အပိုင်း (၁၆၇) အရာရှိလင် ဆီမှ ဖုန်းလာ
ကျန်းလော့ တစ်စုံတစ်ခု တွေးနေသည်ကို အာရုံရသွားသော မျောက်သည် ဒေါသထွက်စွာ ခုန်ဆွခုန်ဆွ လုပ်၍ ကျန်းလော့ ခြေထောက်ပေါ် ခုန်တက်လာကာ ကျန်းလော့နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောဆိုတော့သည်။ ယင်ယန်လက်ကောက်မှ ရာသီခွင် တစ်ဆယ့်နှစ်ခုလုံးတွင် မျောက်သည် ဒေါသအကြီးဆုံးဖြစ်ပြီး ကျန်းလော့က သူ့ကို အရင်မဆင့်ခေါ်ခဲ့သောကြောင့် ကျန်းလော့ကို စိတ်ဆိုးမာန်ဆိုးဖြစ်နေခဲ့သည်။
ကျန်းလော့က မျောက် သူ့ခြေထောက်ပေါ်ခုန်တက်လာသည်ကို မြင်သောအခါ နောက်ဆုတ်သွားသည်။ သူထိုသို့လုပ်လေ မျောက်က စိတ်တိုလေဖြစ်လာတော့သည်။ သူသည် ကျန်းလော့ ခြေထောက်ပေါ်သို့ မရောက်ဘဲ မြေပြင်ပေါ်သို့ ဘုတ်ခနဲနေအောင် ပြုတ်ကျသွားသောအခါ ကျန်းလော့ကို ကျောပေး၍ ဖင်ခါပြနေသည်။ ထိုမျောက်သည် လျန်ရွှီကို ကိုင်တွယ်မည့်အစား လက်နှစ်ဖက်ကိုသုံး၍ မြေပြင်ပေါ်မှ နှင်းများကို ရသလောက်ကျုံးကာ နောက်ခြေဖြင့် နှင်းလုံးကြီးကို ကျန်းလော့မျက်နှာဆီသို့ ပစ်ပေါက်လိုက်လေသည်။
ကျန်းလော့ "........"
နောက်ခဏတွင် လျန်ရွှီက သူ့ကို ထပ်၍ တိုက်ခိုက်လာပြန်သည်။ ကျန်းလော့သည် နီးကပ်လာသော တိုက်ခိုက်မှုကို မနည်းရှောင်လိုက်ရကာ ဂျက်ကတ်အောက်နားတွင် ဟက်တက်ကွဲရာကြီးတစ်ခုဖြစ်သွားတော့သည်။
'ဒီတိုင်းဆက်သွားနေရင် မကောင်းတော့ဘူး'
ကျန်းလော့သည် မျောက်ဆီမှ ဘာမှ မမျှော်လင့်တော့ဘဲ နောက်ထပ်အကြံတချို့ထွက်လာချိန်တွင် သူ့ကိုသာ အသည်းအသန်စိတ်ဆိုးနေသော မျောက်သည် ယခုတော့ ဒေါသပုန်ထနေကာ လျန်ရွှီကို လက်ညှိုးထိုး၍ ကျန်းလော့ကို တိုက်ခိုက်သည့်အတွက် ဒေါသတကြီး စူးစူးရှရှ အော်ဟစ်နေသည်ကို မြင်လိုက်ရသည်။
လျန်ရွှီသည် မျောက်ကို အထင်သေးစွာကြည့်၍ သူမလက်ဖဝါးကို ညင်သာစွာ ဖြန့်လိုက်ရာ မြေပြင်ပေါ်မှ နှင်းများသည် သူမဆီသို့ ပျံတက်လာပြီး လူတစ်ယောက်အရွယ်အစားလောက် ရှိသော နှင်းလုံးကြီးတစ်လုံး ဖြစ်ပေါ်လာလေသည်။ နှင်းလုံးကြီးသည် လူတစ်ယောက်ကို အပိုင်းပိုင်း အစစဖြစ်အောင် လုပ်နိုင်သည်အထိ ကြီးမားသည်။
နှင်းလုံးကြီးသည် သူမလက် လှုပ်ရှားမှုအတိုင်း မြှောက်တက်လာကာ ကျန်းလော့ပေါ်သို့ အရိပ်မည်းကြီး ကျသွားစေသည်။
ကျန်းလော့၏ ညာဘက်မျက်ခွံသည် အကြိမ်များစွာ လှုပ်လာပြီး မြေပြင်ပေါ်မှ ခုန်ဆွခုန်ဆွ ဒေါသကြီးနေသော မျောက်ကို ဆွဲချီ၍ နှင်းပြင်ပေါ်မှ လူးလဲထကာ အားကုန်ထွက်ပြေးတော့သည်။ လျန်ရွှီသည် အမူအယာမဲ့စွာဖြင့် ထုံထိုင်းနေသော ခြေထောက်များကို ပြေးလွှားနိုင်အောင် ဇွတ်အတင်း အလုပ်ပေးနေသော ကျန်းလော့ကို ကြည့်နေသည်။
