အပိုင်း (၁၉၀) ချိန်းတွေ့တဲ့ မြင်ကွင်း
နဂါးသွေးကြောအကြောင်း ထုတ်ဖော်ပြောပြီးနောက် တာအိုဆရာတော် ဝေ့ဟယ်သည် သူ့သဘောထားကို ရှင်းလင်းအောင် လုပ်ပြီးသွားပြီဖြစ်သည်။ ကျန်းလော့ကို ကုသပေးပြီးနောက် သူသည် မာထန်သော အသံဖြင့်
"မင်းရဲ့ကိုယ်ထဲက စွမ်းအားတွေကို ဖိနှိပ်ဖို့ နဂါးသွေးကြော ရှာမတွေ့ခင်ထိ ကျုပ်မင်းကို နာကျင်မှုသက်သာအောင် နည်းလမ်းတစ်ခု ရှာပေးမယ် မင်းလည်း ကျုပ်လူတွေကို လွတ်ပေးမယ်လို့ မျှော်လင့်ပါတယ် ဒါမှမဟုတ် မင်း သူတို့နေဖို့ အခန်းတစ်ခု စီစဉ်ပေးပါ"
သူသည် ချီယုံ့ကို မကြည့်ရဲသော်လည်း ချီယုံကတော့ ဒေါသထွက်မသွားသည့်အပြင် မြူးထူးစွာ ရယ်မောလိုက်သေးသည်။ ထို့နောက် တဖြည်းဖြည်း အားရပါးရရယ်လာပြီး တာအိုဆရာတော် ဝေ့ဟယ်၏ ခန္ဓာကိုယ် တောင့်တင်းလာသည်ကို မြင်တော့မှ အရယ်ရပ်သွားကာ စိတ်ထဲမထားသလို ပြောလိုက်သည်။
"ကျုပ်လုပ်ပေးမှာပါ သေချာပေါက် ခင်ဗျားသာ ဖြစ်မြောက်နိုင်တဲ့ ကတိပေးပြီး ကတိအတိုင်း တည်အောင်လုပ်မယ်ဆို ခင်ဗျားရဲ့ တောင်းဆိုမှုက မဖြစ်လာနိုင်စရာ မရှိပါဘူး"
သူသည် ဘာမှထပ်မပြောရဲတော့ဘဲ ထန်ပိနောက်သို့ မည်းမှောင်နေသော မျက်နှာဖြင့် လိုက်သွားလေသည်။ သူ့လူများ ထိခိုက်နာကျင်မှုများ ခံစားရခြင်းတို့ကို ရပ်တန့်ပေးနိုင်ရန် ဝေ့ဟယ်သည် အားကြိုးမာန်တက် ကြိုးစားခဲ့ပြီး နောက်တစ်နေ့ မနက်အစောပိုင်းတွင် နည်းလမ်းတစ်ခုကို အောင်မြင်စွာ ရှာဖွေ တွေ့ရှိခဲ့သည်။
ကျန်းလော့၏ အခြေအနေသည် နည်းလမ်းရှာတွေ့သည့် ရက်မှာပင် သိသာစွာ အနည်းငယ် သက်သာလာခဲ့သည်။
နဂါးသွေးကြောနှင့် ကံကြမ္မာယုံသူတို့ကို ရှာဖွေရန်မှာ နှစ်ခုလုံး အချိန်ယူရသည့် ကိစ္စဖြစ်သော်လည်း နေ့ရက်တိုင်းသည် အသက်ရှင်သန်နိုင်ဖို့ နည်းလမ်းရှာပြီး ရှင်သန်ရုန်းကန်နေရတုန်း ဖြစ်သည်။
ကျန်းလော့သည် နေရင်းထိုင်ရင်း ဘဝသည် တဖြည်းဖြည်း ခက်ခဲလာသည်ကို တွေ့ရှိခဲ့သည်။ ထိုသို့ခက်ခဲရခြင်းမှာ သူ့ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲ ချီယုံ့ကြောင့်သာ ဖြစ်လေသည်။
ချီယုံ၏ တောင်းဆိုမှုများကို သဘောတူလိုက်ကတည်းက ကျန်းလော့သည် ချီယုံ့ကို မြင်လိုက်တိုင်း ခံစားချက်တို့ကို ထုတ်မပြသော်လည်း သူ့နှလုံးသားထဲတွင် ထူးဆန်းသော နူးညံ့သိမ်မွေ့သော တစ်စုံတစ်ရာကို ခံစားမိလာတတ်သည်။
