အပိုင်း (၁၈၄) ချီယယ်၏ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်ခြင်း (၁)
ကောဝူချန်သည် ကံကြမ္မာယုံသူကို ဖြေရှင်းရန်အတွက် ကျန်းလော့ကို တစ်ခါက နည်းလမ်းနှစ်မျိုး ပြောခဲ့ဖူးသည်။ သူ့ကိုပူဇော်နေသည်များကို ရပ်တန့်လိုက်ရန်နှင့် ကံကြမ္မာယုံသူကို ကိုးကွယ်နေကြသည့် နောက်လိုက်များကို လုယူရန် ဖြစ်သည်။
"ဒါက ရေကို လိုက်ဖမ်းနေရသလိုပဲကွ ယုံကြည်ကိုးကွယ်သူတွေကို ရေဘုံပိုင်ခေါင်းလို့ ထားလိုက် သူတို့ရဲ့ ဆည်းကပ်ပူဇော်နေကြတာတွေကို ပိုက်ကထွက်လာတဲ့ ရေလို့ပဲ ယှဉ်ကြည့်လိုက်ဦး"
ကောဝူချန်က ပြောသည်။
"အခု ရေစီးကြောင်းက ကံကြမ္မာယုံသူ ရှိတဲ့ဘက်ကို တည့်တည့်လှည့်ပြီး စီးသွားနေတာ ပြီးတော့ ကံကြမ္မာယုံသူကို ဒီရေတွေကို စုပ်ယူမှာကို တားဆီးမယ်ဆိုရင် တစ်စုံတစ်ယောက်က ရေစီးမဲ့ လမ်းကြောင်းကို လွှဲလိုက်တာ ဖြစ်ဖြစ် မဟုတ်ရင် ရေပိုက်ခေါင်းကို သွားပိတ်တာဖြစ်ဖြစ် လုပ်ရတော့မှာ"
ရေပိုက်ခေါင်းကို ပတ်ခြင်းမှာ ကံကြမ္မာယုံသူ၏ ကိုးကွယ်ဆည်းကပ်သူများကို တခြား ယုံကြည်ရာတစ်ခု ရှာပေးကာ လမ်းလွှဲပေးရမည် သို့မဟုတ်ပါက ထိုကိုးကွယ်ဆည်းကပ်သူများကို သတ်ပစ်လိုက်မှ ဖြစ်မည်။ မည်သို့မှ ရှုပ်ရှုပ်ထွေးထွေး တွေးနေစရာမရှိအောင် အဖြေသည် ရှင်းလင်းနေသည်။ ၎င်းသည် ကျန်းလော့ အရင်တုန်းထဲက သိချင်နေသော ကိစ္စဖြစ်သည်။
"ဘယ်လိုလုပ်ပြီး ရေကို တခြားဘက်ကို နေရာပြောင်းပြီး စီးသွားအောင် ဘာလုပ်ရမလဲ"
ကောဝူချန် ခပ်ဖွဖွ ပြုံးလိုက်ပြီး စကားပြောကောင်းစွာဖြင့် အရည်မရအဖတ်မရစကားများကို လှည့်ပတ်ပြောနေသည်မှာ မိနစ်နှစ်ဆယ်ကျော်ကြာခဲ့ပြီဖြစ်ကာ သူစကားပြောနေသည်မှာ နိုင်ငံရေးသင်ခန်းစာတို့ကို နားထောင်နေရသလိုပင် ကနဦးရိုးရှင်းသော စကားလုံးများကို ရှုပ်ထွေးပွေလီသော စကားလုံးများး သုံး၍ ပြောနေလေသည်။ ကျန်းလော့သည် နားထောင်ရင်း ခေါင်းတွေပါ ကိုက်လာသည်။ သို့သော် ခဏကြာအောင် နားထောင်ပြီးနောက် တစ်ခုခုမှားနေသလို ခံစားရပြီး လက်မြှောက်၍ တားလိုက်သည်။
"ခဏလေး နေပါဦး နေပါဦး "
ကောဝူချန်သည် ကျန်းလော့ အသံကြားသည်နှင့် ချက်ချင်းစကားပြောရပ်လိုက်သည်။ ကျန်းလော့သည် တစ်ခဏလောက် တစိမ့်စိမ့် ချင့်ချိန်တွေးတောနေပြီး
"ဘာလို့များ မင်းတစ်ချိန်လုံး ပေါက်တက်ကရတွေ လျှောက်ပြောနေတယ်လို့ ခံစားနေရတာလဲ"
ကောဝူချန်သည် ထိတ်လန့်သွားပြီး ရုတ်ချည်း အလျင်အမြန် ခုခံပြောလိုက်သည်။
"မဟုတ် ငါမဟုတ် ကြည့်ပါဦး သခင်ကျန်း သခင် ဘယ်လိုများ ဒီလိုပြောနိုင်ရတာလဲ ကျွန်တော်သိတာတွေ အကုန်ပြောပြခဲ့ပါတယ် ဒါတော့ မငြင်းနဲ့ဗျာ"
ကျန်းလော့သည် ထမင်းဘူးထဲသို့ ဇွန်းပြန်ထည့်လိုက်ပြီး စူစူအောင့်အောင့်ပြုံး၍
"ကောဝူချန် တကယ်တမ်းကျတော့ ကံကြမ္မာယုံသူဆီသွားတဲ့ ကိုးကွယ်ဆည်းကပ်မှုတွေရဲ့ စီးဆင်းမှုဦးတည်ရာကို တကယ်တိတိကျကျ မသိထားဘူးမလား ဟုတ်တယ်ဟုတ်"
ကောဝူချန်သည် ပါးစပ်ပိတ်သွားပြီး မပီမပြင်အပြုံးဖြင့်
"သခင်ကျန်း ဒီလို တိုက်ရိုက်ကြီး ပြောစရာမလိုပါဘူး"
ကျန်းလော့သည် နှစ်ကြိမ်လောက် နှာမှုတ်လိုက်ပြီး
"အိုး မင်းငါ့ကို လှည့်စားဖို့လုပ်တာ ပေါ်သွားပြီပေါ့"
ကောဝူချန်သည် သဘောမတူစွာ ခေါင်းယမ်းလိုက်ပြီး
"ကျွန်တော်ပြောခဲ့တာတွေ အားလုံးမှာ အလိမ်အညာ တစ်ခုလေးတောင် မပါပါဘူးဗျာ ကံကြမ္မာယုံသူက သူ့ကို ပူဇော်တဲ့ အမွှေးနံ့သာတွေကို စားသုံးတဲ့ တကယ့် အတုအယောင်နတ်ဘုရားဗျ ပြီးတော့ ကျွန်တော်ခုနပြောတဲ့ နည်းလမ်းနှစ်ခုက ကံကြမ္မာယုံသူကို ရင်ဆိုင်နိုင်မဲ့ နည်းလမ်းတွေထဲမှာ ကျွန်တော် စမ်းသပ်ပြီးတဲ့ သက်ရောက်မှု အရှိဆုံး နည်းလမ်းဗျ အဲဒီနည်းလမ်းတွေကို အမှန်အတိုင်း ပြောပြတာက ဘယ်လိုလုပ်ပြီး လှည့်စားတာ ဖြစ်နိုင်ပါ့မလဲ ဗျာ"
'ဟာမ့်'
ကျန်းလော့သည် ကောဝူချန် သူ့ကို တစ်ကြိမ် လှည့်ပတ်ကစားတာကို ခံရပြီးပြီဖြစ်သည်။ ကောဝူချန်သည် ပူဇော်ခံပစ္စည်းများကြောင့် ကံကြမ္မာယုံသူ နတ်ဘုရား ဖြစ်လာသည်ကို သိနေခဲ့သော်လည်း ကံကြမ္မာယုံသူ မည်သို့ ထိုပူဇော်ခံပစ္စည်းများကို စုပ်ယူသည်ကို သူမသိသေးပေ။ တိဗက်ကျမ်စာကျောင်းဆောင်မှ ကျမ်းစာများတွင် ထိုနည်းလမ်းမပါဝင်သောကြောင့် ကံကြမ္မာယုံသူတစ်ယောက် ပိုင်လုဘုရားကျောင်းမှ အတွေ့အကြုံရှာမည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုနည်းလမ်းကို ရှာရန် ထွက်သွားခြင်း ဖြစ်ကြောင်း အနည်းနှင့် အများ ခန့်မှန်းမိခဲ့သည်။
ထိုအချက်ကြောင့်ပင် ကောဝူချန်တစ်ယောက် ကံကြမ္မာယုံသူကဲ့သို့ အတုအယောင်နတ်ဘုရား တစ်ပါး ဖြစ်မလာခဲ့ခြင်း ဖြစ်သည်။
ကောဝူချန် ကျန်းလော့ဆီသို့ သွားခဲ့သောအချိန်တွင် ပထမဆုံး ပြောခဲ့စကားမှာ
"သခင်ကျန်း ကျေးဇူးပြုပြီး ကျွန်တော့်သခင်ဘေးမှာ နေပေးပါ"
ကျန်းလော့ သူ့တောင်းဆိုမှုကို ငြင်းလာသောအခါမှ ကောဝူချန်သည် ဉာဏ်များစွာဖြင့် ကံကြမ္မာယုံသူ၏ လျှို့ဝှက်ချက်အကြောင်းကို အစပျိုးပြီး ပြောပြခဲ့သည်။ ထို့နောက် ကျန်းလော့ကို အယုံသွင်းရန် သူအတိတ်တုန်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တို့ကိုပါ ပြောပြခဲ့သည်။
