အပိုင်း (၁၈၂) ဘာလို့လဲဆိုတော့ မင်းကြောက်နေလို့လေ ချီယုံ
သူ့သခင်သည် နှစ်ဆယ့်လေးနာရီ တစ်ရက်လုံးလုံး တစ်ချိန်လုံး ဖုန်းကိုသာ ကြည့်နေကြောင်း ကောဝူချန် သတိထားမိလိုက်သည်။ တစ်ရက်ကုန်သွားတိုင်း ဖုန်းကိုကြည့်နေသော သခင့် အမူအယာသည် ပို၍ မှုန်မှိုင်းလာပြီး ကောဝူချန်ကို သခင့်အနားကပ်သွားဖို့ ကြောက်ရွံ့စေသည်အထိ မှုန်မှိုင်းလာနေသည်။
ချီယုံသည် အလျင်လုပ်ချင်ပုံမရဘဲ ကျန်လော့ ဆက်သွယ်လာမှာကိုသာ စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့သည်။ ရက်များစွာ ကုန်လွန်သွားပြီးနောက် သူ့စိတ်ခံစားချက်များအပေါ်သို့ တိမ်မည်းကြီးများ ဖုံးအုပ်ခံထားရသလို ဖြစ်လာသည်။ နောက်ဆုံး သည်းမခံနိုင်တော့သော အချိန်တွင် အမူအယာကင်းမဲ့နေသော မျက်နှာဖြင့် ကျန်းလော့ကို သူကစပြီး ဖုန်းခေါ်လိုက်တော့သည်။
(ယုံယုံလေးက အလိုက်ခံချင်ရှာတာ ယူတို့တော့မသိဘူး မီကတော့ ဒီထဲမှာ ချီယုံ့ကို အသနားဆုံးပဲ)
ဖုန်းသည် မြန်မြန်ဆန်ဆန်ပဲ ပြန်ဖြေတာ ခံရသော်လည်း တခြားယောက်ျားတစ်ယောက်၏ အသံဖြစ်နေသည်။
"ဟယ်လို"
ချီယုံသည် တောင့်တင်းသွားပြီး ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်မိကာ ဖုန်းသည် သူ့လက်ထဲတွင် ကြေမွသွားတော့သည်။
ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်မှု ကြီးစိုးသွားသည်။
မကောင်းဆိုးဝါး၏ မျက်လုံးများသည် ရက်စက်မှုတို့ဖြင့် မည်းမှောင်လာပြီး ကြမ်းတမ်းစွာ ထရပ်လိုက်ကာ ချက်ချင်း အပြင်ဘက်ထွက်သွားတော့သည်။
..
ဒီနေ့သည် ထျန်းရှိဖူတွင် ကျန်းလော့ အကျယ်ချုပ်ခံရသည်မှာ ခုနှစ်ရက်ရှိပြီဖြစ်သည်။ မနက်စာစားပြီးနောက် ကျန်းလော့သည် စက္ကူစဖြင့် ခုနှစ်ပွင့်မြောက် ပန်းတစ်ပွင့် ခေါက်လိုက်ပြီး ပန်းအိုးထဲ ပစ်ထည့်လိုက်သည်။ ပန်းအိုးထဲ တန်းဝင်သွားသောကြောင့် ကိုယ့်ကိုယ်ကို အလွန် ဂုဏ်ယူရင်း အိပ်ရာပေါ်ပြန်လှဲအိပ်လိုက်ကာ စာအုပ်ဖတ်လိုက်သည်။
ဖုန်းလီသည် သူ့ကို အပြင်ထွက် လမ်းလျှောက်ခွင့်မပေးသလို တခြားသူများနှင့် စကားပြောခွင့်လည်း မပေးခဲ့ပေ။ သို့သော် သူ့ကို စာအုပ်များတော့ ဖတ်ခွင့်ပေးထားခဲ့သည်။ ထျန်းရှိဖူ၏ ကောင်းကင်သခင်များ အကြောင်း မှတ်တမ်းများကို ရှာချင်ခဲ့သောကြောင့် ကျန်းလော့သည် စာအုပ်ပေါင်းများစွာကို တောင်းဆိုခဲ့သည်။ သူစာအုပ်များ တစ်အုပ်ပြီး တစ်အုပ်ဖတ်ပြီး ရှာနေချိန်တွင် ညနေခင်းအချိန် ပြတင်းပေါက်အပြင်ဘက်တွင် ရုတ်တရက် မီးရှူးမီးပန်းတချို့ လွှတ်တင်လာသည်ကို တွေ့လိုက်သည်။
ကျန်းလော့သည် ချက်ချင်း ပြတင်းပေါက်ဆီသို့ ကြည့်လိုက်ရာ မီးရှူးမီးပန်း အကြီးနှစ်ခုနှင့် အသေး သုံးခု လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။
ကျန်းလော့သည် မီးရှူးမီးပန်းများကို ကြည့်၍ ချက်ချင်း အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။
ဤအရာသည် သူနှင့် ဝမ်ယမ်လန်တို့ သဘောတူထားသော ချီယုံ ကျန်းလော့ကို လာကယ်လျှင် ပြမည့် အမှတ်အသားဖြစ်သည်။ ကျန်းလော့၏ မျက်နှာသည် ချက်ချင်း ပြုံးအီသွားပြီး လက်ထဲမှ စာအုပ်ကို လွှင့်ပစ်လိုက်ကာ အိပ်ရာပေါ်မှ အရှိန်ပြင်းပြင်းဖြင့် ထထိုင်လိုက်ကာ ခြေနှစ်လှမ်းထဲဖြင့် ပြတင်းပေါက်နား ရောက်သွားတော့သည်။
အပြင်ဘက်တွင် ထျန်းရှိဖူမှ တပည့်များသည် အဓိက တံခါးမကြီးဆီသို့ အလျင်စလို ပြေးသွားနေကြသည်။ တံခါးမကြီးတွ၍ မီးရောင်များ တလက်လက် တောက်ပနေသည်မှာ မီးလောင်နေသည့် အတိုင်းပင်။
ဟုတ်ပေသည် ထိုနေရာတွင် အမှန်တကယ် မီးလောင်နေပါသည်။