သူတို့ ဆက်ဆံရေး တရားဝင်ဖြစ်ပြီး သုံးရက်ကြာပြီးနောက် ကျန်းလော့သည် သူတို့နှစ်ယောက်ထဲ ရှိနိုင်မည့် အနေအထား အချိန်တို့ကို တတ်နိုင်သမျှ ရှောင်ရှားပြီး နေလေသည်။ သို့သော် သူသည် အခွင့်အရေးမှန်သမျှကို ရှောင်နေသည်။ ထို့ကြောင့် ချီယုံ ကျန်းလော့ကို တွေ့သည့် အချိန်တိုင်းသည် အိပ်နေလျှင် အိပ်နေ မဟုတ်လျှင် အလုပ်များနေသည်ချည်း ဖြစ်နေသည်။ သူတို့သည် တစ်နေရာထဲတွင် နေသည်မှန်သော်လည်း အမြဲတမ်း မတွေ့ရပေ။
ညတိုင်းညတိုင်း ကျန်းလော့သည် သူအိပ်နေချိန်မျိုးတွင် မကောင်းဆိုးဝါး၏ အဓိပ္ပာယ်ပြည့်ဝနေတတ်သော အကြည့်တို့ကို ခံစားမိပြီး အကြည့်တို့သည် ပူလောင်ခက်ထန်နေသော သားရဲဝံပုလွေကြီးလို ဖြစ်သွားလိုက် အေးစက်ပျော့စိနေသော မြွေတစ်ကောင် ၏ ရစ်ပတ်ခံနေရသော ခံစားချက်မျိုးကို နေ့တိုင်း ခံစားနေရသည်။
ကျန်းလော့သည် ချီယုံက သူ့ကို ကြည့်လာတိုင်း ကျောရိုးပေါ်တွင် အပေါက်ကြီး နှစ်ပေါက် ဖြစ်သွားသလို ပျော့ခွေနှုန်းချိသွားသလို ခံစားရသည်။
ကျန်းလော့သည် ဘာမှမသိသလို ဟန်ဆောင်နေပြီး လူးလှိမ့်သလိုလိုနှင့် ချီယုံ့ကို ကျောပေးသွားတတ်ပြီး မကောင်းဆိုးဝါးနှင့် ဝေးရာဘက်သို့ လိမ့်သွားတတ်သည်။
မကောင်းဆိုးဝါးနှင့် တစ်အိပ်ရာထဲ အိပ်ရခြင်းသည် ကျန်းလော့အတွက် ကျားတစ်ကောင်၏ သားရေပေါ်တက်အိပ်ပြီး ကျားနှင့် ကစားနေရသလို ခံစားရသော်လည်း ကျန်းလော့သည် ဤနေ့ရက်များအတွင်း တစ်ကြိမ်မျှ ကျားကိုက်မခံရပေ။
ကျန်းလော့၏ စိတ်ခံစားချက်များသည် ရောထွေးနေသည်။ ချီယုံ့ကို မြင်သောအခါ သူသည် မထိန်းချုပ်နိုင်လောက်အောင် ချီယုံ့နား သွားချင်ပြီး သူ့ကို ရန်စချင်ကာ နောက်မှတကောက်ကောက် ပတ်လိုက်ချင်ပြီး မကောင်းဆိုးဝါးနှင့်အတူ ကျားပါးစပ်မှ နှုတ်ခမ်းမွှေးကို သွားနုတ်ပြီး အတူတူ ပြဿနာရှာပစ်ချင်သည်။ ထိုခံစားချက်များသည် ချီယုံ့အရိပ်ကို မြင်လျှင်တောင် မနားမနေ ပေါ်ထွက်လာတတ်သော ခံစားချက်များ ဖြစ်သည်။
သို့သော် ကျန်းလော့ ချီယုံ့ကို မမြင်သော အချိန်တွင် ကျန်းလော့၏ အသိတရားတို့ ပြန်ဝင်လာတတ်ပြီး သူ၏ မကောင်းဆိုးဝါး ချီယုံကို မုန်းသော လူကောင်းလေး ပြန်ဖြစ်သွားသည်။