ကျန်းလော့မှ သူ့ရည်ရွယ်ချက်ကို သံသယဝင်လာသောအခါ သူ့နည်းလမ်းကို ကျန်းလော့မှ ချီယုံ ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် အသုံးပြုရန် လှည့်ပတ်ပြောတော့သည်။ နောက်ဆုံးတွင် သူသည် ကံကြမ္မာယုံသူနှင့် ပတ်သတ်သော လျှို့ဝှက်ချက်များနှင့် သူသိထားသော အချက်အလက်များကို ကျန်းလော့ကို ပြောပြနိုင်ရန် အတော်လေး သတ္တိမွေးခဲ့ရသည်။ ထိုအချက်များဖြင့် ကျန်းလော့ကို လုပ်သင့်တာ လုပ်ပြီးသည်နှင့် ပို၍ သိရမည်ဟူ၍ အယုံသွင်းနိုင်ခဲ့သည်။
ကျန်းလော့သည် ငါးစာဟပ်လိုက်ပြီး ချီယုံ သူ့အပေါ်မှာ ထားနေသည့် ခံစားချက်များကို ချီယုံမြင်လာအောင် အစီအစဉ်စဆွဲခဲ့ပြီး ချီယုံနှင့် သူ၏ ဆက်ဆံရေးကို ပို၍ အဆင့်တက်လာအောင် လုပ်ဆောင်ခဲ့သည်။
ယခု သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ရှပ်ထွေးသည်ထက် ပိုသွားပြီဖြစ်သည်။ ယခုလေးတွင်ပင် သူတို့နှစ်ယောက်သည် အိပ်ရာပေါ်တွင် အချင်းချင်း ဆွဲဖြဲတော့မလို လူးလိမ့်ခဲ့ကြသည်လေ။ ချီယုံသည် ယခုအချိန်မှ စ၍ ကျန်းလော့ကို ဘယ်သောအခါမှ လွတ်ပေးတော့မှာ မဟုတ်ပေ။
ထိုအချက်သည် ကောဝူချန် လိုချင်သောအချက်ပင် မဟုတ်ပါလား။ ကောဝူချန်သည် သူနှင့် ချီယုံ့ကို အတူရှိစေချင်သည်။
ကျန်းလော့မျက်နှာသည် စိမ်းသွားရာမှ တဖြည်းဖြည်း မည်းနက်လာနေသည်။ သူသည် စိတ်ပျက်စွာ ရယ်မောလိုက်ပြီး
"ကောကျူပြောတာမှန်တယ် ကောဝူချန် မင်းက လူတွေကို လှည့်စားတဲ့နေရာမှာ အရမ်းကို မဟုတ်သေးဘူး တအားကို အဲဒါလည်း မဟုတ်သေးဘူး ဘာပဲပြောပြော အရမ်းတော်တယ်နော် ငါမင်းကို အရင်က လျော့တွက်မိသွားတယ်" ကောဝူချန်သည် ချက်ချင်း ထရပ်လိုက်ပြီး ကျန်းလော့ကို ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ကြမ်းခွက်ကို လက်နှစ်ဖက်ဖြင့် တောင်းပန်သည့်အနေဖြင့် ရိုကျိုးစွာ ကမ်းပေးလိုက်သည်။
"သခင်ကျန်းက ပညာရှိတဲ့လူတစ်ယောက်ပါဗျာ ကျွန်တော် ဘာမှ ထပ်ပြောပြစရာမလိုလောက်ပါဘူး ဒါပေမဲ့ ကျွန်တော်ပြောသမျှအားလုံးက ကျွန်တော့်ရဲ့ သိသမျှ ဗဟုသုတတွေအားလုံးအပေါ်မှာ ခြုံပြီး ပြောပြထားတဲ့ အမှန်တရားတွေကြီးပါပဲ ဒီငါးနှစ်အတွင်းမှာ ကျွန်တော် အကြိမ်ပေါင်းများစွာ သုတေသနလုပ်ပြီး ကျွန်တော်ကိုယ်တိုင်ရဲ့ ရုပ်ထုတောင် ရှိသေးတယ် ပြီးတာ့ ဗုဒ္ဓကို ပူဇော်တဲ့နည်းလမ်းနဲ့ပဲ အမွှေးနံ့သာတောင် ပူဇော်ခဲ့ပါသေးတယ် ကံကြမ္မာယုံသူရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ကြည့်ခဲ့တာပါ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီနည်းလမ်းက အလုပ်မဖြစ်ခဲ့ပါဘူး သခင်ကျန်း ကျွန်တော်က ရေရဲ့ စီးဆင်းတဲ့ ဦးတည်ရာကို ပြောင်းလဲချင်ခဲ့ပါတယ် ဒါပေမဲ့ ကျွန်တော်က ကံကြမ္မာယုံသူဆီကို ဘာကြောင့် ရေတွေ ဦးတည်ပြီး စီးဆင်းနေရာလဲ ဆိုတဲ့ အကြောင်းအရင်းကိုတောင် မရှာနိုင်ခဲ့ပါဘူး"
သူသည် သက်ပြင်းချလိုက်ပြီး ပြန်ထိုင်လိုက်သည်။
"အဲဒါက ရေပိုက်ခေါင်းကို ပိတ်တဲ့နည်းလမ်းပဲရှိတော့တယ် အဲဒီနည်းလမ်းကလည်း ကျွန်တော်တို့ရှာတွေ့တဲ့ တစ်ခုထဲသော နည်းလမ်းပဲဗျ"
"ဒီနှစ်တွေအတွင်းမှာ သခင့်ရဲ့စွမ်းအားက ကမ္ဘာပေါ်က နေရာတိုင်းကို ဖြန့်ကျတ်နိုင်တဲ့ထိ အားကောင်းလာခဲ့တယ် ရွှမ်ရွှီလောကဖြစ်ဖြစ် သာမန်လူ့လောကဖြစ်ဖြစ် သခင့်ကို ကိုးကွယ်ယုံကြည်ကြတဲ့သူတွေနဲ့ သခင်ထိန်းချုပ်ထားတဲ့ ရုပ်သေးတွေက မရေမတွက်နိုင်အောင်များလာတယ် သခင်သာ လုပ်ချင်ရင် ကံကြမ္မာယုံသူကို ကိုးကွယ်နေကြတဲ့ ဆည်းကပ်မှုတွေကို ချက်ချင်း ဖြတ်ချနိုင်ပေမဲ့ ဒီနည်းလမ်းက ကံကြမ္မာယုံသူကို သတ်ပစ်နိုင်မဲ့ ပွဲသိမ်းတိုက်ကွက် အတွက် သိမ်းထားခဲ့တာ"
ကျန်းလော့သည် သူ့ကို မယုံတော့ဘဲ သံသယရှိစွာ ပြောလိုက်သည်။
"ဘာလို့ ငါ့ကို ဒါတွေ လာပြောနေတာလဲ"
ကောဝူချန်သည် ရေနွေးခွက်ကို ကောက်ကိုင်၍ သောက်လိုက်ပြီး
"အခုတော့ ကိစ္စတွေက ဒီအထိတောင် ရောက်လာခဲ့ပြီ သခင်ကျန်းက အခုထိ သခင့်ဘေးကနေ ထွက်သွားနိုင်မယ်လို့ တွေးနေတုန်းလားဗျာ အနှေးနဲ့ အမြန် ကျွန်တော်တို့က တစ်ဖွဲ့ထဲ ဖြစ်လာတော့မှာ ဒီတော့ ချုံပုတ်ကို ရိုက်စရာမလိုပါဘူးဗျာ"
ကျန်းလော့သည် မျက်လုံးလှိမ့်လိုက်ပြီး
"ငါက မင်းနဲ့ တစ်ဂိုဏ်းထဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
သူသည် ထွက်သွားရန် ထရပ်လိုက်ပြီး နှစ်လှမ်းလောက်သာ လှမ်းရသေးသည် ရုတ်တရက် ပြန်လှည့်လာပြီး စားပွဲအောက်ကို ကြည့်ပြီး ပြောလိုက်သည်။
"ထန်ပိ မင်းခြေထောက်တွေ ပေါ်နေပြီ"
ထိုသို့ပြောပြီးနောက် ချက်ချင်း ထွက်သွားတော့သည်။
ထန်ပိတစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် စားပွဲအောက်မှ တွားထွက်မလာခင် ဆယ်မိနစ်လောက် အချိန်ယူခဲ့ရပြီး စူပုပ်နေသော မျက်နှာဖြင့်
"သူက ဘာကို ဆိုလိုတာလဲ"
ကောဝူချန်သည် ပုခုံးတွန့်လိုက်ပြလိုက်သည်။