နှင်းလုံးကြီးက သူ့ကို တိုက်မိတော့မည်ကို မြင်သည်နှင့် ကျန်းလော့လက်မောင်းထဲမှ မျောက်သည် ရုတ်တရက် ရုန်းကန်၍ ကျန်းလော့ ချီထားရာမှ ခုန်ထွက်ကာ အောက်သို့ တွယ်ဆင်းသွားပြီး ကျန်းလော့ပေါင်များကို တင်းကျပ်နေအောင် ဖက်ထားပြီး ကျန်းလော့ခြေထောက်ကို ပြင်းထန်စွာ ဖက်ချုပ်ထားသည်။
နောက်တစ်ခဏတွင် ကျန်းလော့နှင့် မျောက်တို့သည် ရုတ်တရက် နေရာမှ ပျောက်သွားတော့သည်။
မြေပြင်ပေါ်သို့ နှင်းလုံးကြီး ပစ်ကျသွားသောအသံကျယ်ကြီး ပေါ်ထွက်လာသည်။ လျန်ရွှီသည် ကျန်းလော့တို့ ပျောက်သွားရာနေရာသို့ ခေါင်းစောင်းပြီး ကြည့်လိုက်သည်။
သူမသည် နှင်းလုံးကြီး ရှိရာသို့ သွား၍ ထိုနေရာကို ရှင်းလင်းလိုက်ကာ ဒူးထောက်၍ ကြည့်လိုက်ရာ လက်ချောင်းအရွယ်လောက် စပျစ်နွယ်ပင်မှ သစ်ကိုင်းစိမ်းသေးသေးလေးတစ်ခု အေးစိမ့်သော မြေပြင်ပေါ်သို့ တိုးထွက်လာသည်ကို မြင်လိုက်သည်။
အညှောင့်ပေါက်စ နွယ်ပင်သည် လျန်ရွှီလက်ချောင်းကို လာထိပြီး လျင်မြန်စွာ ကြီးထွားလာကာ လျန်ရွှီ၏ လက်ချောင်းများကို သွားရောက် ရစ်ပတ်လေသည်။
တောင်ထိပ်တွင်..
ကံကြမ္မာယုံသူသည် မျက်လုံးဖွင့်လိုက်ပြီး လေးနက်စွာ တွေး၍ ပြောလိုက်သည်။
"ကျန်းလော့က တကယ်ကို သစ်သားစိတ်ဝိညာဉ်ကို ရွေးချယ်ခဲ့တာပဲ"
"နောက်ဆုံးအချိန်ကျမှ လွတ်မြောက်ဖို့ မြေကြီးထဲက နွယ်ပင်ကို ဆင့်ခေါ်ခဲ့တာပဲ"
"ဒါလည်း ကောင်းပါတယ် "
ကံကြမ္မာယုံသူသည် သက်ပြင်းချလိုက်ပြီး
"သစ်သားစိတ်ဝိဉာဉ်က အရမ်းကြီး မသန်မာဘူး ဒါပေမဲ့ အနည်းဆုံးတော့ ငါ စိတ်ပူစရာမလိုတော့ဘူးပေါ့လေ"
ကျိယောင်ဇီသည် တာအိုဆရာတော်ဝေ့ဟယ်ကို ခိုးကြည့်လိုက်ပြီး တာအိုဆရာတော် ဝေ့ဟယ်သည် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
"သင်က ဘာကို စိတ်ပူနေတာလဲ"
ကံကြမ္မာယုံသူသည် ပြန်မဖြေပေ။ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်၍ သူ့ဝိညာဉ်နယ်မြေထဲတွင် ကျန်းလော့ ခြိမ်းခြောက်ခဲ့သည့် စကားများကို ပြန်ကြားယောင်လာသည်။ ကျန်းလော့သည် သူ့ကို နတ်ဘုရား ဖြစ်မလာစေချင်ပေ။
"မင်းက ကျန်းလော့နဲ့ အရမ်းကို ကွာတယ်"
ကျိယောင်ဇီသည် မဝံ့မရဲပြောလိုက်သည်။
"ခင်ဗျား အရင်တုန်းက ကျွန်တော့်ကို ပြောဖူးတာ နတ်ဘုရားတွေက မျှတတယ်ဆို ပြီးတော့ သူတို့က ဘယ်သူ့ကိုမှ မျက်နှာသာ ကွက်ပေးတာမျိုး မလုပ်ဘူးဆို"
ကံကြမ္မာယုံသူသည် တစ်ကမ္ဘာလုံးမှ အရာရာတိုင်းသည် သူ့မျက်လုံးထဲတွင် တန်းတူပဲဟု တစ်ခါ ပြောဖူးသည်။ မြေပြင်ပေါ်မှ သက်ရှိသက်မဲ့များ သို့မဟုတ် လူ့အသက်တို့တွင် မည်သို့မှ ကွဲပြားမှု မရှိပေ။ သူသည် အရာရာတိုင်းကို ချစ်မြတ်နိုးသော်လည်း တစ်စုံတစ်ယောက်ကို ကွဲပြားစွာ ကြည့်မည်မဟုတ်ပေ။