လေးရက်နေ့ညနေခင်း မတိုင်ခင်အထိ ထိုအခြေအနေတိုင်း ဆက်ဖြစ်နေခဲ့ပြီး ထိုနေ့ညနေတွင် ကျန်းလော့တစ်ယောက် ရေချိုးပြီး ထွက်လာချိန်တွင် သူသည် လုပ်နေကျအတိုင်း အိပ်ရာစောစောဝင်သည့် လှည့်ကွက်ကို ဆက်လက် အသုံးချဖို့ လုပ်ပြီး အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ သို့သော် မကောင်းဆိုးဝါးက သူ့ကို အခန်းထဲတွင် ကြိုစောင့်နေသည်။
မကောင်းဆိုးဝါးသည် ပွဲတက်ဝတ်စုံဝတ်ထားပြီး ဝတ်စုံမှ ဘောင်းဘီရှည်သည် ကော့စင်းနေပြီး သူသည် ပါတီပွဲတစ်ခုခုသို့ သွားတော့မည့် ပုံပေါ်နေသည်။ သူသည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး မည်မျှ ကြာမည်မသိ အချိန်ဆွဲနေသော ကျန်းလော့ကို စိတ်ရှည်ရှည် ထိုင်စောင့်နေသည်။
ကျန်းလော့သည် မကောင်းဆိုးဝါး၏ နောက်တစ်စက္ကန့်အတွင်း အိမ်မှ ထွက်သွားတော့မည့် ပုံစံကို ကြည့်ရင်း ဦးရေပြားများ စပ်ဖျင်းဖျင်းဖြစ်လာသည်။ မကောင်းဆိုးဝါး၏ နှုတ်ခမ်းတို့သည် အပေါ်သို့ ကွေးတက်နေသည်။ သူသည် ဘာမှမဖြစ်ဟန်ဆောင်၍ ခေါင်းသုတ်နေပြီး ရေချိုးခန်းဝတ်ရုံကို ဆွဲဆန့်လိုက်ကာ သွယ်ဝိုက်သောနည်းဖြင့်
"အပြင်သွားစရာ ရှိလို့လား"
"အင်း"
မကောင်းဆိုးဝါးသည် နှုတ်ခမ်းများကို ကွေးလိုက်ပြီး
"ကိုယ်တို့ ချစ်သူတွေ ဖြစ်လာပြီးထဲက နှစ်ယောက်ထဲ အေးအေးဆေးဆေး တွေ့ရတဲ့ အချိန်မရှိသေးဘူးလေ ဒီညကတော့ တကယ်ကောင်းတဲ့ အခွင့်အရေးဆိုတော့..."
ကျန်းလော့သည် သူ့ကို လေးနက်စွာ စိုက်ကြည့်၍ သူ၏ မနှစ်မြို့သော စိတ်ခံစားချက်များ ပေါက်ထွက်လာမလို ခံစားလာရသော်လည်း သူသည် ထိုခံစားချက်များကို ဖိနှိပ်ပြီး
"... မရလောက်ဘူး အခုက တော်တော် နောက်ကျနေပြီလေ"
မကောင်းဆိုးဝါးသည် မျက်ခုံးပင့်လိုက်ပြီး ဘယ်ဖက်လက်ကို ဆန့်ထုတ်၍ အချိန်ကိုကြည့်လိုက်သည်။
"အခုမှ ညနေခင်း ခုနှစ်နာရီကျော်လောက်ပဲ ရှိသေးတာကို"
"ည ခုနှစ်နာရီပါ..."
ကျန်းလော့သည် သူမသွားချင်ကြောင်း ငြင်းလိုက်ပြီး လည်ချောင်းရှင်းလိုက်ကာ
"မင်း ဒီနေ့ည အဆင်ပြေရဲ့လား"
မကောင်းဆိုးဝါးသည် ပျင်းရိစွာ ဖြေလိုက်ပြီး ကျန်းလော့ကို ခေါင်းစောင်း ကြည့်လိုက်သည်။ သူ့မျက်နှာတွင်
"မင်း ဘာဆင်ခြေတွေထပ်ပေးဦးမလဲ ကြည့်နေဦးမယ်" ဟု ရေးထားသလိုပင်
ထို့နောက် အေးဆေးစွာ မေးလိုက်သည်။
"မင်းက ကိုယ့်ချစ်သူအနေနဲ့ ကိုယ်နဲ့ ရှေ့လျှောက် အတူတူ အချိန်မကုန်ချင်ဘူးလား"
ကျန်းလော့ "................."