ကျန်းလော့ အခန်းထဲ ပြန်ရောက်သောအခါ မကောင်းဆိုးဝါးသည် ရေချိုးခန်းထဲတွင် ရေချိုးနေတုန်း ရှိသေးသည်။ သူသည် ကုတင်ပေါ်တွင် ထိုင်နေပြီး ရေချိုးခန်းတံခါးကို စိုက်ကြည့်နေပြီး မကြာခင်တွင် မကောင်းဆိုးဝါးသည် အောက်ပိုင်းကို သဘက်ပတ်၍ ထွက်လာလေသည်။
တောင့်တင်းနေသော ကြွက်သားများနှင့် အကြည့်မလွှဲနိုင်အောင် ဖြစ်သွားစေသော ခန္ဓာကိုယ်နှင့် မကောင်းဆိုးဝါးသည် ဘယ်ကကြည့်ကြည့် ပြီးပြည့်စုံလွန်းသည်။ ကျန်းလော့သည် လေချွန်ပြီး မကောင်းဆိုးဝါး၏ အင်္ကျီမဝတ်ထားသော အပေါ်ပိုင်းကို ရေစိုနေသော ဆံပင်များမှ ရေတစက်စက် ကျဆင်းနေတာကို အေးအေးဆေးကြည့်နေပြီး အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။
"မစ်စတာချီ ထပ်လုပ်ချင်လား"
.....
နောက်တစ်နေ့မနက်တွင် ချီယုံသည် မျက်လုံးများ ပွင့်၍ နိုးလာသည်။ ကျန်းလော့တစ်ယောက်ကတော့ အိပ်ရာပေါ်တွင် မရှိတော့သော်လည်း အိပ်ရာဘေးမှ စားပွဲပေါ်တွင်တော့ အနီရောင်ချက်လက်မှတ် နှစ်စောင်နှင့် ကတ်တစ်ကတ် ချန်ထားခဲ့လေသည်။
"မနက်ဖြန် ညကိုးနာရီကျရင် မင်းကို တွေ့ချင်တယ် မင်းငါ့နေရာရှာနိုင်မယ်လို့ ယုံမယ်နော် ပြီးတော့ အဲဒီ ဒေါ်လာနှစ်ရာက မနေ့ညက မင်းရဲ့ ဆားဗစ်ဖီး (ဝန်ဆောင်မှုအဖိုးအခ)"
"ပီအက်စ် // မင်းရဲ့ချောမောတဲ့ ကတုံးပြောင်ဘုန်းကြီးယောင်ဆောင် လက်အောက်ငယ်သားလေးက ငါ့ကို ဒိတ်လုပ်ဖို့ဆိုပြီး အနားကပ်လာဖူးတယ်ဆိုတာ သိပြီးပြီလား နှစ်ယောက်ထဲ တွေ့ချင်တာတဲ့နော် ဒါနဲ့လေ သူနဲ့စကားပြောရတာ မင်းနဲ့ပြောရတာထက် ပျော်ဖို့ကောင်းတယ်"
ချီယုံသည် စက္ကန့်ပိုင်းလောက် တုံ့ခနဲဖြစ်သွားပြီး နောက်ဆုံး မှတ်ချက်စာကြောင်းကို အကြာကြီး အခါခါ ဖတ်နေကာ မျက်လုံးများသည် အန္တာရာယ်ရှိစွာ ကျဉ်းမြောင်းသွားပြီး..။
"ကောဝူချန်"
.......................
ချီ(ချီယယ်)မိသားစုနှင့် ချီ(ချီယုံ) မိသားစုတို့၏ စစ်ဆေးရေးသည် လုံးဝပြီးဆုံးသွားပြီဖြစ်ပြီး ချီယယ်တစ်ယောက်သာ အပြစ်ကင်းစွာ ကွင်းလုံးကျွတ်လွှတ်လာခဲ့သူဖြစ်သည်။
ကျန်းလော့သည် ချီယယ်ထံဆက်သွယ်ခဲ့ပြီး သွားရောက် တွေ့ဆုံခဲ့သည်။
တကယ်တမ်း ချီယယ်နှင့် တွေ့ဆုံရသောအခါ ကျန်းလော့သည် ချီယယ်အခြေအနေကို ကြည့်ပြီး အလွန်အံ့ဩသွားခဲ့သည်။
ချီယယ်၏ မိသားစု အတော်များများသည် ထောင်ကျသွားခဲ့သော်လည်း ဘာမှမသိခဲ့သော မျိုးဆက်ငယ်များကသာ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ သူ့ဆွေမျိုးများ၏ ထောင်ကျသွားခြင်းနှင့် ဖခင်ဖြစ်သူ မျက်စိရှေ့တွင်ပင် သေဆုံးသွားခြင်းတို့ကို ကြုံခဲ့ပြီးသောအခါတွင် ချီယယ်၏ စိတ်အခြေအနေသည် တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတော့သည်။
ကျန်းလော့သည် ချီယယ်ကို ပန်းခြံတစ်ခုတွင် ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
ချီယယ်သည် ခုံတန်းရှည်တစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ပြေီး သူ့မျက်နှာသည် အေးစက်ပြီး ဖြူလျော်နေကာ ဆံပင်များသည် ရှုပ်ပွနေပြီး မုတ်ဆိတ်မွှေးများ ငုတ်စိလေး ထွက်နေကာ အလွန် မသပ်မရပ်ဖြစ်နေသည်။ သူ့ပုံစံသည် လမ်းဘေးမှ အိမ်ယာမဲ့များနှင့်ပင် တူနေသေးသည်။
သူသည် ခုံတန်းရှည်ပေါ်ထိုင်နေသူကို မယုံနိုင်စွာ ကြည့်လိုက်ပြီး ချီယယ်သည် သူအနားသို့ လျှောက်သွားသည်အထိပင် သူရောက်နေတာကို သတိမထားမိနေခဲ့ပေ။ သူ့ရှေ့မှာ သွားရပ်လိုက်သောအခါမှ မော့ကြည့်လာပြီး အတင်းလုပ်ယူထားသော အပြုံးဖြင့်
"မင်း ရောက်လာပြီလား"
ကျန်းလော့သည် ချီယယ်ဘေးတွင် ဝင်ထိုင်လိုက်ပြီး
"မင်းအေးနေလား"
"အဆင်ပြေပါတယ်"
ချီယယ်သည် ရိုးသားစွာ ပြောလိုက်သည်။
"အအေးဆုံးအပိုင်းက လွန်သွားခဲ့ပြီလေ အခုကစပြီး နွေးလာနေပါပြီ"
"အင်းနော် ငါတို့ နှင်းတွေထပ်မမြင်ရတော့တာ မထူးဆန်းပါဘူး"
ကျန်းလော့သည် ထိုသို့ပြောလိုက်ပြီး မေးသည်။
"မင်း မိသားစု အခြေအနေဘယ်လိုလဲ"
ချီယယ်သည် မှုန်မှိုင်းစွာကြည့်ပြီး
"ပြီးခဲ့တာ ပြီးသွားပါပြီ ဘာမှ ထပ်ပြောစရာမလိုတော့ပါဘူး ငါတို့အိမ်က ပစ္စည်းတွေအကုန် ရောင်းပစ်ဖို့ ဆုံးဖြတ်ထားတယ် ငါတို့မိသားစုကြောင့် ဒုက္ခရောက်ခဲ့တဲ့သူတွေ... သူတို့ကို ပေးပစ်ဖို့ လပ်ထားတယ် ဒါပေမဲ့ သူတို့ကို .... ငွေပေး.. တာက တကယ်ပဲ မလုံလောက်ဘူး"
ကျန်းလော့သည် ဘာပြန်ပြောပေးရမည်ကို မသိတော့သောကြောင့် ကိုယ့်ကိုယ်ကို အမှိုက်ပုံးတစ်ခုလို သဘောထား၍ တိတ်တိတ်လေး ထိုင်နားထောင်နေခဲ့သည်။ သို့သော် ချီယယ်သည် အကြာကြီး ဘာမှမပြောဘဲ အကြာကြီး ငိုင်သွားပြီး သူ့အင်္ကျီကော်လာထဲ မျက်နှာအပ်၍ လမ်းပေါ်မှ ကျောက်တုံးများကိုသာ ကြည့်နေတော့သည်။
"အဲဒါက ငါ့အတွက် အခက်ခဲဆုံး အပိုင်း မဟုတ်ဘူး ငါအပြင်ထွက်လာတော့ ငါ့အဖေကြောင့် ထိခိုက်သွားတဲ့သူတွေဆီ သွားခဲ့တယ် ငါက သူတို့ကို တောင်းပန်ပြီး ငါ့မိသားစုရဲ့ အမှားကို ဝန်ခံချင်ခဲ့တာ ဒါပေမဲ့ ကျန်းလော့ မင်းသိမှာမဟုတ်ဘူး သူတို့ သူတို့ ဘယ်လို ဘဝမျိုးနဲ့ ရှင်သန်နေကြလဲဆိုတာ..."