နတ်ဘုရားတိုင်းသည် သူတို့၏ အရင်းအမြစ်တွင် ဤစာကြောင်းက အမြစ်တွယ်နေပြီးဖြစ်သည်။ သို့သော် ကံကြမ္မာယုံသူနှင့် ကျန်းလော့တို့သည် လုံးဝကို မတူညီသည့် လူများဖြစ်ကြသည်။
ကျန်းလော့အတွက် အတုအယောင်နတ်ဘုရားရာထူးကို ကောင်းချီးအဖြစ်တွေးမလား ကျိန်စာအဖြစ်တွေးမလား ကတော့ သူ့စိတ်နှင့်ပဲ ဆိုင်သည်ဟု ကံကြမ္မာယုံသူ ထင်သည်။
ကံကြမ္မာယုံသူက ပြောသည်။
"သူက နောက်ထပ် ကျုပ်ဖြစ်လာလိမ့်မယ်"
ကျိယောင်ဇီသည် တုန်လှုပ်သွားတော့သည်။ ကံကြမ္မာယုံသူသည် သူ့ကို လှည့်ကြည့်လာသည်။ ထိုသူ၏ မျက်လုံးများသည် အလင်းရောင်အောက်တွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။ ကံကြမ္မာယုံသူသည် ရယ်မောလိုက်ပြီး..
"အတုအယောင်နတ်ဘုရားတစ်ပါးကို မျက်နှာသာပေးမှာကို ဘယ်လိုလုပ်ပြီး လူသားမျိုးနွယ်တစ်ယောက်အတွက် စိတ်ရှုပ်ခံနေရမှာလဲ"
..................
ကျန်းလော့တစ်ယောက် မြေကြီးထဲသို့ ဆွဲချသွားခံရသော အချိန်တွင် ဤမျောက်သည် မြေကမ္ဘာမျောက်ဖြစ်ပြီး သူ့ကို မြေအောက်ထဲသို့ ခေါ်သွားနိုင်မှန်း စိတ်တောင် မကူးမိခဲ့ဖူးချေ။ ချက်ချင်းပင် ကျန်းလော့သည် ဂျင်ဆင်းကလေးလေးကို အိတ်ထဲမှ ထုတ်လိုက်သည်။ ဂျင်ဆင်းကလေးလေး၏ ဂရုစိုက်မှုကြောင့် ပီအိုနီပန်းပွင့်ကြီးလို ကြွရွလှပနေသော နှင်းဆီပွင့်ကြီးကို ပြန်မြင်ယောင်လာကာ ကံကြမ္မာယုံသူကို အရူးလုပ်ရန် သစ်စေ့တစ်စေ့ကို အညှောင့်ပေါက်လာစေရန် ဂျင်ဆင်းမျက်ရည်ကို အသုံးပြုရန် စဉ်းစားလိုက်သည်။
ဂျင်ဆင်းကလေးလေးသည် မျက်ရည်များထွက်အောင် အတင်းညှစ်ငိုပြီး နွယ်ပင်အစေ့လေးပေါ်သို့ ကျသွားစေသည်။ ထို့နောက် သစ်စေ့လေးသည် အညှောင့်ပေါက်လာပြီး မြေပြင်ပေါ်သို့ တိုးထွက်သွားသည်။
ကျန်းလော့သည် အသက်အောင့်၍ မြေပြင်ပေါ်မှ အသံများကို နားစွင့်နေကာ တော်တော်ကြာပြီးနောက် ဂျင်ဆင်းကလေးလေးသည် နှုတ်ခမ်းမွှေးကို ပွတ်သပ်နေရင်း မျက်ရည်စမ်းစမ်းဖြင့် ပြောသည်။
"ဖေဖေ အပြင်ဘက်မှာ ဘယ်သူမှ မရှိတော့ဘူး"
ကျန်းလော့သည် အံ့ဩသွားပြီး
"မြေပြင်ပေါ်က အသံတွေကို ကြားနိုင်တာလား"
မြေပြင်ပေါ်မှ နှင်းထုသည် ခြေသံများကို စုပ်ယူသွားသောကြောင့် မည်သည့်အသံကိုမှ ကျန်းလော့ မကြားရသော်လည်း ဂျင်ဆင်းကလေးလေးကတော့ ကြားနိုင်ပေသည်။
"ကလေးလေးက နှစ်ငါးရာသက်တမ်းရှိတဲ့ ဂျင်ဆင်းဝိညာဉ်ပါနော် "
ဂျင်ဆင်းကလေးလေးသည် ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
"ကလေးလေးက နှစ်ငါးရာကြာအောင် မြေအောက်ထဲမှာ နေလာတာ မြေပြင်ပေါ်က အသံတွေမပြောနဲ့ ဒီနဲ့ မိုင်ပေါင်းများစွာ အဝေးက အသံတွေတောင် ကြားနိုင်သေးတယ် ဖေဖေ့ဆရာသာ ကောက်ကျစ်တဲ့ လူဆိုးကြီး မဟုတ်ဘူးဆိုရင် ကလေးလေးက သူဖမ်းတာ ခံရမှာ မဟုတ်ဘူး ဟွန့်.."