'ငါက ဘာများ ထပ်ပြီး ဆင်ခြေပေးနေရဦးမှာလဲ'
သူသည် စုတ်သပ်လိုက်ပြီး ခေါင်းကို တဘက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်ကာ တဘက်ကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီး သူ့အင်္ကျီများထည့်ထားသော ဗီဒိုဆီသို့ သွားလိုက်သည်။
မည်သူက အလွန်တွေးတောတတ်သည်လည်းတော့ မသိသော်လည်း ကျန်းလော့ကို ချီယုံခေါ်လာပြီး နောက်နေ့တွင် ကျန်းလော့အတွက် များစွာသော ဈေးကြီးကြီး ပစ္စည်းများ ဝယ်ထားလေသည်။ ဆောင်းတွင်းမှ နွေဦး ဆောင်းဦးအထိ အဝတ်စားများမှအစ သွားတိုက်တံများ ခေါင်းဘီးများနှင့် ခေါင်းစည်းကြိုးများအထိ ကျန်းလော့လိုအပ်နိုင်သော ပစ္စည်းများအားလုံးကို ဝယ်ဖြည့်ထားပေးလေသည်။
ကျန်းလော့သည် ဗီလိန်ကောင်၏ အဝတ်အစား ဝတ်စားထားပုံကို အထင်ကြီးမိပြီး သူကိုယ်တိုင်ဝတ်မည့် အဝတ်အစားတို့ကို ဂရုတစိုက် ရွေးချယ်လေသည်။
သူသည် နောက်ဆုံးတွင် ကွက်တိကျသော သွယ်လျစေသော အဝတ်အစားတို့ ဝတ်ရန်ဆုံးဖြတ်လိုက်ပြီး လည်ဝိုက်ဆျယ်တာ အနက်ရောင်တစ်ထည်ကို အောက်ရှူးဘောင်းဘီရှည်ဖြင့် တွဲယူလိုက်ပြီး အပေါ်မှ ကုတ်အင်္ကျီအနက်ရောင်တစ်ထည်ဝတ်ရန် ထုတ်လိုက်ကာ နောက်တစ်စက္ကန့်တွင် အတွေးပေါက်သွားပြီး ဗြိတိသျှစတိုင် မီးခိုးရောင် လည်စည်းကို ယူလိုက်သည်။
ကျန်းလော့သည် အင်္ကျီများ ရွေးပြီးနောက် ရေချိုးခန်းဝတ်စုံကို ဖြည်ချလိုက်ဖို့ လုပ်လိုက်ပြီး ခါးပတ်ကြိုးကို ဆွဲတော့မည့်အချိန်တွင် တစ်စုံတစ်ခု တွေးမိသွားပုံရပြီး
"အိုး "
အဝတ်အစားများကို ရေချိုးခန်းဆီသို့ သယ်သွားကာ
"ဆောရီး မင်းဒီမှာ ရှိနေတုန်းဆိုတာ မေ့သွားတော့မလို့ အပြင်သွားပြီး လဲလိုက်မယ်"
မကောင်းဆိုးဝါးသည် ကောင်လေး သူ့မြင်ကွင်းမှ ပျောက်သွားသည်အထိ လိုက်ကြည့်နေပြီး မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူသည် ကျန်းလော့ တမင်တကာလုပ်သည်ကို သိသော်လည်း သိနေရင်းနှင့်ပင် ကျန်းလော့လုပ်သမျှကို ပူးပေါင်းပေးနေခဲ့သည်။
ကျန်းလော့သည် သူ့ကိုယ်သူ မှန်ထဲတွင်ကြည့်လိုက်ပြီး စတင်၍ အဝတ်လဲတော့သည်။ မှန်ထဲတွင် သူသည် အလွန်လှပနေပြီး သူ့ဆံပင်အရှည်များသည် ဆွယ်တာလည်ပင်းနားသို့ ခွေကျနေကာ မျက်ခုံးများသည် အကွာအဝေးသီးသန့်စီရှိနေပြီး သူ့ကို ချောမောနေအောင် ထောက်ပံ့ပေးနေသည်။ တစ်ကိုယ်လုံး ခြုံကြည့်လိုက်လျှင် သူသည် မဟာဆန်သော မင်းသားတစ်ပါးကဲ့သို့ ခန့်ညားချောမောနေလေသည်။
ကျန်းလော့သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သော်လည်း သူသည် တစ်ကိုယ်လုံး မည်းနက်နေသလို ထင်ရသည်။ ဝတ်ထားသမျှသည် အမည်းရောင်များ ဖြစ်နေသောကြောင့် မည်းနက်နေသည်မှာ အံ့ဩစရာ မရှိပေ။ သူသည် ပြီးပြည့်စုံရန် အဆုံးသတ် ဝတ်ဆင်ရန် အနည်းငယ် ပတ်ကြည့်လိုက်သောအခါ အတော်လေး ရင်းနှီးနေသော အနက်ရောင် ပုလင်းနှင့် ရေကရားလို အရာမျိုးထဲတွင် ပတ္တမြား အဆင်တန်ဆာတို့ကို တွေ့လိုက်ရသည်။
နှင်းဆီနီပုံ ရင်ထိုး၊ ပတ္တမြားလက်ကြယ်သီးများနှင့် အနက်ရောင်ဖြစ်လုလု သွေးနီရောင် ကျောက်ဖြင့် ပြုလုပ်ထားသော အင်္ကျီကြယ်သီးများ...