အပြင်ဘက်ခြံဝန်းထဲတွင် မီးခိုးများ မွှန်ထူနေပြီး ထျန်းရှိဖူမှ တပည့်များသည် အလွန်ရှုပ်ထွေးနေကြသည်။ ဘာဖြစ်နေကြမှန်း မသိသော်လည်း အားလုံးသည် ယနေ့ကျမှ ထျန်းရှိဖူ ဂိတ်ဝတွင် ရုတ်တရက် လူအုပ်လိုက်ကြီး ရောက်လာပြီး လက်နက်များကိုင်၍ ထျန်းရှိဖူထဲသို့ ကျူးကျော်ရန် ကြိုးစားနေကြသည်ကို နားမလည်နိုင်ကြပေ။
တစ်စုံတစ်ယောက်သည် ဓာတ်ဆီပုံးကြီး ယူလာပြီး ဂိတ်ဝကို ဖြန်းလိုက်ကာ မီးခြစ်ကို ပစ်ထည့်လိုက်သည်။ ဂိတ်ဝကြီး တစ်ခုလုံး မီးစွဲသွားလေပြီ။ ထျန်းရှိဖူသည် ရိုးရာသစ်သား အဆောက်အဦးတစ်ခု ဖြစ်ပြီး တစ်နေရာ မီးလောင်သည်နှင့် တခြားနေရာများအထိ လျင်မြန်စွာ မီးကူးသွားကာ နေရာတစ်ခုလုံး ရှုပ်ပွသွားဖို့ မကြာလိုက်ပေ။
ရှန်ရူမာ့နှင့် တခြားသူများသည် အလွန်အလုပ်ရှုပ်နေကြသော်လည်း သူတို့သည် ထျန်းရှိဖူထဲသို့ ကျူးကျော်ဝင်ရောက်လာသော လူအုပ်ကြီးကို မတားဆီးနိုင်ကြပေ။ သူ့မျက်နှာသည် ခက်ထန်နေပြီး
"ရဲခေါ်ပြီးပြီလား"
"ဖုန်းက လုံးဝ မဝင်ဘူးကွ"
ဝမ်ဆန်းထန်က ပြောသည်။ စိတ်သောကရောက်လွန်းသောကြောင့် ချွေးများ စိုရွှဲနေသည်။
"ဒီအခြေအနေကြီးက ထူးဆန်းနေတယ် မထင်ဘူးလား ထျန်းရှိဖူက ဂါထာတွေက မကောင်းဆိုးဝါးတွေကို ပစ်မှတ်ထားတာပေမဲ့ လူတွေအပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လေ ဒါပေမဲ့ ဒီသာမန်လူတွေက နည်းနည်းမှ သက်ရောက်မခံရသလိုပဲ"
ရှန်ရူမာ့သည် မီးကျွမ်းနံ့တို့ လှိုင်ထနေသော သူ့ရှေ့မှ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်၍ သူနဖူးထက်တွင် အကြောများ ထောင်ထနေသည်။ ကျိုးဝူတု ပြန်ပြေးလာသည်ကို မြင်သောအခါ
"မင်း ဘာလို့ ဒီလောက်နှေးနေရတာလဲ ဆရာ့ကို သတင်းပေးလိုက်ပြီလား"
"ကျွန်တော် သတင်းပေးပြီးပါပြီ ကျွန်တော်တို့ဆရာဆီကို သွားပြောပေးဖို့ အကြာကြီး ခခယယ တောင်းပန်ခဲ့တာ သူက နည်းနည်းကြာမှ ပြန်ထွက်လာပြီး ဆရာ ခဏနေရင် လာလိမ့်မယ်လို့ ပြောသွားတယ်"
ဝမ်ဆန်းထန်သည် စိတ်သက်သာရာ ရသွားခဲ့သည် သို့သော် ရှန်ရူမာ့၏ မကြည်မသာ ဖြစ်နေသော မျက်နှာကို မြင်သောအခါ ထပ်၍ စိတ်လှုပ်ရှားလာပြန်ပြီး
"အစ်ကိုနှစ် ဆရာရောက်လာရင် အဆင်ပြေသွားမှာပဲမလား အစ်ကိုက ဘာလို့ ဒီပုံစံ ဖြစ်နေရတာလဲ"
"ဒီလူတွေကို ကြည့်လိုက် သူတို့ရောက်လာတဲ့ပုံစံက ဘယ်လိုမှ ယုတ္တိမရှိနေဘူး"
ရှန်ရူမာ့သည် ခေါင်မိုးပေါ်သို့ ကုတ်တက်ပြီး အိမ်များကို ထုရိုက်ဖြိုချနေကာ သစ်ပင်များကိုပါ မီးရှို့နေသော လူများကို လက်ညှိုးထိုးပြလိုက်သည်။ ထျန်းရှိဖူသည် ကျက်သရေမရှိတော့ပေ။ ထျန်းရှိဖူမှလူများသည် သာမန်လူများကို ထိခိုက်သွားမည်ကို ကြောက်ရွံ့သောကြောင့် ကြမ်းကြမ်းတမ်းတမ်း မရိုက်နှက်ဝံ့ပေ။ သို့သော် သူတို့တွင် သိက္ခာကို မစောင့်ထိန်းနိုင်တော့အောင် သူတို့သည် ရဲခေါ်လို့လဲ မရတော့ပေ။ ဤအရာများသည် သူတို့ကို တစ်ခုဆီသို့ သိသာစွာ ညွှန်ပြနေသည်။
"ထိန်းချုပ်ခံရခြင်း"
သူသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
"မင်းတို့ အဲဒါကို မြင်လား"
ဝမ်ဆန်းထန်နှင့် ကျိုးဝူတုတို့သည် မော့ကြည့်လိုက်ပြီ ခဏကြာအောင် စိုက်ကြည့်နေကာ လေအေးများ မှုတ်ထုတ်လိုက်ကြသည်။
"ယင်ချီတွေ"
ယင်ချီအရှိန်အဝါများသည် ည၏ အမှောင်ထုတွင် ရောယှက်နေသည်။ ထျန်းရှိဖူတစ်ခုလုံးကို ယင်ချီများနှင့် လွှမ်းခြုံထားကြောင်း သိလိုက်ကြသည်။ ရှန်ရူမာ့သာ သူတို့ကို သတိမပေးခဲ့ပါလျှင် သူတို့သည် မည်သို့မျှ ထိုအကြောင်းကို ရှာတွေ့မှာ မဟုတ်ပေ။
"ဟုတ်တယ် ယင်ချီတွေ ပြောရရင် ဒီလောက် အားကောင်းတဲ့ ယင်ချီတွေ ငါ တစ်ခါမှ မမြင်ဖူးဘူး"
ရှန်ရူမာ့သည် ခါးသီးစွာ ရယ်လိုက်ပြီး စီးကရက် တစ်လိပ်ကို ထုတ်လိုက်သည်။