ကလေးလေးသည် ပြောနေရင်း စိတ်ဆိုးလာပြန်ကာ ဖုန်းလီကို အကြာကြီး ကျိန်ဆဲတော့သည်။ ကျန်းလော့သည် အသားကျနေသော လက်ဖြင့် ကလေးလေး၏ ဗိုက်ဖောင်းဖောင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ခဏခဏ ဒုက္ခရောက်နေဖူးသောကြောင့် လုပ်နေကျအတိုင်း မြေပြင်ပေါ်သို့ တွားတက်တော့သည်။ မြေပြင်ပေါ်တွင် ဘာမှမရှိတာသေချာတော့မှ မြေပြင်ပေါ်သို့ သေချာထွက်လိုက်တော့သည်။
သူ့ထွက်သွားပြီးသည်နှင့် မျောက်က ခုန်ထွက်လာကာ အထင်အမြင်သေးစွာ လက်ပိုက်၍ ဆောင့်ကြောင့်ထိုင်နေပြီး ခဏကြာသောအခါ တခွီးခွီးအော်၍ ကျန်းလော့ ခေါင်းပေါ်တက်ထိုင်လာသည်။
ကျန်းလော့သည် သူ့ကို မတားရဲဘဲ တောင်အောက်သို့ တည့်တည့်မက်မက် ပြေးဆင်းတော့သည်။ မျောက်ကို ထပ်ခါထပ်ခါ ချီးကျူးဖို့လည်း မမေ့ပါချေ။
တောင်ခြေရောက်ခါနီး တစ်လမ်းလုံး အမြုပ်ထွက်မတတ် ချီးကျူးပေးပြီးနောက် မျောက်သည် ကျေနပ်သွားပြီး ယင်ယန်လက်ကောက်ထဲသို့ ကျေနပ်စွာ သူကိုယ်တိုင် လိုလိုလားလားနှင့် ပြန်ဝင်သွားတော့သည်။ တောင်အောက်ရောက်သည်နှင့် ကျန်းလော့သည် လျန်ဘိုးဘေးအိမ်တော်သို့ မပြန်သွားဝံ့စွာ တော်ထဲသို့ ခြေလျင်လျှောက်သွားတော့သည်။
လျန်ဘိုးဘေးအိမ်တော်သည် တောနက်ထဲတွင် တည်ရှိကာ တစ်နေ့လုံးနေမှ ကားတစ်စီးဖြတ်သွားသည်ကို တွေ့ရဖို့ပင် မလွယ်ပေ။ ကျန်းလော့သည် လုယုံရိကို ဖုန်းခေါ်ရန် ဖုန်းလိုင်းမိသော နေရာရောက်သည်နှင့် ဖုန်းထုတ်၍ သူ့ကို လာခေါ်ပေးရန် ဖုန်းဆက်ဖို့ လုပ်သည်။
သို့သော် ကျန်းလော့တစ်နာရီလောက်သာ လမ်းလျှောက်ရသေးသည် ရင်းနှီးနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။ ကားသည် သူ့ဘေးနားသို့ ရပ်လာပြီး ပြတင်းပေါက်ပွင့်လာကာ ကျိုးကျုံးချိုး၏ အံ့ဩတကြီး ကြည့်နေသော မျက်နှာပေါ်လာပြီး
"မင်း တောင်အောက်ကိုတောင် ဆင်းလာပြီလား"
"မဟုတ်သေးဘူး မင်က ဘာလို့ ဒီပုံစံဖြစ်နေတာလဲ တောင်ပေါ်က လှိမ့်ကျလာတာလား"
ကျန်းလော့သည် သူတို့အကြည့်များကြောင့် သတိလက်လွတ်ဖြစ်သွားပြီး မနေ့ညက အိပ်မက်ကို ပြန်သတိရသွားသည်။ အိပ်မက်ထဲတွင် သူ့သူငယ်ချင်းများ၏ ပါးပြင်များသည် မှန်ပြတင်းတွင် ကပ်နေကာ အံ့ဩမယုံနိုင်သော ငေးငိုင်သွားသော အကြည့်များကို ပြန်သတိရလာပြီး သူ့မျက်နှာသည် အနည်းငယ် ရှက်ရွံ့ပုံပြောင်းသွားကာ။
"ပြဿနာတစ်ခုဖြစ်သွားလို့ကွာ သိပ်တော့ မကြီးပါဘူး ကြားနာမှုကလည်း နှစ်ရက်အတွင်းဆိုတော့ အဆင်သင့်ဖြစ်နေအောင် စောဆင်းလာလိုက်တာ မင်းတို့ကရော ဒီထိ ဘယ်လိုဖြစ်လို့ ရောက်လာကြတာတုန်း"
သူတို့အိမ်နှင့် မြို့လယ်သည်ပင် တော်တော် ဝေးကာ ဤတောထဲထိဆိုရင် အနည်းဆုံး လေးငါးနာရီကြာအောင် မောင်းရမည်ဖြစ်သည်။ သူတို့ပုံစံများသည်လည်း အိပ်ရာနိုးသည်နှင့် မြန်နိုင်သမျှမြန်မြန် ခရီးထွက်လာကြကြောင်း သိသာနေသည်။
"ငါတို့က နင့်ကို လာရှာတာ.."