သူသည် လေသံယဲ့ယဲ့လေးသာ ထွက်တော့သည်။
"သူတို့ ရှင်သန်နေကြတဲ့ ဘဝအခြေအနေက အရမ်းကို ခက်ခဲနေကြတာ"
ထိုသူများ ခက်ခဲနာကျင်စွာ ရှင်သန်နေကြရချိန်တွင် သူ.. သူကတော့ ဘာမှမသိဘဲ ဘာမှဂရုမစိုက်တဲ့ ပြီးပြည့်စုံတဲ့ ချမ်းသာတဲ့ သူဌေးသားဘဝမှာ ရှင်သန်နေခဲ့သည်။ ချီယယ်၏ ဝိညာဉ်သည် အမှန်တရားနှင့် တရားမျှတမှုတို့ ရိုက်သွင်းခံထားရသည့် အလျောက် ထိုသူများ အကြောင်းတွေးလိုက်လျှင်ပင် သူသည် ဆီအိုးထဲ ထည့်အကြော်ခံနေရသလို ပူလောင်လာပြီး မျက်ရည်များနှင့် နှာရည်များ ထွက်လာသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့နောက် သူသည် သူ့ကိုယ်သူ ပြန်မေးကြည့်မိသည်။
'ငါက တကယ်ပဲ အပြစ်ကင်းရဲ့လား'
ချီယယ်သည် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ချိန်လုံး ပြေးလွှားနေခဲ့ပြီး သူ့စိတ်ကို ပိကျနေသော အပြစ်ရှိစိတ်တို့ကြောင့် အသက်ရှူကျပ်သည်အထိပင်။
ညအချိန်ရောက်တိုင်း သူသည် မအိပ်နိုင်ပဲ လူးလှိမ့်နေရသည်။ သူ့စိတ်တို့သည် အချိန်တိုင်း အတိတ်က အဖြစ်အပျက်များကို မေ့မသွားရအောင် ပြန်တွေးကြည့်နေခဲ့ပြီး သေဆုံးသွားသော သူ့ဖခင်ကို မြင်ခဲ့ပြီး သူ့ဖခင်သည် သေဆုံးသွားသည့်အချိန်တွင်ပင် လူတိုင်းသည်သူ့အတွက် ဝမ်းမနည်းကြပဲ မုန်းတီးသော မျက်လုံးများဖြင့် ကြည့်ကြသည်ကို မှတ်မိသေးသည်။
သူသည် သက်ပြင်းချလိုက်ပြီး မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။ သူသည် အဖြစ်အပျက်များကို ပြတ်ပြတ်သားသား အမှန်အတိုင်း မြင်နိုင်နေခဲ့သောအခါ သူ့ကိုယ်သူသာ အပြစ်များ ပုံချမိနေခဲ့သည်။
'ငါ အပြစ်ရှိတယ်'
'ငါက လူယုတ်မာကြီးတွေ ကာကွယ်ခဲ့တဲ့ လူယုတ်မာသေးသေးလေးပဲ'
ကျန်းလော့သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသော ချီယယ်ကို တစ်ရှူးတစ်ရွက်ကမ်းပေးလိုက်သည်။ ချီယယ်သည် တစ်ရှူးကို ယူလိုက်ပြီး မျက်နှာကို သုတ်လိုက်ကာ စိတ်ငြိမ်သွားပြီးမှ ဆို့နစ်စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်"
ကျန်းလော့သည် သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီး
"ဒါတွေ ပြီးသွားရင် မင်းဘာဆက်လုပ်မှာလဲ"
"ချီမိသားစုတွေကို စုစည်းပြီး ပေးစရာရှိတဲ့အကြွေးတွေ ဆပ်ဖို့ လုပ်မယ်"
ချီယယ်သည် စိတ်သက်သာရာရစွာ ပုခုံးတွန့်လိုက်မိသည်။
အပိုင်း (၁၈၄) ချီယယ်၏ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်ခြင်း (၂)
"ငါက အသက်ပြည့်ပြီးတာ ကြာလှပြီ လူကြီးတစ်ယောက်ဖြစ်နေပြီလေ တာဝန်ယူရတော့မယ့် အရွယ်ရောက်နေပြီကွ"
လမ်းမီးများပွင့်လာသည်အထိ သစ်ရွက်များ ကြွေကျလာသည်ကို ကြည့်နေကြရင်း လူနှစ်ယောက်သည် ယောက်တတ်ရာရာ ပြောနေကြသည်။
လမ်းမထက်တွင် သူတို့နှင့် နီးလာသော ခြေသံကို ကြားလိုက်ရသည်။ ကျန်းလော့နှင့် ချီယယ်တို့သည် ပြိုင်တူလှည့်ကြည့်လိုက်ရာ သူတို့နားသို့ လာနေသော ခပ်ပြုံးပြုံး မျက်နှာထားနှင့် ချီယုံကို တွေ့လိုက်ရသည်။ လရောင်ကို တိမ်ထူထူတို့က ကာရံထားပြီး သူတို့သည် မကောင်းဆိုးဝါးပေါ်တွင် အလင်းကျစေမိလို့ မကောင်းဆိုးဝါး ဒေါသထွက်သွားမှာကို ကြောက်နေသည့်နှယ် တိမ်တို့အောက်မှ ထွက်မလာပေ။
ချီယယ်၏ ခန္ဓာကိုယ်သည် ရုတ်ချည်း တောင့်တင်းသွားသည်။
ခြေသံသည် သူတို့ထိုင်နေရာနေရာရှေ့တွင် ရပ်တန့်သွားသည်။ မကောင်းဆိုးဝါး၏ ပြီးပြည့်စုံသော ဆလင်ဒါပုံ ပုံပန်းသွင်ပြင်သည် ကျန်းလော့ကို ငုံ့ကြည့်၍ ချီယယ်ဆီသို့ အကြည့်ရောက်သွားကာ
"သုံးယောက် ချိန်းတွေ့မှာလို့ တော့ မပြောနဲ့နော်"
"တကယ်တော့ နှစ်ယောက်ပါ"
ကျန်းလော့သည် အမှန်ပြင်ပေးသည်။
"လူနှစ်ယောက်နဲ့ သရဲတစ်ကောင်လေ"