"တစ်ခုခုကတော့ မကောင်းတော့ဘူး တစ်စုံတစ်ခုက ဒီလူတွေကို နောက်ကွယ်ကနေ ထိန်းချုပ်စေခိုင်းနေတာ ဆရာရောက်မလာခင်အထိ ထျန်းရှိဖူက တပည့်တွေကို နေရာတစ်နေရာရှာပြီး စုဝေးခိုင်းလိုက် ပြီးရင် သူတို့ကို တည်ငြိမ်အောင် သေချာပြော လုံးဝ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဖို့ရော ဒါက ဒီတိုင်း တစ်ခုခု ကျရောက်ပြီး ပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြရုံပဲ ထျန်းရှိဖူက ဒီလိုနည်းလမ်းနဲ့ ရလာမဲ့ ငွေမလိုအပ်ဘူး လူတွေ အဆင်ပြေအောင် လုပ်ပေးဖို့ အရေးအကြီးဆုံးမို့လို့ သေချာ ဂရုစိုက်ပြီး ထိန်းချုပ်ဖို့ ပြောထား"
ဝမ်ဆန်းထန်သည် တွန့်ဆုတ်စွာပြောလိုက်သည်။
"အစ်ကိုနှစ် ကျွန်တော်တို့ သူ့တို့ကို ဒီတိုင်းလုပ်နေတာကို ခွင့်ပြုထားကြမှာလား ဒါက ထျန်းရှိဖူကို သိက္ခာကျစေတယ်နော်"
"မစိုးရိမ်နဲ့"
ရှန်ရူမာ့က ပြောသည်။
"နောက်ကွယ်ကလူက အခုထိ ပေါ်မလာသေးဘူး ဒါကြောင့် သူတို့ဘာလုပ်ချင်လဲဆိုတာ အရင်စောင့်ကြည့်ရအောင် ထျန်းရှိဖူရဲ့ မျက်နှာပေါ် တက်နင်းချင်တဲ့ သူတွေတိုင်းက ခယတောင်းပန်လို့တောင် မရနိုင်မဲ့ အကျိုးဆက်တွေ ရင်ဆိုင်သွားရမှာပဲ"
"အိုး မဟုတ်သေးဘူး ညီငယ်လေးက အခုထိ အခန်းထဲမှာ အပိတ်ခံထားရတုန်းပဲ ငါသူ့ကို သွားရှာလိုက်ဦးမယ် မင်းတို့ တခြားကိစ္စတွေ တာဝန်ယူလိုက်ကြ"
ကျန်းလော့သည် ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မြင်ပြီးနောက် ချီယုံတစ်ယောက် ဒီတစ်ခေါက်တော့ ပွဲအကြီးကြီး လုပ်လိုက်ပြီဟု တွေးမိသည်။ သူသည် နည်းနည်းမှ မတွေဝေသွားဘဲ ယင်းဟူကို ဆင့်ခေါ်၍ တံခါးကို ဖွင့်လိုက်ကာ အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။
ဤခုနှစ်ရက်အတွင်းတွင် ကျန်းလော့၏ ခြေထောက်သည် သက်သာသလောက်ရှိနေပြီဖြစ်ပြီး ဧည့်ခန်းဆီသို့ လျင်မြန်စွာ ပြေးသွားကာ လိုအပ်သည်များကို အိတ်ထဲထည့်သယ်၍ အပြင်ဘက်သို့ ပြေးထွက်လိုက်သည်။
အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ကျန်းလော့သည် မီးလောင်နေသည်ကို အခွင့်ကောင်းယူ၍ သုံးသပ်ခန်းများ ရှိရာ အဆောင်ဆီသို့ ပြေးသွားလိုက်သည်။
ဒီတစ်ကြိမ်တွင် သူသည် မြေအောက်ထဲတွင် ချုပ်ထားခံရသော အမျိုးသမီးဆီသို့ ရောက်အောင် သွားတွေ့ရန် ဆုံးဖြတ်ထားကြသည်။ ၎င်းကို အမျိုးသမီးတစ်ယောက်ဟု ခေါ်ရန်မှာ သိပ်တော့ မတိကျပေ။ အမျိုးသားလူကြီး တစ်ယောက်လည်း ဖြစ်နိုင်ပေသည်။
ဖုန်းလီ၏ ပုံပန်းသွင်ပြင်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူမသည် အသက်ပိုကြီးနေပြီး အားနည်းကာ အသက် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်လောက်တော့ ရှိလောက်ပြီ ဖြစ်သည်။
သူမသည် သတိလက်လွတ်ဖြစ်နေပြီ ဖြစ်ပြီး ကျန်းလော့ ဝင်လာသောအခါ သူမသည် နည်းနည်းမှ တုန်လှုပ်မသွားခဲ့ပေ။ ကျန်းလော့သည် သေချာ ဂရုတစိုက်ဖြင့် သူမဆံပင်များကို မကြည့်လိုက်ပြီး အရေးအကြောင်းများနှင့် မည်သူမှန်း မသိတော့သော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ သူမမျက်နှာတွင် ဖုန်းလီ၏ မျက်နှာကျကို တစ်နည်းတစ်ဖုံ မြင်နိုင်သည်။
လူအိုကြီးသည် သွေးခုန်နှုန်းပင် စမ်း၍မရအောင် အလွန်အားနည်းနေပြီး ဆိုးရွားသော အနံ့ပြင်းပြင်းကြီး ရလောက်အောင် နံစော်နေသည်။ ကျန်းလော့သည် လူအိုကြီး၏ ဖုံးကွယ်ထားသော အတိတ်ကို ကြည့်ရန် မြေပြင်ပေါ်တွင် ပုံရိပ်ယောင် အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ အစီအရင်၏ အလည်တည့်တည့်တွင် မှန်တစ်ချပ်ထားလိုက်သည်။ ကျန်းလော့သည် လူအိုကြီး၏ နားနားကပ်၍ လက်ဖျောက်တီးပစ်လိုက်သည်။
အမျိုးသမီးကြီးသည် မျက်လုံးများကို တုန်လှုပ်ထိတ်လန့်စွာ ဖွင့်ကြည့်လိုက်ပြီး ခေါင်းငုံ့၍ မှန်ထဲသို့ ငုံ့ကြည့်လိုက်သည်။ သူမ၏ တိမ်ကျနေသော မျက်လုံးများသည် တဖြည်းဖြည်း အာရုံလွင့်လာကြသည်။
..............