ကျိုးကျုံးချိုးသည် တစ်ခွန်းထဲပြောလိုက်သည်။
"မနေ့ညက အိပ်မက်ထဲမှာ.. ဟမ်း... ထားလိုက်တော့ နင်အရင် ကားပေါ်တက်လာစမ်းပါဟယ်"
ယနေ့ မနက် သူတို့အားလုံး နိုးလာကြသောအခါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ မနေ့ညက အိပ်မက်ထဲမှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေကြောင်း အတည်ပြုလိုက်ကြသည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သေချာပြောပြကြပြီး အတူတူ အိပ်မက်မက်တာ သေချာသွားသည်နှင့် ကျန်းလော့ရှိရာသို့ အမြန်ထွက်လာကြခြင်း ဖြစ်သည်။
'မင်းတို့ လမ်းခွဲလိုက်ပြီးပြီ မဟုတ်ဘူးလားကွာ'
'ဘာကိစ္စ ထပ်နမ်းနေကြတာတုန်း'
ကျန်းလော့သည် ကျိုးကျုံးချိုး ဘာပြောတော့မည်ကို ခန့်မှန်းမိပြီး ဖြစ်သည်။ သူသည် နှာခေါင်းထိပ်ကို ပွတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ကားထဲဝင်ထိုင်လိုက်သည်။ ကျိုးကျုံးချိုးနှင့်အတူ ဝမ်ယမ်လန်နှင့် ယယ်ရွှင်တို့သည်လည်း ကျန်းလော့ကို တွေ့ရန် လိုက်ပါလာသည်။ ယယ်ရွှင်သည် ကျန်းလော့ကို ပြောစရာအများကြီး ရှိနေသော်လည်း ကျန်းလော့၏ အခြေအနေကို မြင်သောအခါ အလိုက်သိစွာ စကားများကို ပြန်မျိုချပြီး ကျန်းလော့ကို လက်သုတ်ရန် သဘက်အစိုတစ်ထည် ကမ်းပေးလိုက်သည်။
ကျန်းလော့သည် လက်များကို သေချာသန့်ရှင်းသွားအောင် အေးအေးဆေးဆေး သုတ်နေပြီး ခေါင်းရှင်းလိုက်သည်။ ကျန်းလော့သည် လူသုံးယောက်၏ မျက်လုံးများသည် သူ့ကို မလွတ်တမ်းလိုက်ကြည့်နေကြောင်း သတိထားလိုက်မိသည်။ တစ်ယောက်ပြီး တစ်ယောက် လိုက်ကြည့်နေရာ ကျန်းလော့သည် အနည်းငယ် ဂနာမငြိမ်ဖြစ်လာတော့သည်။ ကားထဲမှ လေထုသည် အနည်းငယ် ထူးဆန်းလာကာ lover Seat တွင်ထိုင်နေသော ဝမ်ယမ်လန်သည် ကျန်းလော့ကို သနားလာသော်လည်း ထိုအူကြောင်ကြောင် ပုံစံလေးကို ကြည့်၍ မထိန်းနိုင်စွာ ရယ်ချလိုက်ပြီး ချောင်းဟန့်၍ ပြန်ထိန်းလိုက်ရသည်။
"ဟုတ်ပြီ ဟုတ်ပြီ တခြားအကြောင်းတွေ မပြောတော့ဘူး ကျန်းလော့ မင်းနဲ့ ယယ်ရွှင်တို့ တရေးလောက် အိပ်လိုက်ကြပါလား ငါတို့ပြန်ရောက်ဖို့ လေးနာရီလောက်လိုသေးတယ် ကျုံးချိုး နောက်ထပ် ရပ်နားနေရာရောက်ရင် ငါ နင်နဲ့ နေရာလဲမယ်နော်"
ကျိုးကျုံးချိုးသည် နောက်ကြည့်မှန်ထဲမှ ကျန်းလော့ကို ခိုးကြည့်နေရင်း နစ်ကြိမ်လောက် ချောင်းဆိုးလိုက်ကာ
"ကောင်ပြီ"
