလာပြီး ပူလောင်လာခြင်းသည် သူ၏ တခြားသော အခြမ်းသည် သေခြင်းရှင်ခြင်းကြားတွင် ကပ်ဆိုက်သော အခြေအနေသို့ ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။
ချီယုံ၏ မျက်လုံးများသည် နက်မှောင်သွားပြီး စကားတစ်ခွန်းမှ မဆိုပဲ သူ့နောက်မှ မြူနက်များထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ ရစ်ပတ်သွားပြီး သူသည်လည်း မြူနက်များအဖြစ်ပြောင်းလဲသွားကာ တဝူတောင်ပေါ်သို့ တုံ့ဆိုင်းခြင်းမရှိ လျင်မြန်သော အရှိန်ဖြင့် တက်သွားတော့သည်။
....
နဂါးရေကန်ထဲတွင် လှုပ်ရှားမှုသည် နည်းသည်ထက် နည်းလာသည်။
ထန်ပိနှလုံးသားထဲမှ ခံစားချက်တို့သည်လည်း ဆိုးဝါးသည်ထက် ဆိုးဝါးလာပြီး သူသည် ကံကြမ္မာယုံသူ၏ တိုက်ခိုက်မှုကို ရှောင်ရမည့်အစား ရေကန်အစွန်းသို့ အမြန်ပြေးသွားကာ ရေကန်ထဲသို့ လက်တစ်ဖက်နှိုက်၍ ကျန်းလော့ကို ဆယ်ယူဖို့ ကြိုးစားသည်။
သို့သော် နာကျင်မှုကြောင့် သူ့လက်သည် ချက်ချင်း နို့နှစ်ရောင်ရေများထဲမှ ပြန်ရုတ်သွားခဲ့သည်။ ထန်ပိသည် လက်ကိုရုတ်လိုက်ပြီး ကြည့်လိုက်ရာ သူ့လက်သည် အရိုးဖြူဖြူတို့သာ ကျန်တော့သည်။
ထန်ပိသည် နာကျင်မှုကြောင့် ချွေးများထွက်လာပြီး လည်ပင်းမှ အကြောများထောင်ထလာကာ ရေကန်အောက်ခြေကို ကြည့်၍ အော်လိုက်သည်။
"ကျန်းလော့"
ပင်ကိုအသိက ပြောနေသည်မှာ ဤရေများသည် တစ်စုံတစ်ခု ကြောက်စရာကောင်းသော အရာများဖြင့် ဖွဲ့စည်းထားပြီး သူသာ ရေထဲဆင်းလိုက်လျှင် သေချာပေါက် ချက်ချင်း သေသွားမည်ဖြစ်သည်။
ကံကြမ္မာယုံသူသည် ထန်ပိကို ဆက်၍ အခွင့်ကောင်းယူ မတိုက်ခိုက်ပေ။ သူသည်လည်း နဂါးရေကန်ထဲသို့ ကြည့်နေပြီး ရှုပ်ထွေးသော ခံစားချက်တချို့သည် သူ့မျက်လုံးထဲတွင် ခပ်ရေးရေး ပေါ်ထွက်လာပြီး
"ဒီနေရာက နဂါးသွေးကြောရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းပဲ မကောင်းဆိုးဝါးတွေကို အဖိနှိပ်ပေးနိုင်ဆုံး စွမ်းအားအကြီးဆုံးနေရာ မင်းသူ့ကို မကယ်နိုင်ဘူး"
ထန်ပိသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ့လက်ထဲမှ ဓားကို ရေကန်ထဲချ၍ ကျန်းလော့ကို ဆယ်ယူဖို့ အားကုန်ကြိုးစားသည်။
"ကျန်းလော့"
ကံကြမ္မာယုံသူသည် မျက်မှောင်ကုတ်သွားပြီး ထန်ပိကို ရေကန်နှင့် ဝေးရာသို့ တွန်းလွတ်ပစ်လိုက်ကာ
"မင်းသူ့ကို ဒီနေ့ မနှောက်ယှက်သင့်ဘူး"
"အား..."
ထန်ပိသည် နီရဲနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်ကာ သူ၏ ဓားကြီးဖြင့် နောက်ပြန်ထိုးထည့်လိုက်ပြီး
"ငါ မင်းကို သတ်မယ်"
ကံကြမ္မာယုံသူသည် ညင်သာစွာ နောက်သို့ခုန်၍ ရှောင်တိမ်းလိုက်ပြီး ရုတ်တရက် ပေါ်မှ တွင်းနက်ကို ကြည့်လိုက်သည်။
ဖျော့တော့သော မြုနက်တစ်ခုသည် တွင်းနက်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ မြူနက်သည် ပါးလျပြီး လူတစ်ယောက်၏ အရွယ်အစားအတိုင်း ဖြစ်သည်။ မြူနက်သည် မြေပြင်ပေါ်သို့ ကျလာသည်နှင့် ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးပေါ်လာသည်။
ကံကြမ္မာယုံသူသည် ချီယုံ့ကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ပြီး သူ့မျက်လုံးသည် အနည်းငယ် ယောက်ယက်ခတ်သွားသည်။
'နောက်ဆုံးတော့ ချီယုံရောက်လာပြီ'
ထန်ပိသည် ချီယုံ နဂါးသွေးကြော၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်လာလိမ့်မည်ဟု မယုံနိုင်သော်လည်း သူသည် သတိလက်လွတ်ဖြစ်သွားလို့ မဖြစ်စွာ ကောက်ရိုးတစ်မျှင်တွေ့သော သူကဲ့သို့ အလောတကြီး ပြောလိုက်သည်။
"သခင် ကျန်းလော့က ရေထဲမှာ"
မကောင်းဆိုးဝါးသည် နည်းနည်းမှ ဒဏ်ရာရထားသည့်ပုံမပေါ်သော်လည်း သူ့မျက်နှာသည် ပုံမှန်ထက် ပို၍ ဖြူရော်နေကာ မျက်လုံးများသည် သွေးထွက်မတတ် နီရဲနေသည်။
ထန်ပိကိုရော ကံကြမ္မာယုံသူကိုပါ မကြည့်ဘဲ ရေကန်ဆီသို့ တောက်လျှောက် လျှောက်သွားပြီး မပြောမဆိုဖြင့် ရေကန်ထဲသို့ တိုက်ရိုက် ခုန်ချသွားတော့သည်။
######
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။