ကျန်းလော့သည် ထိုရင်းနှီးနေသော ပစ္စည်းများကို ကြည့်၍ မျက်ခုံးများတွန့်သွားသည်။ သူသည် ထိုပစ္စည်းများကို ရေကန်ထဲလွင့်ပစ်လိုက်သည်မှာ သေချာသော်လည်း သူတို့ကို ချီယုံက ပြန်ယူလာသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ကျန်းလော့သည် ပစ်ထုတ်မည့်အစား အေးဆေးစွာ တစ်ခုချင်း ဝတ်ဆင်လိုက်သည်။ ကျန်းလော့သည် ကျောက်နားကပ်တို့ကို နားတွင်ပန်လိုက်သည်။ ထိုလက်ဝတ်တန်ဆာ သေးသေးလေးများသည် အံ့ဩစရာကောင်းလောက်သော သက်ရောက်မှုကောင်းတချို့ပေးလေသည်။ မှန်ထဲတွင် သူသည် နူးညံ့စွာ ပြောင်းလဲသွားပြန်ပြီး သွေးနီရောင်ကျောက်နားကပ်သည် စကားပြောလိုက်တိုင်း ဆံပင်နက်နက်များကြားတွင် လက်ခနဲလက်ခနဲ တောက်ပနေလေသည်။
ကျန်းလော့၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားပြီး သူ့ကိုယ်သူ မှန်ထဲသို့ ကျေနပ်လောက်အောင် ကြည့်ပြီးနောက် အပြင်ထွက်လာတော့သည်။
ချီယုံသည် စိတ်ရှည်စွာ စောင့်နေပြီး သူ့ကို မြင်သောအခါ အပြုံးတို့သည် ပို၍ ပီပြင်လာပြီး ကျန်းလော့နားထိ လျှောက်လာကာ နင့်နင့်နဲနဲ ကြည့်လိုက်ပြီး
"မင်းက ဒီနေ့ည မင်းနဲ့မတူအောင် ကွဲထွက်နေတယ်"
"ဟုတ်လား"
ကျန်းလော့သည် ခေါင်းစဉ်ပြောင်းလိုက်သည်။
"အပြင်မသွားတော့ဘူးလား သွားမယ်လေကွာ"
မတ်လရောက်ပြီဖြစ်ပြီး ကျန်းလော့သည် အပြင်ဘက်တွင် ကုတ်အင်္ကျီ ဝတ်လာသောကြောင့် ပူနေမည် ထင်ထားသော်လည်း အပြင်သို့ ရောက်သွားသောအခါ နှင်းကျနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
ကျန်းလော့သည် ရှုပ်ထွေးပွေလီသော မြေအောက်ခန်းထဲမှ ထွက်လာပြီးနောက် လက်ဆတ်သော လေကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး ညအချိန်၏ အလင်းမှိန်မှိန်အောက်တွင် နှင်းပွင့်များကို ကြည့်၍ စိတ်အခြေအနေကောင်းလာသည်။
"မတ်လကြီးမှာ နှင်းကျတာတွေ့ဖို့ မျှော်လင့်မထားမိဘူး"
သူသည် ရှေ့တိုးသွားပြီး နှင်းပွင့်တစ်ချပ်ကို ဖမ်းလိုက်သည်။
"ငါ ရက်တော်တော်ကြာအောင် အပြင်မထွက်ဘဲနေနေရတာ ထုံထိုင်းနေပြီ"
ပါးစပ်နှင့် နှာခေါင်းတို့မှ လေအေးများရှူသွင်းလိုက်ပြီး အဆုတ်ထိရောက်သွားကာ မသိလျှင် ပူရှိန်းသကြားလုံးများ ပလုတ်ပလောင်း စားလိုက်မိသလို ဖြစ်သွားသည်။
ကျန်းလော့သည် ဒီရာသီအတွက် ဝတ်ထားသောကြောင့် အရမ်းကြီး အေးသည်ဟုတော့ မခံစားမိပါချေ။