ချီယုံသည် မဲ့ပြုံးပြုံးလိုက်ပြီး မျက်လုံးများသည် ကျန်းလော့ကိုယ်ပေါ်သို့ ဆာလောင်မွတ်သိပ်စွာ ပြေးလွှားသွားသည်။ မကောင်းဆိုးဝါး၏ ကျန်းလော့အပေါ် ထားရှိသော စိတ်ဆန္ဒတို့သည် ပို၍ ပြင်းပြလာပြီး မနေ့ညက အကြောင်းကို တွေးမိသောအခါ ပို၍ ပြင်းထန်လာတော့သည်။ တစ်ရက်လေး မတွေ့လိုက်ရသည်နှင့် သူ့မျက်လုံးများသည် ကျန်းလော့ကို ကြည့်မဝသလို တစ်ချိန်လုံး ကြည့်နေချင်တော့အောင် ခံစားချက်များ မြင့်တက်လာသည်။
သူ့မျက်လုံးများသည် မီးတောက်လာပြီး ထိုမီးတောက်ကို သူကိုယ်တိုင်ပင် ထိန်းချုပ်လို့ မနိုင်တော့အောင် ဖြစ်လာနေသည်။
ပိုင်ဆိုင်ရလေ ပို၍ လိုချင်လာပြီး အတူရှိနေသည့်အချိန်တို့သည် မလုံလောက်သလို ခံစားလာရသည်။
ချီယုံ၏ ရေများသည် အလိုလျောက် ကျန်းလော့ဆိုသော ခံစားချက်ပင်လယ်ထဲသို့ စီးဝင်သွားကြသည်။
"မင်းက ကိုယ်နဲ့ ဒိတ်ဖို့ကို လူတစ်ယောက်အပိုခေါ်လာတယ်ပါ့"
သူသည် ချီယယ်ကို လုံးဝကြီး လျစ်လျူရှုထားသည်။
ချီယယ်ကတော့ သူ့အဖေကို သတ်သွားသည့်လူကို လျစ်လျူမရှုထားနိုင်စွာ ငေးကြည့်နေပြီး မျက်လုံးများသည် မှုန်မှိုင်း ရီဝေလာသည်။
"ကျန်းလော့"
သူသည် လက်ချောင်းများကို လိမ်နေပြီး
"ငါ မစ်စတာချီယုံ တစ်ယောက်ထဲနဲ့ စကားပြောချင်လို့ အဲဒါ အဆင်ပြေနိုင်လား"
ကျန်းလော့သည် ခဏလောက်တွေးပြီး ထရပ်လိုက်ကာ ချီယုံ့ကို သူသွားလျှင် ဘာတစ်ခုမှ မဟုတ်တာ မလုပ်ရန် အကြည့်နှင့် သတိပေးသွားသေးသည်။
ချီယုံသည် ကျန်းလော့နောက်ကျော သူ့မျက်စိရှေ့မှ ပျောက်မသွားမချင်း အကြည့်မလွှဲခဲ့ပေ။ သူသည် ထိုင်ခုံနားသို့ အေးဆေးစွာ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် သက်တောင့်သက်သာ ဖြစ်စွာ ထိုင်ခုံကို မှီထိုင်လိုက်ပြီး သူ့မျက်နှာသည် ပျင်းရိနေကြောင်း လင်းရှင်းနေပြီး သာမန်ကျကျ ပြောလိုက်သည်
"မင်း ဘာပြောချင်လို့လဲ"
ချီယယ်သည် ရုတ်တရက် ချီယုံ့ရှေ့တွင် ဒူးထောက်လိုက်သည်။
ထို့နောက် ခေါင်းငုံ့လိုက်ကာ
"ငါ့ရဲ့စိတ်ဝိညာဉ်ခန္ဓာက မင်းအဖေရဲ့ စိတ်ဝိညာဉ်ပါ"
ချီယုံသည် သူ့ကို အမူအယာကင်းမဲ့စွာ ကြည့်နေသည်။ ချီယယ်သည် သက်ပြင်းချလိုက်ပြီး
"ငါ ငါ မင်းကို ငါ့စိတ်ဝိညာဉ်ခန္ဓာကို ပြန်ထုတ်ယူစေချင်ပါတယ်"
စိတ်ဝိညာဉ်ခန္ဓာထုတ်ယူခြင်း ဖြစ်စဉ်သည် အလွန်နာကျင်စေနိုင်ပြီး ထုတ်နေသည့် တစ်ယောက်ကသာ ဂရုမစိုက်လျှင် ဝိညာဉ်ထုတ်ခံရသူကို သေဆုံးသွားစေနိုင်သည်။ စိတ်ဝိညာဉ်ထုတ်ပြီးသွားပြီးနောက် ချီယယ်သည် တစ္ဆေသရဲများကို မြင်နိုင်တော့မည် မဟုတ်ကာ ယင်ယန်စွမ်းအားများကိုလည်း မြင်နိုင်တော့မှာ မဟုတ်ပေ။ သူသည် ချီစွမ်းအင်များ အားလုံးကို ဆုံးရှုံးသွားမှာ ဖြစ်ပြီး အစီအရင်ပညာများနှင့် ဖူလုရေးဆွဲခြင်း အတတ်ပညာများကို အသုံးပြုနိုင်တော့မှာ မဟုတ်ပေ။
သူသည် ဒီအတိုင်း သာမန်လူတစ်ယောက်သာ ဖြစ်လာတော့မည် ဖြစ်သည်။
"ကျွန်တော် ခင်ဗျားကို စိတ်ဝိညာဉ်ခန္ဓာကို ပြန်ပေးချင်ပါတယ်"
ချီယယ်သည် အကြီးအကဲများ ကျူးလွန်ခဲ့သော အပြစ်များကို သူတတ်နိုင်သလောက် ဆပ်ပေးချင်ပုံပေါ်ကာ
"ပြီးတော့ နောက်ကျသွားပြီဆိုပေမဲ့ ... မင်းကို တောင်းပန်ပါတယ် မင်းအဖေကိုရော မင်းအဘိုးကိုရော ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့မိသားစုကိုယ်စား ခင်ဗျားတို့ကို တောင်းပန်ပါတယ်"
.......................
နှစ်နာရီကြာပြီးနောက် ဖြူဖျော့ပြီး ခြေပျော့လက်ပျော့ဖြစ်နေသော ချီယယ့်ကို မြင်လိုက်ရသည်။ ကျန်းလော့သည် ချီယယ်နောက်ကို လှမ်းကြည့်လိုက်သည်။
"သူဘယ်မှာလဲ"
"သွားလိုက်ပြီ"
ချီယယ်အသံသည် တိုးတိမ်နေပြီး သူ့တစ်ကိုယ်လုံး ချွေးအေးအလွှာလိုက်ဖုံးလွှမ်းနေကာ စကားပြောရန် မနည်းအားယူနေသည်။
"ကျန်းလော့ ငါ..."