ကျန်းလော့သည် ဝမ်ယမ်လန်ခင်းပေးသည့် လမ်းကို မသိချင်ယောင်ဆောင်၍ လျှောက်လိုက်ကာ ပြတင်းပေါက်ကို မှီ၍ အနားယူဟန်ဆောင်ပြီး မျက်လုံးမှိတ်လိုက်သည်။ ကား၏ လှုပ်ရှားမှုကြောင့် မထင်မှတ်ထားဘဲ တကယ် အိပ်ပျော်သွားခဲ့သည်။ သူနိုးလာသောအခါ ပြတင်းပေါက်အပြင်ဘက်မှ လူအုပ်ကြီး၏ ဆူညံသံများကို ကြားလိုက်ရသည်။
ဖြည်းညင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သက်ဝင်လှုပ်ရှားနေသော လမ်းပိတ်မှုကို မြင်လိုက်ရပြီး လမ်းဘေးဘက်ခြမ်းများတွင် လူတိုင်းသည် ဈေးဝယ်ထွက်၍သော်လည်းကောင်း အလုပ်လုပ်နေကြ၍ သော်လည်းကောင်း စည်ကားနေကြသည်။
သူသည် အနည်းငယ်ကြာအောင် တုန်ခါနေသော ဖုန်းကို ကြည့်လိုက်သည်။ လိုင်းရသည်နှင့် မက်ဆေ့ချ်များဆက်တိုက်ရောက်လာသောကြောင့် ဖုန်းသည် ဆယ်စက္ကန့်လောက် ဟမ်းသွားတော့သည်။ ထို့အပြင် လုယုံရိနှင့် တခြားသူများဆီမှ ဒါဇင်ပေါင်းများစွာသော missed callsများကို နီရဲနေအောင် တွေ့လိုက်ရပြီး သူငယ်ချင်းများအပြင် အရာရှိလင်ဆီမှ missed callsများကိုလည်း တွေ့ရသေးသည်။ အရာရှိလင် နောက်ဆုံးဖုန်းခေါ်ထားသည်မှာ ယမန်နေ့ကဖြစ်သည်။
ကျန်းလော့သည် မျက်ခုံးပင့်သွားပြီး ချက်ချင်း ပြန်ခေါ်လိုက်ရာ စက္ကန့်အနည်းငယ်အကြာ ဖုန်းဝင်သွားသည်နှင့် တစ်ဖက်မှ ပြန်ဖြေလာသည်။
"မစ်စတာကျန်းလားဗျ"
အရာရှိလင်၏ အသံသည် အလွန်စိတ်ပူ သောကရောက်နေသော အသံဖြစ်နေသည်။
ကျန်းလော့အသံသည် အိပ်ရာနိုးစဖြစ်သောကြောင့် အနည်းငယ် အက်ရှရှဖြစ်နေသည်။
"ကျွန်တော်ပါ အရာရှိလင် ကျွန်တော်နဲ့ တွေ့ဖို့ ကိစ္စကြီး ရှိလို့လားဗျ"
"တစ်ခုခုဖြစ်သွားတယ်"
အရာရှိလင်က ပြောသည်။
"ကျန်း.. ကျွန်တော် မင်းကို တကယ်ကျေးဇူးတင်တယ်ဗျာ ကျွန်တော်တို့ကို သွေးငါးရှဉ့်တွေအကြောင်း စုံစမ်းဖို့ လမ်းမှန်ကို ညွှန်ပြပေးလို့ ကျေးဇူးပါဗျာ မင်းပြောတာမှန်တယ် သွေးငါးရှဉ့်တွေက ချီ(ချီယုံ)မိသားစုနဲ့ တကယ်ပဲ ဆက်စပ်မှု ရှိနေတယ် ပြီးတော့ အဲဒါကို စုံစမ်းဖို့ကလည်း အများကြီး ရင်းလိုက်ရတယ်ဗျ၊ တစ်လလောက် အလုပ်ကြိုးစားလိုက်တော့ ကျွန်တော်တို့ သက်သေတွေ အများကြီး စုမိခဲ့တယ် ပြီးတော့ အခု သူတို့ကို မဖမ်းနိုင်ခင် ရွှမ်လင်းတရားရုံးတော်မှာ ကြားနာမှုပြီးတဲ့ထိ စောင့်နေရုံပဲ"
ကျန်းလော့သည် မထိန်းနိုင်စွာ ပြုံးလိုက်ပြီး ပေါ့ပါးစွာ ထိုင်ခုံကို မှီလိုက်သည်။ ဂွမ်းကပ်အင်္ကျီအောက်တွင် ဆံပင်အနက်ရောင်များသည် လူးလွန့်သွားပြီး ကပိုကယို ဖြစ်လာသည်။
"ဂုဏ်ယူပါတယ်"
"မင်းကိုပဲ ကျေးဇူးတင်ရမှာပါ"
အရာရှိလင်သည် ရုတ်တရက် အသံတိုး၍
"ကျန်း မင်းအခု စကားပြောလို့ အဆင်ပြေလား"