ဗီလိန်သည် သူ့အင်္ကျီလက်ကြယ်သီးများကို ခေါင်းငုံ့၍ ပြင်တပ်နေပြီး သူ့အဝတ်အစားများမှ အနက်ရောင် အရိပ်ခတ်တချို့သည် လှပစွာ အလင်းရောင်အောက်တွင် ရောင်ပြန်ဟပ်နေကြသည်။
သူ့ခန္ဓာကိုယ်သည် အလွန်အေးစက်နေပြီး အနောက်တိုင်းဝတ်စုံတစ်ထပ်ထဲသာ ဝတ်ထားခဲ့သည်။
နှင်းပွင့်ချပ်များသည် သူ့ပုခုံးပေါ်သို့ ကျလာပြီး သူ့ခန္ဓာကိုယ် အပူချိန်ကြောင့် အရည်ပျော်မသွားပါပေ။
နှင်းပွင့်များကြားတွင် ခန့်ညားသော မကောင်းဆိုးဝါးသည် ကျော့ရှင်းသော အပြုအမူဖြင့် သူ့အင်္ကျီများကို ဆွဲဆန့်လိုက်လေသည်။ သူသည် ကျန်းလော့၏ အကြည့်များကို သတိထားမိနေပြီး မသိမသာ မျက်ခုံးပင့်သွားကာ သူ့မျက်လုံးနက်နက်များတွ၍် ဆိုးယုတ်မှုတချိ့ ပုန်းကွယ်သွားပြီး ကျန်းလော့ကို ပြန်ကြည့်သည်။
မကောင်းဆိုးဝါး မအေးသည်မှာ အလွန်ကောင်းသေည်။ သို့သော် သူတစ်ယောက်ထဲ အေးစက်မှုများ ခံစားနေရသည်ကတော့ အဆင်မပြေပေ။
ကျန်းလော့သည် မေးစေ့ကို မာဖလာထဲသို့ သွင်းလိုက်ပြီး နွေးထွေးလာစေရန် ကြိုးစားနေကာ အေးလွန်း၍ တုန်နေသည်။
မကောင်းဆိုးဝါးသည် ဂရုမစိုက်စွာ မေးလိုက်သည်။
"မင်းအေးလို့လား"
ကျန်းလော့၏ အဖြေကို မစောင့်ဘဲ လက်ဆန့်လိုက်ပြီး ကျန်းလော့လက်များကို ဆွဲယူကာ လက်ချောင်းရှည်ရှည်များသည် ကျန်းလော့လက်ချောင်းများနှင့် တွယ်ယှက်သွားသည်။
ကျန်းလော့ "..........."
"လခွမ်း မင်းရဲ့လက်က လူသေလက်လို သောက်ကျိုးနည်းအောင်အေးစက်နေတာကွ နှင်းပွင့်တွေထက် လူသေလက်က ပိုသာတယ် ထင်နေလား"
ကျန်းလော့သည် မညှာမတာ သူ့လက်များကို ဇွတ်ဆွဲထုတ်သော်လည်း မကောင်းဆိုးဝါး၏ လက်ချောင်းများသည် သံလှောင်အိမ်ကဲ့သို့ပင် အလွန်မြဲမြံနေပြီး ကျန်းလော့သည် ထိုလက်ထဲမှ လွတ်ချင်လျှင် သူ့လက်ကို ဖြတ်ပစ်မှ ရပေလိမ့်မည်။
ကျန်းလော့သည် ရိုးရှင်းစွာပင် လက်လျော့လိုက်ပြီး ချီယုံ့ကို ဆက်ကိုင်ခိုင်းထားလိုက်တော့သည်။
ညနေခင်း ခုနှစ်နာရီကျော် နှင်းကျနေသည့် ကောင်းကင်ကြီးအောက်တွင် သူတစ်ယောက်ထဲသာ ရေခဲတုံးကိုင်ပြီး လမ်းလျှောက်နေရသည်။
သို့သော် မကြာခင်တွင် သူ့ထံမှ အပူငွေ့များသည် တခြားသူထံသို့ ကူးပြောင်းသွားပုံရကာ လက်ဖဝါးနှစ်ဖက် ဆက်နေရာနေရာတွင် အပူချိန်တို့ မြင့်တက်လာလေသည်။
အနွေးဓာတ်တို့ မြင့်တက်လာသည်နှင့် ကျန်းလော့သည် သူတို့နှစ်ယောက် တကယ်ကြီး လက်ကိုင်ထားကြကြောင်း သတိထားမိလာသည်။