စကားဆုံးအောင်မပြောလိုက်နိုင်ခင် သတိလစ်သွားသည်။ ကျန်းလော့သည် အလွန်ထိတ်လန့်သွားပြီး သူ့ကို အိမ်သို့ မြန်မြန် ပြန်ခေါ်သွားခဲ့သည်။ ချီယယ်သည် တစ်နေ့လုံး သတိမေ့နေခဲ့ပြီး တစ်ချက်လေးမှ နိုးမလာခဲ့ပေ။ ကျန်းလော့နှင့် သူငယ်ချင်းများသည် အလွန်စိတ်ပူလာကြသောကြောင့် သူ့ကို ဆေးရုံခေါ်သွားခဲ့သည်။ သို့သော် ဆရာဝန်များက အဖျားကြီးပြီး သတိမေ့နေသည်က လွဲလျှင် ဘာမှ မှားနေတာ မရှိဟု ပြောလာသည်။
ဆေးရုံသည် ရောဂါရှာမတွေ့ခဲ့ပေ။ သို့သော် သူ့ပုံစံသည် ဝိညာဉ်စီးခံလိုက်ရသည့်ပုံမျိုးလည်း မဟုတ်ပေ။ ကျန်းလော့သည် ဂျင်ဆင်းဝိညာဉ်၏ မျက်ရည်နှစ်စက်တိုက်လိုက်သည်။ သူသည် ထိုထက်ပို၍လည်း မတိုက်ရဲပေ။ ချီယယ်ခန္ဓာကိုယ်သည် အလွန်အားနည်းနေသောကြောင့် နှစ်စက်ထက် ပိုတိုက်လိုက်လျှင် ခံနိုင်မှာ မဟုတ်ပေ။
နှစ်ရက်ကြာပြီးနောက် ချီယယ်သည် နောက်ဆုံးတွင် မျက်လုံးပွင့်လာလေသည်။ အကြာကြီး အေးခဲနေပြီးနောက် ဖြည်းညင်းစွာ ထထိုင်လိုက်သည်။ သူ့အိပ်ရာဘေးတွင် အတန်းဖော်များသည် သူ့ကို အနှောက်အယှက်မဖြစ်စေရန် စကားကို တိုးတိုးပြောနေကြသည်။ ကျန်းလော့နှင့် လုယုံရိတို့သည် ထောင့်တစ်ထောင့်ကို ကြည့်ပြီး ရယ်မော၍ စကားပြောနေကြသည်ကို မြင်နေရသည်။
ချီယယ်သည် သိချင်သွားပြီး
"မင်းတို့ ဘာလုပ်နေကြတာလဲ"
နှစ်ရက်လောက် စကားမပြောထားသောကြောင့် သူ့အသံသည် အနည်းငယ် အက်ကွဲနေကြသည်။
လုယုံရိသည် ရွှင်ပြစွာဖြင့် ထောင့်ကို လက်ညှိုးထိုးပြသည်။
"စောစောသေသွားတဲ့ ကလေးမလေးလေ မင်းမမြင်ဘူးလား"
ချီယယ်သည် တောင့်တင်းသွားပြီး သူတို့ကြည့်နေသော ထောင့်ဆီသို့ တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ထိုနေရာတွင် ဘာမှ မရှိပေ။ ဖုန်မှုန့်လေးတောင် ရှိမနေပေ။ လုယုံရိသည် ပြုံးလိုက်ပြီး
"ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ ကလေးမလေးလဲ။ သူမက ဒီမှာရှိနေတာ တစ်နှစ်ရှိပြီတဲ့ သူမအမေက သူမသေသွားလို့ စိတ်ဆိုးသွားပြီး ဒီဆေးရုံကို ဘယ်တော့မှ ထပ်မလာတော့ဘူးတဲ့ အဲဒါကြောင့် နှစ်ရက်အတွင်း ငါတို့က သူလေးအမေကို ဆက်သွယ်ကြမလို့လေ"
"အဲ့လိုလား..."
ချီယယ်သည် စောင်ခြုံလိုက်ပြီး
"ကောင်းတာပေါ့ အာ ငါနည်းနည်း အိပ်ချင်လာလို့ တရေးလောက် အိပ်လိုက်ဦးမယ်"
နောက်နေ့များတွင်လည်း ကျန်းလော့သည် ချီယယ်တွင် တစ်ခုခုမှားနေကြောင်း မမြင်မိပေ။ တစ်ညတွင် သူတရေးနိုးလာသည့်အချိန်တွင် ချီယယ်သည် သူ့စားပွဲ၌ တိတ်ဆိတ်စွာ ထိုင်၍ ချီစွမ်းအင်မသုံးဘဲ ဖူလုများရေးနေကာ ထိုအသုံးမကျသော ဖူလုများကို အမှိုက်ပုံးထဲ လွှင့်ပစ်နေသည်ကို သတိထားမိလိုက်သည်။
'ဘာတွေ ဖြစ်ကုန်တာလဲ'
ကျန်းလော့သည် ချက်ချင်း ဌာနမှူးရှုကို ဆက်သွယ်လိုက်သည်။ ဌာနမှူးရှုရောက်လာပြီး ချီယယ်ကို စစ်ဆေးကြည့်ကာ စိတ်မကောင်းစွာ ပြောသည်။
"သူ့စိတ်ဝိညာဉ်ခန္ဓာ မရှိတော့ဘူး ဒီတော့ အခုကစပြီး သူက သာမန်လူတစ်ယောက် ဖြစ်နေပြီ"
ကျန်းလော့သည် ဤအဖြေကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူ့နှလုံးသားသည် ရေနက်ထဲ နစ်မြုပ်သွားသလို ဖြစ်သွားသည်။ ဌာနမှူးရှုသည် သက်ပြင်းချလိုက်ပြီး
"စိတ်ဝိညာဉ်ခန္ဓာဆိုတာ လူတွေခေါ်ခေါ်နေတဲ့ ပါရမီဆိုတာပဲ ပါရမီက ကျုပ်တို့သင်နေတဲ့ ရွှမ်ရွှီပညာရပ်ရဲ့ အမြုတေ အခြေခံပေါ့ကွာ အိမ်တစ်လုံးတောင် အုတ်မြစ်ပျက်စီးသွားရင် ဘယ်လောက်ကောင်းနေသေးပါစေ ပြိုကျသွားမှာပဲ ဝမ်းနည်းစရာကောင်းတာက ဒီကလေး ဒီလောက်နှစ်တွေအကြာကြီး သင်ယူခဲ့ရတာတွေက အသုံးမဝင်တော့ဘူး ဖြစ်သွားပြီ"
လုယုံရိက ထိတ်လန့်စွာ ပြောလိုက်သည်။
"ကျွန်တော် အရင်က သူ့ကို ဆေးရုံမှာ ကလေးမလေးကို ကြည့်ဖို့ ပြောခဲ့တယ် ... ကျွန်တော် မသိခဲ့ဘူး ချီယယ်က ရုတ်တရက်ကြီး စိတ်ဝိညာဉ်ခန္ဓာပျောက်ဆုံးသွားမယ်ဆိုတာ ..."