ကျန်းနန်သည် သူမ၏ ကံကြမ္မာဆိုးကို သယ်ဆောင်လာမည့် သူကို မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ သို့သော် ကံကြမ္မာယုံသူသည် အလွန်ကွဲပြားသော လူတစ်ယောက်ဖြစ်ပြီး သူသည် အချစ်ကိစ္စများကို စိတ်မဝင်စားသောကြောင့် ကျန်းနန်သည် သူနှင့် နီးစပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ လက်လျော့လိုက်ဖို့ ဆန္ဒမရှိသော သူမသည် ကံကြမ္မာယုံသူကို ဆေးခတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဤဆေးခတ်မှုကြောင့် သူမသည် လှည့်စားမှု နည်းလမ်း အများကြီး အသုံးပြုခဲ့ရပြီး သူမခန္ဓာကိုယ်ကိုလည်း အကောင်းဆုံးအခြေအနေ ဖြစ်နေအောင် ပြင်ဆင်ခဲ့ကာ ထိုသူ၏ သွေးသားကို တစ်ကြိမ်ထဲနှင့် လွယ်ရန် ကြိုးစားခဲ့ပြီး ချောင်ပိတ်ကာ လက်ထပ်စေဖို့ ကြံစည်ခဲ့သည်။ လောက အရေးအခင်းများနှင့် ထိတွေ့မှု မရှိသဘောက် နည်းပါးသော ကံကြမ္မာယုံသူသည် ကျန်းနန်၏ လှည့်ကွက်ထဲသို့ အောင်မြင်စွာ ကျဆင်းသွားခဲ့ပြီး ကျန်းနန်သည် ကံကြမ္မာယုံသူကို သူမကို လက်ထပ်ရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်တို့၏ အကျိုးဆက်မှာ သူမ၏ အကြီးအကဲများက သူမကို အကျဉ်းချလိုက်ခြင်းနှင့် အဆုံးသတ်သွားခဲ့သည်။
ကျန်းနန်သည် ရူးသွပ်မတတ်ဖြစ်သွားခဲ့သည်။ သူမထင်သည်မှာ သူမမိသားစုသည် သူမကို ခဏလောက်ကြာအောင်သာ အကျဉ်းချထားမည်ဖြစ်သည်။ သို့သော် သူမလုံးဝ မထင်ထားမိသည်မှာ သားတစ်ယောက် မွေးပြီးသည်အထိ သူမကို ဆက်၍ အကျဉ်းချထားခဲ့ခြင်း ဖြစ်သည်။
သူမအစ်ကို သူမ သားဖြစ်သူကို လာခေါ်သွားသော နေ့တွင် လူသားတစ်ယောက်သာ ဖြစ်သော ကျန်းနန်သည် သူမကိုယ်ကို ကုတ်ခြစ်၍ သူမဆံပင်များကို ဆွဲကာ ပြိုလဲသွားတော့သည်။
"ငါ့ကို လွတ်ပေး ဒါက ကံကြမ္မာယုံသူနဲ့ ငါ့ရဲ့သားပဲ ငါက ကံကြမ္မာယုံသူရဲ့ တစ်ဦးထဲသော အမျိုးသမီးပဲ နင်တို့က ဘာမို့လို့ ငါ့ကို အကျဉ်းချထားရဲရတာလဲ"
"ကံကြမ္မာယုံသူမှာ ဘယ်တုန်းကမှ အမျိုးသမီးဆိုတာ မရှိခဲ့ဘူး ငါကသာ သူ့ရဲ့ ပထမဆုံး အမျိုးသမီးပဲ ငါထွက်လာတာနဲ့ နင်တို့အားလုံးကို ကြည့်ကောင်းအောင် လုပ်ပစ်မယ်"
မကြာခင်မှာပဲ ကောင်းကင်သခင် အသစ်တစ်ယောက် ဖြစ်လာတော့မည့် သူမအစ်ကိုသည် သူမကို ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ကြည့်လိုက်ပြီး
"နင်လုပ်ခဲ့တဲ့ အမှား ဘယ်လောက်ကြီးလဲ နင်သိလား"
ကျန်းနန် မသိပေ။
"ဒီမှာပဲ နေလိုက်"
အစ်ကိုသည် ထွက်သွားခဲ့သည်။
"အနည်းဆုံးတော့ ဒီနည်းလမ်းနဲ့ပဲ နင့်ကို အသက်ရှင်အောင် ထားနိုင်မှာ"
..
အမျိုးသမီးကြီး၏ အသံသည် စူးရှအက်ကွဲနေပြီး သူမသည် ပြင်းထန်စွာ ရုန်းကန်ခဲ့သည်။
"ငါ့ကို ထုတ်ပေး ငါ့ကို ထုတ်ပေး ငါက ကံကြမ္မာယုံသူရဲ့ အမျိုးသမီးပဲ ... မဟုတ်ဘူး ငါ့ကို မသတ်ပါနဲ့ ငါမှားပါတယ် ငါမှားပါတယ်... ငါသူ့ကို ဆေးမခတ်သင့်ပါဘူး ကံကြမ္မာယုံသူကို ဆေးမခတ်ခဲ့သင့်ပါဘူး ...."