ရိုးရှင်းပြီး အသုံးမဝင်သော အပြုအမူဖြစ်သည့် လက်ကိုင်ထားကြခြင်းသည် ကျန်းလော့နှင့် ချီယုံတို့ကို မည်သည့် ခံစားချက်မှ ဖြစ်ပေါ်မလာစေပေ။
သို့သော် ကျန်းလော့သည် သူနှင့် အတူရှိနေသည်မှာ ချီယုံဖြစ်နေသည်ကို အသိအမှတ်ပြုလိုက်ချိန်တွင် ထူးဆန်းသော စိတ်မသက်သာမှုတစ်ခု ခံစားလိုက်ရသည်။
ချစ်သူနှစ်ယောက်၏ စိတ်ကူးယဉ်ဆန်သော ဆက်ဆံၕေရးလေး
ကျန်းလော့သည် တစ်စုံတစ်ယောက်နှင့် ချစ်သူဖြစ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ချစ်သူနှင့် ကြည်ကြည်နူးနူး လက်ချိတ်ထားခြင်းသည်လည်း ပထမဆုံးအကြိမ်ဖြစ်သည်။
သူ့လက်များသည် တောင့်သွားပြီး ချီယုံသည် ထိုလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လာသည်။
ချီယုံ့လက်ချောင်းများသည် ကျန်းလော့လက်ချောင်းများကို ပွတ်သပ်နေပြီး တစ်ချောင်းပြီးတစ်ချောင်း မရပ်မနား လိုက်ပွတ်နေသောကြောင့် ကျန်းလော့၏ လက်ချောင်းရိုးများသည် မယားယံတော့လဲ နာကျင်လာသည်။
စေးကပ်ကပ် ချွေးစေးများလည်း ထွက်ပေါ်လာလေသည်။
ကျန်းလော့သည် ထပ်မံ၍ ရုန်းကန်လိုက်သော်လည်း ချီယုံသည် သူ့လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ ချီယုံသည် သူ့ကို လှည့်ကြည့်ပြီး ကျန်းလော့ကို လက်ကို မရုန်းတော့ရန် သတိပေးချက်များပါနေသည့် အကြည့်များဖြင့် ကြည့်သည်။
ကျန်းလော့သည် အနည်းငယ် စိတ်ဆိုးသွားပြီး နဖူးနှင့် လည်ပင်းမှ ချွေးများထွက်လာသည်။
သူ့လက်တစ်ဖက်ဖြင့် လည်စည်းကို လျော့သွားအောင် လုပ်လိုက်ပြီး လည်ပင်းနှင့် လည်စည်းကြားကို လက်ချောင်းဖြင့် ဟလိုက်ကာ ကော်လာထဲသို့ လေဝင်အောင် ယပ်ခတ်သလို လုပ်လိုက်သည်။
"လွတ်စမ်းပါ ပူလာပြီ"
မကောင်းဆိုးဝါးသည် ကျန်းလော့လက်ဖမိုးကို ပြင်းပြစွာ ဖိကိုင်လိုက်ပြန်ပြီး သူ၏ အတင်းအဓမ္မအပြုအမူသည် သူ၏ ပိုင်စိုးလိုသော သဘောထားကို တစ်ချက်ထဲနှင့် ဖော်ပြသွားပြီး
"ကိုယ်ကတော့ ကိုင်ထားရတာ အရမ်းသက်တောင့်သက်သာ ဖြစ်နေတယ်"
ကျန်းလော့သည် ဒေါသတကြီး လှောင်ရယ်ပစ်သင့်သော်လည်း မကောင်းဆိုးဝါး၏ စကားများကို ကြားသောအခါ ဒေါသထွက်ရမည့်အစား အံ့ဩစရာကောင်းလောက်အောင် နူးညံ့စွာ ပျော်ရွှင်ကျေနပ်မိနေခဲ့သည်။
သူမည်သို့ ခံစားမိသွားကြောင်း သိသွားသောအခါ ဆံပင်အနက်ရောင်ကောင်လေး၏ မျက်နှာသည် ရှုံ့မဲ့သွားတော့သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ကို တိတ်ဆိတ်သော ရေကန်တစ်ကန်ဆီသို့ ခေါ်သွားသည်။