ကျန်းလော့သည် သူ၏ ပြောမနာဆိုမနာ သူငယ်ချင်းများကို ကြည့်၍ ပျင်းရိစွာ သမ်းဝေလိုက်ပြီး
"အဆင်ပြေတယ်"
အရာရှိလင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အသံသည် ပုံမှန်သံနေသံထား ပြန်ဖြစ်သွားသည်။
"ဒီလိုပါ ကျွန်တော်တို့ သွေးငါးရှဉ့်ကိစ္စ စုံစမ်းကြတုန်းက ကျွန်တော်တို့ ရွှမ်ရွှီအဖွဲ့အစည်းက အမြင့်ပိုင်း တော်တော်များများ ပါဝင်နေတာကို မထင်မှတ်ဘဲ အတော်များများ တွေ့ခဲ့ရတယ်ဗျာ ပြည်နယ်က ပုံမှန်ဆို ရွှမ်ရွှီအဖွဲ့အစည်းက ဒီလို ကိစ္စမျိုးတွေမှာ ဝင်ပါလေ့မရှိဘူးဗျ ဒါပေမဲ့ ဒီတစ်ခေါက် စစ်ဆေးရေးက သူတို့ကို မျက်စိပွင့်နားပွင့် ဖြစ်သွားပြီး ဒီကိစ္စကို အထူးအာရုံစိုက်လာလို့လေ ကျွန်တော်တို့ ပြည်နယ် အထက်ပိုင်း အရာရှိတွေက ရုပ်နယ်လွန်အဖွဲ့အစည်းနဲ့ သေချာဆွေးနွေးချင်နေကြတယ်လေ ဒါပေမဲ့ ကြားဝင်စေ့စပ်ဖို့ကလည်း နေရာမှန်ဖြစ်ဖို့ အကြောင်းပြချက်က ရှာမရဘူးလေ အဲဒါနဲ့ ကျွန်တော် မစ်စတာကျန်းကို သတိရလိုက်တာ ကျန်း မင်းအနေနဲ့ ကျွန်တော်တို့ကို သတင်းအချက်အလက်တချို့ စုံစမ်းပေးလို့ရနိုင်မလား ပြီးတော့ မင်းက အများကြီးကောင်းကျိုးတွေ စွမ်းဆောင်ထားနိုင်တာဆိုတော့ မင်းနဲ့ကျွန်တော်က လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်နေပြီပဲလေ ဒီတော့ ကျွန်တော် ဒီကိစ္စကို လုပ်ဖို့ကို မင်းကိုပဲ အရင်ပြေးမြင်မိတာဗျာ ကျန်း ကျွန်တော်တို့နဲ့ ပူးပေါင်းချင်ပါသလား"
ကျန်းလော့သည် မျက်မှောင်ကြုတ်၍ မတ်မတ်ထိုင်လိုက်သည်။
"ပူးပေါင်းဖို့လား"
အရာရှိလင်က ပြောသည်
"ဖုန်းထဲကနေ တိတိကျကျပြောလို့က အဆင်မပြေဘူး တကယ်လို့ အဆင်ပြေရင် ကျန်း ကြားနာမှုပြီးရင် ကျွန်တော့်ဆီ လာခဲ့ပေးလို့ရမလား"
ကျန်းလော့သည် ခဏလောက် တိတ်ဆိတ်နေပြီး နားရွက်ထောင်နေအောင် သူတို့စကားပြောနေတာကို အူကြောင်ကြောင်ဖြင့် တောက်လျှောက်နားထောင်နေသော ယယ်ရွှင်ကို ကြည့်လိုက်သည်။ သူတို့၏ အကြားအာရုံနှင့် အမြင်အာရုံသည် သာမန်လူများထက် ပို၍ မြင့်သောကြောင့် ကျန်းလော့သည် သူတို့ကို ထွေထွေထူးထူး မတားမိချေ။ ထို့ကြောင့်သူတို့အားလုံး အရာရှိလင် ပြောသမျှကို ကြားကြမှာ သေချာသည်။
ကျန်းလော့သည် မနေ့ညက အိပ်မက်ထဲတွင် သူတို့၏ သေဆုံးပုံများကို ပြန်မြင်ယောင်လာကာ ယခုလို အပြင်ဘက်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်နေကြပုံကို ကြည့်၍ ဝမ်းသာမိသည်။ ကားပြတင်းပေါက်မှ ကမ္ဘာကြီး၏ ပေါ့ပါး တက်ကြွနေသော ရှင်သန်မှုတို့လွှမ်းခြုံနေပုံကို ကြည့်၍ စိတ်ထဲတွင် တော်တော် ငြိမ်းချမ်းသွားသည်။