ကျန်းလော့သည် ထိုစကားများကြောင့် ကျောက်တုံး ပြုတ်ကျသွားသော ရေသေကန်ကဲ့သို့ တုန်လှုပ်သွားသည်။ သူသည် တော်တော်ကြာအောင် မလှုပ်မယှက်ဖြစ်သွားခဲ့ပြီး မယုံနိုင်ခဲ့ပေ။
"ဖုန်းလီက တကယ်ကြီး ကံကြမ္မာယုံသူရဲ့ သားတဲ့လား"
'ကံကြမ္မာယုံသူမှာ ကလေးရှိတာလား'
ကျန်းလော့သည် ဖုန်းလီနှင့် ကံကြမ္မာယုံသူတို့ ဆက်ဆံရေးသိပ်မကောင်းဘူး ဆိုတာသာ သိထားသော်လည်း ကံကြမ္မာယုံသူနှင့် သားအဖတွေ ဖြစ်မည်ဟုတော့ မထင်ထားခဲ့ပေ။
ဤသတင်းကြောင့် အလွန်ထိတ်လန့်သွားပြီး ကျန်းလော့သည် တည်ငြိမ်အောင် တော်တော်လုပ်ယူလိုက်ရကာ အမျိုးသမီးကြီးကို ခဏခဏပြန်လှည့်ကြည့်မိသည်။
"..... ဪ .... ရွှမ်ရွှီလောကကြီးက တယ်လည်း ရှုပ်ထွေးသကိုး"
သူသည် အမျိုးသမီးကြီး၏ လွင့်မြောနေသော စိတ်ကို လက်ဖျောက်တီး၍ ပြန်ခေါ်လိုက်ကာ အစီအရင်လုပ်ထားသော ပစ္စည်းများကို မြေပြင်ပေါ်မှ ပြန်ကောက်သိမ်းလိုက်ပြီး အံ့ဩဖွယ်ရာ လျှို့ဝှက်ချက်ကြီးနှင့် သုံးသပ်ခန်းများအဆောင်မှ ထွက်လာခဲ့သည်။
ထျန်းရှိဖူတွင် နေရာတိုင်းတွင် ဆူပူမှုများ ပြည့်နှက်နေပြီး မီးခိုးနံ့များ ရနေသည်။ လေတိုက်လိုက်တိုင်း မီးခိုးလုံးကြီးများ နေရာအနှံ့ ပျံ့ကုန်ကြသည်။ ကျန်းလော့ စုံစမ်းရန် လွတ်လိုက်သော ရွှေကြွက်လေးသည် တကြွိကြွိအော်ပြီး ကျန်းလော့ လက်ထဲ ပြန်ရောက်လာသည်။
"ချီယုံ ဝင်လာပြီ"
ကျန်းလော့ မျက်လုံးများသည် ရွှင်လန်းစွာ တောက်ပသွားသည်။ သူသည် ကြွက်ကို ပြန်သိမ်းလိုက်ပြီး ထျန်းရှိဖူအတွင်းရှိ အမြင့်ဆုံးနေရာကို ရှာဖွေလိုက်သည်။
ကျန်းလော့သည် အဆောက်အဦးထိပ်ဆုံးထိ တွယ်တက်သွားပြီး ယောက်ယက်ခတ် ရှုပ်ပွနေသော ထျန်းရှိဖူကို အပေါ်စည်းမှ ကြည့်လိုက်သည်။
ထိုသို့ ဆူပူမှုကြီး ဖြစ်နေသည်မှာ မိနစ်နှစ်ဆယ်လောက်ပင် မကြာသေးပေ သို့သော် နေရာအနံ့တွင် ကမ္ဘာပျက်သလို မီးများလောင်ကျွမ်းနေကြပြီး ထျန်းရှိဖူ၏ ဤတစ်ကြိမ် ဆုံးရှုံးမှုသည် အလွန်ကြီးမားသည်ဟု ဆိုနိုင်သည်။
ရိုမက်တစ်ဆန်သည့်အရာ တစ်ခုတော့ ရှိသည်။ နက်မှောင်နေသော ညတွင် မီးတောက်များသည် အလျှံတငြီးငြီး တောက်ပနေကြသည်မှာ အလွန်အံ့ဩလောက်အောင် လှပနေသည်။
ကျန်းလော့သည် ခေါင်မိုးပေါ်တွင်ထိုင်ချလိုက်ပြီး ညည်းညူလိုက်ပြီး ဆေးသေတ္တာထဲမှ အနီရောင်ဆေးရည်များကို ပတ်တီးစတွင် သုတ်၍ သူ့ဘယ်ဘက် ခြေထောက်ကို စည်းလိုက်သည်။ သူသည် ခြေထောက်ကို ကျေနပ်စွာ ကြည့်လိုက်သည်။ ခြေထောက်သည် မသိလျှင် သူသတိမထားမိလိုက်ခင် ကျိုးသွားသလို ထင်ရသည်။
သူသည် တစ်မိနစ်အတွင်း ချီယုံသူ့ကို ရှာတွေ့ရန် မျှော်လင့်ခဲ့သော်လည်း ခေါင်မိုးပေါ်သို့ လူပိုတစ်ယောက်သည် စက္ကန့်နှစ်ဆယ်အတွင်း အကောင်လိုက်ကြီး ရောက်လာလေသည်။ ချီယုံသည် ခေါင်မိုးအစွန်းတွင် အေးစက်စွာ ရပ်၍ သူ့ကို ငုံ့ကြည့်သည်။
ကျန်းလော့၏ ပတ်တီးစည်းထားသော ခြေထောက်ကို မြင်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်ခက်ထန်သော အရှိန်အဝါများ လွှမ်းခြုံသွားပြီး ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းသော ဒေါသများ လွှင့်ထုတ်လာသည်။
ကျန်းလော့သည် သူ့ကို အံ့ဩစွာ ကြည့်လိုက်ပြီး
"မင်းက ဒီမှာ ဘာလာလုပ်တာလဲ"
ချီယုံသည် ကျန်းလော့နားသို့ အမူအယာကင်းမဲ့စွာ တိုးကပ်သွားပြီး
"ဘာလဲ ကိုယ် လာလို့ မရဘူးလား"