ရေချိုးခန်းတံခါးပွင့်သွားပြီး ပြောင်းလဲသွားသော ချီယယ်ထွက်လာသည်။ သူတို့ပြောနေတာကို ကြားပြီး သူသည် ဘာမှမဖြစ်သွားသော အကြည့်တို့ဖြင့်
"အခု ငါကလည်း အဆင်ပြေနေပါတယ်ကွာ အရမ်းကို ပိုပြီးလွယ်သွားတယ် အခုဆို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်နိုင်တယ် ပြီးတော့ တကျွတ်ကျွတ် အသံကြားတာနဲ့ ညကြီးမင်းကြီး လန့်မနိုးတော့ဘူး"
တခြားသူများသည် စိတ်မပါစွာ သူနှင့် လိုက်ရယ်ပေးလိုက်ပြီး သူတို့အပြုံးများတွင် အနည်းငယ် မွန်းကြပ်နေမှုများ ပါဝင်နေသည်။ သူတို့သည် စိတ်မကောင်းဖြစ်သွားပြီး ကရုဏာသက်မိနေကြသ်ည။
ချီယယ်သည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီး ပြုံးလိုက်သည်။
"မင်းတို့ စိုးရိမ်မနေကြနဲ့ ငါအခု တကယ် အဆင်ပြေနေပါတယ်ကွ တစ်ခုပဲရှိတာ ငါက မင်းတို့ကောင်တွေနဲ့ စာဆက်သင်လို့ မရတော့ဘူးဆိုတော့ ငါကျောင်းပြောင်းဖို့ လုပ်လိုက်ဦးမယ်"
ဌာနမှူးရှုသည် မျက်မှောင်ကုတ်သွားပြီး သူ့နှလုံးသားသည် နူးညံ့သွားကာ
"ကျောင်းပြောင်းစရာမလိုပါဘူး မင်းက ဒီတိုင်း သဘာဝသိပ္ပံမေဂျာနဲ့ မကိုက်ညီတော့ရုံတင်လေ ဒါပေမဲ့ ပိုင်ယွားတက္ကသိုလ်မှာ ဒီမေဂျာတစ်ခုထဲ ရှိတာမှ မဟုတ်တာ နောက်မေဂျာတစ်ခု ပြောင်းလိုက်ရင် ရပြီလေ"
ချီယယ်ကပြောသည်။
"ကောင်းသားပဲ ကျေးဇူးအများကြီးတင်ပါတယ် ဌာနမှူးရှု"
ထိုစကားများပြောပြီးနောက် လေထုသည် နောက်ထပ်တဖန် တိတ်ဆိတ်သွားပြန်သည်။ ချီယယ်သည် လက်ချောင်းများကို ပွတ်သပ်လိုက်ပြီး သူ့အိတ်ကို ကောက်လွယ်လိုက်သည်။ မနေ့ကထဲက သူသည် အထုပ်သိမ်းထားခဲ့ခြင်း ဖြစ်ကာ
"ငါအိမ်ပြန်သင့်ပြီး တာ့တာ"
လုယုံရိနှင့် သူတို့သည် တခြားတစ်ခုခု ပြောချင်သေးသော်လည်း ဘာပြောရမှန်း မသိကြပေ။ လူအုပ်ကြီးသည် ကျန်းလော့ကိုသာ ရှေ့သို့တွန်းပို့လိုက်ကြတော့သည်။
ကျိုးကျုံးချိုးသည် တိုးတိုးလေး မှာနေသည်။
"ကျန်းလော့ သူတို့က အခု နှစ်သိမ့်ပေးတာကို လိုအပ်နေမှာ ငါတို့ခုနှစ်ယောက်ပေါင်းပြောလဲ မင်းပြောတာလောက် ထိရောက်မှု ရှိမှာမဟုတ်ဘူး တစ်ခုခု သွားပြောလိုက်ပါဟယ်"
ကျန်းလော့သည် သူမပြောသည့် ဆိုလိုရင်းကို နားမလည်သော်လည်း ချောင်းဟန့်လိုက်ပြီး
"ချီယယ်"
တံခါးနားရောက်နေပြီဖြစ်သော ချီယယ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ကျန်းလော့က ပြောသည်။
"မင်းတကယ်ပဲ ရွှမ်ရွှီလောကက ထွက်သွားချင်နေတာလား"
ချီယယ်သည် ဟန်ဆောင်ကောင်းစွာ ပြောလိုက်သည်။
"ဘာရှိသေးလိုလဲကွာ ကျန်းလော့ မင်းငါ့ကို ထပ်ပြီး ဖျောင်းဖျပေးစရာမလိုပါဘူး ငါစိတ်ဆုံးဖြတ်ပြီးသွားပြီ ငါက အရမ်းဉာဏ်ကောင်းတာ သိတယ်မလား အနာဂတ်မှာ ငါမလုပ်နိုင်တာ ရှိမှာမဟုတ်ပါဘူးကွာ"
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ပါတယ် မင်းက အတော်ဆုံး ချီယယ် မင်းက တကယ်ပဲ ပါရမီကောင်းတဲ့ ဂျီးနီးယပ်စ်"
"ငါ မဟုတ်ပါဘူး"
ချီယယ်သည် အလျင်စလို ငြင်းဆန်လိုက်သည်။
"ငါက ပါရမီရှင် မဟုတ်ဘူး"
'ငါက ဒီတိုင်း သူခိုးတစ်ကောင်'
ကျန်းလော့သည် ချီယယ်၏ မီးခိုးရောင်သမ်းနေသော မျက်နှာကို မျက်မှောင်ကုတ်ကြည့်လိုက်ပြီး ရန်လိုနေသော အသံဖြင့်
"ချီယယ် ငါ့ကို ဖြေ မင်းတကယ်ပဲ အခုကစပြီး နောက်ထပ် ရွှမ်ရွှီလောကနဲ့ ထပ်မပတ်သက်ချင်တော့တာ သေချာလား ဒီလောက် ဆန်းကြယ်ပြီး အရောင်စုံတဲ့ လောကကြီးကို တကယ်ပဲ ကျောခိုင်းသွားတော့မှာလား"
ချီယယ်သည် တိတ်ဆိတ်သွားပြီး အကြာကြီးနေမှ တီးတိုးပြောလိုက်သည်၊
"ငါ့မှာ ဒီမှာနေနိုင်မဲ့ အကြောင်းပြချက်မှ မရှိတော့တာ ကျန်းလော့ရာ"
"ငါက မင်းနဲ့ မတူဘူး"
ချီယယ်၏ အသံသည် လေတိုးသံလို အင်မတန် တိုးတိတ်ပြီး
"ငါက အခု လေလွင့်နေတဲ့ ခွေးတစ်ကောင် ဖြစ်နေပြီကွ ငါ့မိဘတွေနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရတယ် ပြီးတော့ ငါ့မှာ အိမ်ရော ပိုက်ဆံရော ဘာမှမရှိတော့ဘူး ငါမွေးလာတဲ့အချိန်ကနေ အခုထိ ရှင်သန်လာတာကို တွေးကြည့်မိရင် ငါ့အသက် နှစ်ဆယ့်တစ်နှစ်ရှိပြီ ပြီးခဲ့တဲ့ နှစ်ဆယ့်တစ်နှစ်လုံးလုံး ရှင်သန်လာခဲ့တာက အမှားကြီးတစ်ခုလိုပဲကွ ကျန်းလော့ ငါက လုံးဝ အမှိုက်တစ်စပဲ ငါ့မှာ အခုကျန်တာဆိုလို့ ကိုယ့်ကိုယ်ကို လေးစားမှု နည်းနည်းလေးပဲ ကျန်တော့တယ် ပြီးတော့ ငါမင်းရှေ့ကနေ အားမာန်အပြည့်နဲ့ပဲ ထွက်သွားချင်တယ် ဒီတော့ ကျန်းလော့ရာ ငါတောင်းပန်ပါတယ် ငါ့ကို နည်းနည်းလောက် လွတ်ပေးထားပါကွာ နောက်ဆုံးတောင်းဆိုတာပါ"
ကျန်းလော့သည် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။
ချီယယ်သည် တံခါးကို တွန်း၍ ထွက်သွားတော့သည်။ ကျန်းလော့သည် သူ့အမူအယာကို တခြားသူများ ဂရုတစိုက် လိုက်ကြည့်နေကြသည်ကို သတိမထားမိတော့စွာ ကြောင်ကြောင်ကြီး ရပ်နေမိသည်။ ကျန်းလော့သည် နှုတ်ခမ်းစေ့ပြီး ရုတ်တရက် အောက်ထပ်သို့ ဆင်းသွားတော့သည်။
ချီယယ်သည် မထင်မှတ်ထားလောက်အောင် မြန်ဆန်နေကာ တိုက်ခန်းအောက်ဆုံးထပ် အဝင်စပင် ရောက်နေပြီဖြစ်ပြီး ကျန်းလော့သည် သူ့ကို မှီတယ်ဆိုရုံလေး မှီသွားခဲ့သည်။ ကျန်းလော့သည် သဘောကောင်းသော လူတစ်ယောက်မဟုတ်ပေ။ သို့သော် ချီယယ်၏ အကာအကွယ်အောက်တွင် ယွမ်ထျန်းကျူး ခိုးယူခဲ့သည်ကို မှတ်မိခဲ့သည်။ သူ့တွင် ချီမိသားစု၏ မည်သူ့အတွက်မှ ကရုဏာတရားရှိမည်မဟုတ်သော်လည်း ချီယယ်ကတော့ တကယ်ကို ရိုးသားလှသည်။