ရေကန်သည် လူလုပ်ရေကန်ဖြစ်ပြီး ရေကန်ဘေးပတ်လည်တွင် မိုးမခပင်များကို စိုက်ထားလေသည်။ ယခုနှစ်တွင် မိုးမခပင်များသည် အကိုင်းအခတ်အသစ်များ ထွက်ပေါ်လာပြီး ရေမျက်နှာပြင်နားထိ ကိုင်းများ ဖြာကျနေသည်။ မြေပြင်ပေါ်တွင် နှင်းများ မရှိသော်လည်း လမ်းတွင် မိုးမခရွက်များ ဖြန့်ခင်းထားသလို စိမ်းစိုနေကာ အကိုင်းအခတ်များပေါ်တွင်တော့ နှင်းပွင့်များ ရှိနေလေသည်။
ရေကန်သည် ငြိမ်သက်နေပြီး ရေကန်ရှုခင်းကို ရေမျက်နှာပြင်တွင် မှန်တစ်ချပ်လို မြင်နေရသည်။ ကျန်းလော့သည် ပုံမှန်ကျကျ မေးလိုက်သည်။
"ဒီမှာ ဘာလုပ်မလို့လဲ"
ချီယုံသည် ပြုံးလိုက်ပြီး ရေကန်ကို ကြည့်လိုက်သည်။ ထို့နောက် မိုးပေါ်သို့ မော့ကြည့်လိုက်ပြန်သည်။
ကျန်းလော့သည် မကောင်းဆိုးဝါးလုပ်သလို လိုက်လုပ်သည်။ သူသည် ကောင်းကင်ထက်မှ နှင်းများကို ဖြတ်၍ ဖြာကျနေသော မှုန်ဝါးဝါး လရောင်ကို တွေ့ရသည်။
မိုးကျနေချိန် သို့မဟုတ် နှင်းများကျနေသော အချိန်တွင် လကို မြင်ရသည်မှာ ပုံမှန်အခြေအနေမျိုး မဟုတ်ဘဲ အလွန်ရှားပါးသော မြင်ကွင်းဖြစ်သည်။ သို့သော် ယနေ့ညတွင် ထူးခြားစွာပင် အဝါရောင် လရောင်မှိုင်းမှိုင်းသည် နှင်းပွင့်များကို ဖြတ်၍ ရေကန်ကို အလင်းပေးနေသည်ကို မြင်ရသည်။
ကျန်းလော့သည် ထိုမြင်ကွင်းကို နှစ်ခြိုက်ပြီး စိတ်ဝင်စားနေသောအခါ မကောင်းဆိုးဝါးသည် စိတ်မပါလက်မပါ ပြောလိုက်သည်။
"တစ်ချိန်တုန်းက ထျန်းရှိဖူမှာ ကိုယ်ဝင်ပူးထားတဲ့လူကို သူ့ရဲ့အချစ်ရေးကိစ္စအကြောင်း ကြွားလုံးထုတ်ချင်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်"
"သူကပြောတယ်"
ကျန်းလော့သည် ရုတ်တရက် မွန်းကြပ်သော အမူအယာဖြစ်သွားပြီး မကောင်းဆိုးဝါးသည် သိချင်စိတ်ပြင်းပြသော အသံနှိမ့်နှိမ့်ဖြင့် ဆက်ပြောသည်။
"ကိုယ် အသက်ရှင်နေတုန်းက သူ့ကို ကိုယ်က သေလောက်အောင် စိတ်အနှောက်အယှက်ပေးပြီး နောက်က တစ်ချိန်လုံး လိုက်နေခဲ့တာတဲ့ ပြီးတော့ ကိုယ်သေသွားပြီးတဲ့ အချိန်မှာတောင် ကိုယ်က သူ့ကို စွဲစွဲလမ်းလမ်း ချစ်နေသေးတာတဲ့လေ ကျောင်းမှာ ကိုယ်က ကိုယ့်ရာထူးကို အသုံးချပြီး သူ့ကို လကြည့်ဖို့ အကြိမ်ပေါင်းများစွာ ရေကန်ကို ဖိတ်ခေါ်ခဲ့ဖူးတယ်တဲ့ ကျောင်းသားကျန်း ဒီ 'ချိန်းတွေ့တဲ့ မြင်ကွင်း'လေးက သူပြောခဲ့တာနဲ့ တူနေတယ်လို့ မထင်မိဘူးလား"
############
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။