ယင်းဟူသည် ချီယုံ့ရှေ့တွင် ခက်ထန်စွာ ပေါ်ထွက်လာပြီး သူ့လမ်းကို အသေပိတ်ထားသောအခါ ချီယုံသည် ကျန်းလော့ကို မျက်နှာသေကြီးဖြင့် စိုက်ကြည့်လာသည်။ မျက်လုံးများသည် အလွန်ကြောက်စရာကောင်းနေပြီး ခဏချင်းမှာပဲ ရူးသွပ်သွားတော့မည့် သားရဲကြီးတစ်ကောင်လို မုန်ယိုနေတော့သည်။
ကျန်းလော့သည် တုံ့ဆိုင်းစွာဖြင့် ထရပ်လိုက်ပြီး ခြေတစ်ပေါင်ကျိုးဖြင့် နောက်နားလေးမှ ခေါင်းမိုးအစွန်းကို ခုန်သွားလိုက်သည်။ ထို့နောက် နံရံလို အကာအရံသေးသေးကို မှီထိုင်လိုက်သည်။ သူသည် ချီယုံ့ကို စိုးရိမ်စွာ ကြည့်လိုက်သော်လည်း မတော်တဆ ခြေထောက်ကို ထိမိသွားပြီး နာကျင်သွားသောကြောင့် အသက်အောင့်လိုက်ပုံဖြစ်အောင် ဟန်ဆောင်လိုက်သည်။
ချီယုံ့နှလုံးသားသည် ရုတ်တရက် ဒေါသနှင့် ရန်လိုခြင်းတို့ မြင့်တက်လာပြီး ကျန်းလော့သည် ထိုခံစားချက်များကို ခံစားမိလိုက်သည်။ ချီယုံသည် ဒေါသသံကို ထိန်းချုပ်ပြီး။
"ဒီကိုလာ"
ကျန်းလော့က ငြင်းလိုက်သည်။
"မလာဘူး"
ချီယုံသည် စိတ်တိုစွာဖြင့် ခြေလှမ်းကျဲကြီးနှင့် ရှေ့တိုးလိုက်သောအခါ ယင်းဟူသည် သူ့ကို ခုန်အုပ်လာသည်။ သို့သော် ချီယုံသည် ယင်းဟူကို လက်တစ်ဖက်ဖြင့် တားလိုက်သည်။ ယင်းဟူနှင့် ထိတွေ့မိသော လက်ဖဝါးသည် ဆာလဖြူရစ်အက်ဆစ်နှင့် ထိတွေ့မိသလို လောင်ကျွမ်းသွားကာ ချီယုံ့အသားများကို တိုက်စားသွားပြီး အရိုးဖြူဖြူတို့ ပေါ်လာစေသည်။
သို့သော် ချီယုံ့အမူအယာသည် နည်းနည်းလေးမှ မပြောင်းလဲသွားပဲ ကျန်းလော့ကိုသာ အောက်ခြေမမြင်ရအောင် နက်ရှိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ကျန်းလော့ နှလုံးသားသည် တုန်လှုပ်သွားပြီး ချီယုံ့ကို မကြည့်ဝံ့တော့ပေ။ သူသည် ခေါင်းစောင်းလိုက်ပြီး အောက်သို့ ကြည့်နေလိုက်ကာ သူ့ခံစားချက်နောက်ကို လိုက်၍ ပြောလိုက်သည်။
"ဒီသုံးလွှာက တော်တော်တော့ မြင့်သား သုံးလွှာကနေဆိုရင် ငါသေနိုင်လောက်တယ် ဟုတ်တယ်မလား"
သူပြောပြီးသည်နှင့် ရပ်လိုက်ပြီး ချီယုံ့ကို ထပ်ကြည့်လိုက်သည်။ ချီယုံသည် သူ့ကို အခုချိန်ထိ လူသတ်ချင်သော အကြည့်များဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။
ကျန်းလော့သည် ချောင်းဟန့်၍ လည်ချောင်းရှင်းလိုက်ပြီး သူ့တင်ပါးအောက်မှ အုပ်ချပ်များကို လက်ချောင်းနှစ်ချောင်းဖြင့် ဆုပ်ကိုင်ကြည့်ရင်း ညာဘက်ခြေထောက်ကို ဆန့်ထုတ်ကာ တင်ပြင်ခွေထိုင်လိုက်သည်။
"ချီယုံ မင်းငါ့ကို သေစေချင်လား"
မကောင်းဆိုးဝါး၏ မျက်နှာထားသည် အလွန်ကြောက်စရာကောင်းနေပြီး
"မင်းသေမှာ မဟုတ်ဘူး"
"မင်း ဘာလို့ ဒီလိုပြောနိုင်ရတာလဲ"
ကျန်းလော့သည် လေးနက်စွာ ပြန်ပြောလိုက်သည်။
"ငါက လူသားမျိုးနွယ်လေ မင်းလို မကောင်းဆိုးဝါးဝိညာဉ်မဟုတ်ဘူး ပြီးတော့ ထန်ပိလို သေဆုံးပြီးတဲ့ ရှင်သန်သူလဲ မဟုတ်ဘူး ငါက ရှင်သန်မယ် အိုမင်းလာမယ် နာမကျန်းဖြစ်လာမယ် ပြီးရင် သေဆုံးသွားမယ် အသက်ရှည်ရင် အလွန်ဆုံး ခြောက်ဆယ်ပေါ့ ဒါမှမဟုတ်ရင် သက်ဆိုးမရှည်ပဲ တစ်မိနစ်အတွင်းလဲ သေသွားနိုင်တာပဲလေ ဒါပေါ့ ငါသာ ဒီအဆောက်အဦးပေါ်က ခုန်ချလိုက်ရင် သေသွားမှာပဲ သွေးတွေထွက်လာပြီး ငါ့ဦးနှောက်တွေတောင် နေရာအနှံ့ ပျံ့ကျဲသွားလောက်တယ် ငါသေသွားရင် သရဲဖြစ်လာမှာလို့ မင်းပြောချင်ရင်တော့ မင်းအထင်မှားနေပြီလို့ပဲ ပြောပါရစေကွာ ချီယုံ လူတိုင်းက သေသွားတိုင်း အငြိုးကြီးတဲ့ သရဲတစ္ဆေဖြစ်လာကြတာ မဟုတ်ဘူး မင်းလိုမျိုး သေပြီးတာတောင် အကြောင်းပြချက် ရန်ငြိုးတွေနဲ့ မှတ်ဉာဏ်တွေ အားလုံး မှတ်မိနေကြမှာ မဟုတ်ဘူး မင်း သေပြီးသွားလို့ သရဲဖြစ်လာမှာထက်ကို တခြားတစ်ခုခု ဖြစ်သွားနိုင်သေးတာပဲလေ ဒါပေမဲ့ ငါကတော့ မဟုတ်ဘူး နတ်ဘုရားတွေတောင်မှပဲ လူတွေ မသေနိုင်ဘူးလို့ ခိုင်ခိုင်မာမာ မပြောနိုင်ဘူး မင်းက ဘာလို့ ဒီလိုပြောနိုင်ရတာလဲ "