သူသည် ကျန်းလော့ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် ကျန်းလော့သည် ချီယယ်၏ ဆုံးဖြတ်ချက်ကို နောင်တမရစေချင်ပေ။
'ချီယယ်က တကယ်ပဲ ရွှမ်ရွှီလောကမှ ထွက်သွားချင်သည်လား'
သူ့မျက်လုံးထဲမှ အကြည့်များနှင့် ညနက်သန်းခေါင်တိုင်း ဖူလုထရေးတတ်သော အပြုအမူများကို ကြည့်၍ သူထွက်မသွားချင်ဘူးဆိုတာ သေချာနေသည်။ ကျန်းလော့သည် ချီယယ်ကို ဖမ်းမိရန် နောက်ထပ် ခြေလှမ်း သုံးလှမ်းလောက် ပြေးလိုက်လိုက်ရပြီး
"ဟေး ချီယယ်"
ချီယယ့်ခြေထောက်များသည် ခလုတ်တိုက်မိမလို ဖြစ်သွားပြီး ရပ်မသွားသည့်အပြင် ပို၍ မြန်မြန်ဆန်ဆန် ထွက်သွားသေးသည်။
"ရုပ်လွန်ပညာအတွက် ပြည်နယ်က အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းအသစ်အကြောင်း ကြားပြီးပြီလား"
ချီယယ်၏ အဖြေကို မစောင့်ဘဲ ကျန်းလော့က ဆက်ပြောသည်။
"အဲဒီဌာနကို သိပ္ပံသုတေသနဌာနလို့ လောလောဆယ်နာမည်ပေးထားတယ် ပြီးတော့ အဲဒီမှာ အဖွဲ့တစ်ဖွဲ့ပဲ ရှိမှာ ငါက အဲ့က ဌာနမှူးအဖြစ် တာဝန်ယူထားတယ် ဌာနသေးသေးလေးရဲ့ အကြီးအကဲပေါ့ကွာ ဒါပေမဲ့ လူအရေအတွက်က အရမ်းနည်းနေတယ် ပြီးတော့ ဌာနကို ကူညီနိုင်မဲ့ လူတိုင်းကို ငါတို့ ဌာနက လက်ခံမှာ"
ကျန်းလော့သည် အနည်းငယ် ရယ်မောလိုက်ပြီး
"ငြင်းဖို့ အလျင်လိုမနေနဲ့ဦး ငါပြောတာ ဆုံးအောင်နားထောင် မင်းက မင်းရဲ့ စိတ်ဝိညာဉ်ခန္ဓာကို ဆုံးရှုံးသွားတယ် ဒါပေမဲ့ အရမ်းကို တရားသေတွေးမနေနဲ့ မင်းရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေကရော အဲဒါက မင်းနှစ်ရှည်လများ ငယ်ငယ်ထဲက လေ့ကျင့်လာခဲ့ရတာမဟုတ်ဘူးလား မင်းရဲ့ အဲ့ဒီပညာရပ်တွေပါ မေ့သွာပြီလား"
ချီယယ်သည် တောင့်တင်းသွားသည်။
ကျန်းလော့သည် သူနားထောင်နေသည်ကို သိပြီး စကားသံသည် ပို၍ ပေါ့ပါးသွားသည်။
"တကယ်ကြီးလား တကယ်လို့ မင်းရဲ့ အရည်အချင်းတချို့ ဆုံးရှုံးသွားတယ် ဆိုရင်တောင် မင်းက အရမ်းတော်တယ်ဆိုတဲ့ အချက်ကိုတော့ မပြောင်းလဲပစ်နိုင်ဘူးလေ မင်းရဲ့ စိတ်ဝိညာဉ်ခန္ဓာက မင်းပိုင်တာ မဟုတ်ပေမဲ့ မင်းရဲ့ မှတ်ဉာဏ်တွေနဲ့ ထူးချွန်မှုတွေကတော့ မင်းကြိုးစားလို့ ရလာတဲ့ အသီးအပွင့်တွေလေ ဟုတ်တယ်မလား မင်း အစီအရင်တွေနဲ့ မန္တာန်တွေကို ပေါင်းစပ်ပြီး အသုံးချဖို့ အချိန်နည်းနည်းပဲ ယူခဲ့ရတယ် အဲဒါမင်းရဲ့ကိုယ်ပိုင် လုပ်နိုင်စွမ်း အရည်အချင်းပြလေ ချီမိသားစုရဲ့ အိမ်တော်ကြီး ခြောက်ခုမှ တစ်နေရာ ရခဲ့တယ်ဆိုတာကလည်း သူတို့က ကျယ်ကျယ်ပြန့်ပြန့် သင်ယူနိုင်တဲ့ စွမ်းရည် ရှိခဲ့လို့လေ မင်းမှာ အရာအားလုံးကို သင်ယူနိုင်တဲ့ စွမ်းရည်ရှိတယ် ပျောက်ဆုံးနေတဲ့ ချီမုန့်တွမ့်ကျားအစီအရင်ကိုတောင် သင်ယူနိုင်သေးတယ် မင်းအဲဒီဟာကိုရော သင်ယူပြီးပြီလား"
ချီယယ်သည် မထိန်းချုပ်နိုင်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါက မင်းရဲ့ထူးချွန်တဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတတွေပဲလေ ချီမိသားစုနဲ့ ယှဉ်ကြည့်ရင် ငါတို့ ရှစ်ယောက်လုံးက မင်းနဲ့ ယှဉ်ဖို့မပြောနဲ့ မင်းရဲ့သင်ယူထားတဲ့ပညာတွေကို တောင် ငါတို့မသင်ရသေးတာ အများကြီးပဲ ရှိသေးတယ် မင်းရဲ့ စိတ်ဝိညာဉ်ခန္ဓာ မရှိတော့ဘူး ဆိုပြီး မင်းရဲ့ ကိုယ်ပိုင် ဗဟုသုတတွေကို ခွေးကျွေးပစ်တော့မလို့လား"
ချီယယ်သည် နှေးကွေးစွာ လက်သီးဆုပ်လိုက်ပြီး
"မကျွေးရသေးဘူး အားလုံး ရှိနေသေးတယ်"
"ဒါပဲလေ"
ကျန်းလော့သည် သူ့အိတ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်ယူလိုက်ပြီး ချီယယ်ကို ပေးလိုက်သည်၊
"ထောက်ပံ့ပို့ဆောင်ရေး သီအိုရီပိုင်းဆိုင်ရာ ပညာရပ်တွေနဲ့ နည်းပြလမ်းညွှန်တာ ဘာဖြစ်ဖြစ်ကွာ မင်းက ငါတို့ အဖွဲ့အစည်းမှာ ပါဝင်ကို ပါဝင်မှဖြစ်မဲ့ လူကွ မင်းမှပဲ ငါရှေ့က ပြောတဲ့ဟာတွေ အကုန်သိနိုင်မှာ"
"တကယ်လို့ မင်းတွေးကြည့်ပြီးရင် ဒီလူကို ဆက်သွယ်လိုက် သူက မင်းကို လာတွေ့လိမ့်မယ် အိုး ဟုတ်သားပဲ ငါအပါအဝင် လုယုံရိနဲ့တခြားသူတွေလဲ သိပ္ပံသုတေသနအဖွဲ့အစည်းကို ဝင်ဂျွိုင်းကြမှာ"
ချီယယ်သည် သူ့လက်ထဲမှ လိပ်စာကတ်ကို အကြာကြီး စိုက်ကြည့်နေပြီး သိမ်းလိုက်ကာ ကျန်းလော့ကို ခေါင်းငုံ့၍ တိုးတိုးလေး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
တစ်စုံတစ်ယောက်၏ စွမ်းရည်ကို အသုံးချပေးပြီး မြှင့်တင်ပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု ရှိနေခြင်းသည် အလွန်ကျေနပ်စရာကောင်းသည်။
သို့သော် ချီယယ်သည် ဝမ်းသာပျော်ရွှင်မှုကြားတွင် ဝမ်းနည်းမှုကိုလည်း တပြိုင်ထဲ ခံစားလိုက်ရသည်။ သူနှင့် ကျန်းလော့တို့၏ အကွာအဝေးကို သူနားလည်သွားသောကြောင့် ဖြစ်နိုင်သည်၊
သူ ထိုကတ်ကို ယူလိုက်သည်နှင့် ကျန်းလော့နှင့် အကွာအဝေးကို သူ့လက်နှင့် ကိုယ်တိုင် ကန့်သတ်လိုက်သလို ခံစားရပြီး ရယ်ချင်စရာကောင်းစွာ သူ၏ ကိုယ့်ကိုယ်ကို လေးစားမှုသည် ထိုအကွာအဝေးကြားတွင် သိသာထင်ရှားစွာ အသုံးမဝင်ခဲ့ပေ။
သူသည် အပြစ်ရှိမှုကို ခံစားရသော်လည်း စောနက ကျန်းလော့သူ့ကို လိုက်မှီသွားသည်ကို အနည်းငယ် ဝမ်းသာနေသေးသည်။
သူသည် တကယ့်ကို လူဆိုးတစ်ယောက် ဖြစ်နေသည်ပင်။
######
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။