မကောင်းဆိုးဝါး၏ မျက်နှာသည် ပိုလို့ပင် ရုပ်ဆိုးလာခဲ့သည်။
"မင်း ငါ့ကို အရင်တုန်းက ဘယ်သူလဲလို့ မေးခဲ့ဖူးတယ်နော် ဒါဆို ငါက အရင်တုန်းက 'ကျန်းလော့' မဟုတ်ဘူး ဆိုတာလဲ မင်းသိမှာပေါ့"
"ကဲ ငါသေသွားတဲ့အခါကျရင် ငါ့ဝိညာဉ်က ဒီကမ္ဘာကြီးကနေ ပျောက်သွားလောက်လား မင်းစဉ်းစားကြည့် ငါ့ရှေ့က ဒီမတည်မြဲတဲ့ သဘောတရားတွေနဲ့ ခြုံကြည့်လိုက်ရင် သေပြီးလို့ သရဲဖြစ်သွားဖို့ဆိုတာ ဖြစ်နိုင်ချေ တော်တော်နည်းတယ်"
"မင်း မသေနိုင်ဘူးလို့ ကိုယ်ပြောနေတယ်လေ"
မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး ယင်ဟူကို တွန်းထုတ်လိုက်ကာ ကျန်းလော့နားသို့ ခပ်မြန်မြန် လျှောက်လှမ်းလာသည်။ ကျန်းလော့သည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ကို ရပ်ဖို့ လက်ဟန်ပြလိုက်သည်။
"မင်း နောက်တစ်လှမ်းသာ ထပ်တိုးရင် ငါခုန်ချပစ်လိုက်မှာ မင်းငါ့ကို တားနိုင်တယ်လို့ တွေးမနေနဲ့ ယင်းဟူက မင်းကို တားမှာ ငါမင်းကို တားထားနိုင်သ၍ စက္ကန့်ပိုင်းလေးမှာပဲ ငါမြေကြီးပေါ် ရောက်နေလောက်ပြီ"
ချီယုံသည် ကျန်းလော့ အလိမ်အညာများ လျှောက်ပြောနေသည်ကို သေချာပေါက်သိသည်။
သူသည် သူ့ကိုယ်သူ နားလည်သလောက်ကို ကျန်းလော့အကြောင်းကို ကောင်းကောင်းသိသည်။ ကျန်းလော့သည် သူ့အသက်ကို သူများ လိုချင်နေသည်ဟူသော သံသယလွန်ကဲသည့် ရောဂါရှိနေကြောင်းလဲ သူသိထားသည်။ ကျန်းလော့၏ ရှင်သန်လိုစိတ်သည် တခြားသူများထက် ပို၍ ပြင်းပြပြီး ချီယုံ့ စိတ်ဝင်စားမှုကို ရယူရန် နည်းလမ်းတစ်ခုကို အသက်နှင့်ရင်းပြီး သုံးနေမှန်းလည်း သိသည်။ ကျန်းလော့သည် ဘယ်သောအခါမှ သေအောင် ခုန်ချလိမ့်မည် မဟုတ်ပေ။
ဒီကောင်လေးသည် သူ့ကို လှည့်စားရန် သရုပ်ဆောင်နေခြင်း ဖြစ်သော်လည်း ကျန်းလော့ သူ့ကို လိမ်နေတာကို သိလျှင်ပင် ချီယုံသည် အကြောင်းပြချက်မရှိစွာ ကျန်းလော့ကို တားဖို့ ကြိုးစားနေခဲ့သည်။
သူ၏ သားရေဖိနပ်သည် ထျန်းရှိဖူ၏ မရေမတွက်နိုင်သော အလောင်းများ သွေးများနှင့် တောင်းပန်ခယမှုများကို ဖြတ်ကျော်လာခဲ့ပြီး အံ့အားသင့်စရာကောင်းစွာပင် လူသားသေးသေးလေး၏ လိမ်ညာမှုတစ်ခု ရှေ့တွင် ဆက်မလှမ်းဝံ့အောင် ရပ်တန့်သွားခဲ့ရသည်။
စိတ်ဆိုး ဒေါသထွက်စရာကောင်းပြီး နိုင်လိုမင်းထက် အလုပ်ခံနေရသောကြောင့် မကောင်းဆိုးဝါး၏ စိတ်ခံစားချက်တို့ ပြင်းထန်လာပြီး မကောင်းဆိုးဝါး၏ မျက်လုံးများသည် သွေးများ ထွက်လာတော့မလို နီရဲလာပြီး ကျန်းလော့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်သလို ကြည့်နေတော့သည်။
တကယ်ကြီး သူ့ခြေလှမ်းများ ရပ်သွားသည်ကို မြင်သောအခါ ကျန်းလော့၏ မျက်လုံးများသည် မယုံနိုင်စွာ ပြူးကျယ်သွားတော့သည်။ ဤသို့ ဖြစ်လာမည်မှန်း ခန့်မှန်းပြီးသား ဖြစ်သော်လည်း တကယ်ကြီး ဖြစ်လာသောအခါ မယုံနိုင်စွာ အေးခဲတောင့်တင်းသွားတော့သည်။ ကျန်းလော့သည် အကြည့်လွှဲလိုက်ပြီး နဖူးမှ ချွေးများစီးကျလာသည်။ ချွေးများသည် စိတ်လှုပ်ရှားမှုကြောင့် ကျလာခြင်း မဟုတ်သလို မီးများကြောင့် ပူလောင်၍ ကျလာခြင်း မဟုတ်ဘဲ ချီယုံ့အကြည့်များကြောင့် ကြောက်လန့်ရာမှ စီးကျလာခြင်း ဖြစ်သည်။
ကျန်းလော့သည် သူ့ကိုယ်သူ ကျိတ်၍ ကျိန်ဆဲလိုက်ပြီး စကားပြောလိုက်သည်။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ ငါသိပါတယ် ငါမင်းကို မဆက်သွယ်လို့လေ"
သူသည် ချီယုံ့ကို စောင်းကြည့်၍ ပြုံးပြလိုက်ပြီး မြူဆွယ်သလို အကြည့်ဖြင့်
"ငါ မင်းကို ဆက်သွယ်ဖို့ စီစဉ်ထားပါတယ် ဒါပေမဲ့ ထျန်းရှိဖူက လူတွေက ငါ့ကို ဆက်ခွင့်မပေးဘူးလေ ငါ့ဆရာ ဖုန်းလီ သူက ငါ့ဖုန်းကို သိမ်းသွားတယ် ပြီးတော့လဲ ငါ့ခြေထောက်ကို လိမ်ပစ်လို့ အဆစ်လွဲသွားသေးတယ် ဒါကြောင့် ငါ ရိုးရိုးသားသားပြောရရင် ငါ့ကို အခန်းထဲမှာ ထည့်ပိတ်ထားကြတာ "
"တစ်ခါတစ်လေဆို သူက ညလယ်ကြီး ငါ့အခန်းထဲ ခိုးဝင်လာပြီး နှာဘူးကြီးလို ငါ့ကို စိုက်ကြည့်နေသေးတယ်"
ကျန်းလော့သည် နူးညံ့စွာ မျက်လုံး မှိတ်လိုက်ပြီး ချီယုံ့ကို မျက်စောင်းထိုးလိုက်ကာ
"မင်းလို နှာဘူးမျိုးလေ"
ထိုစကားလုံးများသည် မကောင်းဆိုးဝါး၏ အမျက်ဒေါသကို အောင်မြင်စွာ ပုတ်နှိုးလိုက်နိုင်ပြီး မကောင်းဆိုးဝါးသည် အလွန် ဒေါသထွက်စွာဖြင့်
"ငါ သူ့ကို သတ်ပစ်မယ်"
ကျန်းလော့သည် မြေခွေးတစ်ကောင်ကဲ့သို့ ပြုံး၍
"မင်းအခု အရမ်း ဒေါသထွက်နေလား မင်းဒေါသထွက်လွန်းလို့ ထျန်းရှိဖူ တစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေတယ်မလား"
ချီယုံသည် စကားပြန်မပြောပေ။ သို့သော် ကျန်းလော့သည် သူ၏ အမူအယာကင်းမဲ့နေသော မျက်နှာမှ တစ်ဆင့် အဖြေကို သိပြီးနေပြီဖြစ်သည်။
သူကပြောသည်။
"ဒါပေမဲ့ မင်းမသတ်နိုင်ပါဘူး ပြီးတော့လဲ အဲဒါထက်ကို မင်းဒီအခြေအနေကြီးကို ရပ်ပစ်ရမယ် မင်းရဲ့ မီးရှို့နေတာကို ရပ်ပြီး ငါ့ကို ထျန်းရှိဖူကနေ ခေါ်ထုတ်သွားပေး"
ချီယုံ့နှလုံးသားထဲတွင် တခြား အမည်တပ်မရသည့် မီးတောက်တစ်ခု အစွမ်းကုန် လောင်ကျွမ်းနေတော့သည်။
၎င်းသည် သူ့မျက်နှာကို စက္ကန့်ပိုင်းအတွင်း ပြာချပစ်လိုက်နိုင်ပြီး မကောင်းဆိုးဝါးသည် ထိုမီးကို ဖိနှိပ်ထားလိုက်သည်။ မကောင်းဆိုးဝါးသည် ကျက်သရေရှိစွာ ရယ်မောလိုက်ပြီး သူ၏ လှောင်ပြောင်သရော်သော အပြုံးသည် ဓားတစ်ချောင်းကဲ့သို့ ထက်ရှနေကာ။
"မင်းကိုယ်မင်း ဘာထင်နေလဲ အခုထိ ငါ့ကို လိုက်အမိန့်ပေးနေရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ"
ကျန်းလော့သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး။
"တကယ်လို့ မင်းငါ့စကားနားမထောင်ဘူး ဆိုရင် ငါခုန်ချပစ်လိုက်မယ်"
"ခုန်ချလိုက်"
မကောင်းဆိုးဝါးသည် အေးစက်စွာပြောလိုက်သည်။
"မြန်မြန်သေသွားလဲ အေးတာပဲ"
ကျန်းလော့သည် လူတိုင်း၏ စိတ်နှလုံးတို့ကို ရောင်ပြန်ဟပ်စေသော အိပ်မက်ဆိုး တစ္ဆေများကဲ့သို့ ပြုံးလိုက်ပြီး
"ဒါဆို မင်းဘာလို့ မင်းသွားနေတဲ့ လမ်းကို ရပ်ပစ်လိုက်တာလဲ"
မကောင်းဆိုးဝါးသည် ဒေါကန်သွားပြီး ကျန်းလော့က ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်း ကြောက်နေလို့လေ ချီယုံ"
သူသည် သူ၏ ပတ်တီးစီးထားသော ဘယ်ဖက်ခြေထောကို လှုပ်ရမ်းပြလိုက်ပြီး သကြားလုံးကဲ့သို့ ချိုမြသော ချစ်စကားများ ပြောနေသလို စကားတို့သည် သူ့လည်ချောင်းကို အပ်သေးသေးလေးများဖြင့် ထိုးဆွနေသလို ခံစားနေရကာ။
"ဘာလို့လဲဆိုတော့ ငါဒဏ်ရာရသွားမှာကို မင်းကြောက်နေလို့လေ ဟုတ်တယ်မလား"
#####
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။