သူသည် အကြာကြီး တွေးနေပြီးမှ..။
"ဟုတ်ပြီ ဒါပေမဲ့ အဲ့နေ့ကျရင် ကျွန်တော့် သူငယ်ချင်းတချို့ကိုရော ခေါ်လာလို့ ရမလား"
ကျန်းလော့နှင့် ချီယုံ့တို့၏ အကူအညီဖြင့် ချီမိသားစုကို လွယ်လွယ်ကူကူ စုံစမ်းနိုင်ခဲ့ကာ သူကာကွယ်ချင်သည့် အရာများကို ကာကွယ်ချင်သည်။ သို့သော် သူ့ကို လုပ်ကြံသော ချီ(ချီယယ်)မိသားစုနှင့် ချီ(ချီယုံ)မိသားစုကိုတော့ သူခွင့်မလွှတ်နိုင်ပေ။ ထို့အတူ သူ့ကို သူလိုချင်တာ ရဖို့ အသုံးချရန် ဦးနှောက်ဆေးဖို့ ကြိုးစားခဲ့သော ကံကြမ္မာယုံသူကိုလည်း သူ ခွင့်မလွှတ်နိုင်သလို ထိုသူများကို အဆုံးထိ ပျက်စီးသွားအောင် သူကိုယ်တိုင်လုပ်ချင်သည်။
ကျန်းလော့သည် လူကောင်းတစ်ယောက်မဟုတ်သော်လည်း မကောင်းဆိုးဝါးတစ်ကောင်လည်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သော မကောင်းဆိုးဝါး အောက်လမ်းနည်းများကို အသုံးပြုမည်မဟုတ်ဘဲ လူသားဆန်သော နည်းလမ်းများကိုသာ သုံးမည်ဖြစ်သည်။
အရာရှိလင်က ပြောသည်။
"အဲဒီသူငယ်ချင်းက ကျန်း ယုံရတဲ့သူလား"
ကျန်းလော့သည် ရယ်မောလိုက်ပြီး
"ဟုတ်တယ်"
"ဒါဆို ကျွန်တော်တို့ကတော့ သေချာပေါက် ကြိုဆိုပါတယ်ဗျာ"
အရာရှိလင်သည် အပျော်လွန်သွားပြီး
"ကျွန်တော်တို့က လူအလုံအလောက် မရှိလို့ စိတ်ပူနေတာဗျ ဒီကိစ္စကို ကျွန်တော်တို့နဲ့ အတူ လက်တွဲလုပ်ချင်တဲ့သူက ရှားတယ်လေဗျာ"
ဖုန်းချလိုက်ပြီးနောက် ကျန်းလော့သည် သူတို့ကို လှည့်၍ မေးလိုက်သည်။
"မင်းတို့ ကြားလိုက်လား"
လူသုံးယောက်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
ကျန်းလော့သည် ကျိုးကျုံးချိုးကို ကြည့်လိုက်သည်။ သုံးယောက်ထဲတွင် ကျိုးကျုံးချိုးတစ်ယောက်သာ အိမ်တော်ကြီး ခြောက်ခုထဲမှ တစ်ခု၏ ဆက်ခံသူဖြစ်ကာ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်မှုရှိသည် တစ်ယောက်ထဲသောသူ ဖြစ်သည်။ ကျိုးကျူံးချိုးသည် နောက်ကြည့်မှန်မှ သူ့မျက်လုံးများကို ကြည့်၍ နက်ရှိုင်းစွာတွေးတောပြီး
"ငါတို့ မိသားစုက အိမ်တော်ခြောက်ခုထဲမှာ အင်အားအနည်းဆုံးပဲနဲ့ နက်ရှိုင်းတဲ့ ကိစ္စတွေထဲ ဝင်မပါဆုံး အိမ်တော်ပဲ တပည့်တပန်းတွေလဲ အများကြီး မရှိတဲ့အပြင် ငါတောင် ပညာစုံဖို့ ကျောင်းတော်ဆယ့်နှစ်ခုမှာ သင်ကြားနေရတာပဲ ကြည့် ငါ့အဖေ ဘယ်လိုလူလဲ ငါကောင်းကောင်းသိပါတယ် ငါတို့မိသားစုက လုံးဝကြီး ငြိမ်းချမ်းတယ် ဒါကြောင့် နက်နက်ရှိုင်းရှိုင်း တင်းတင်းကျပ်ကျပ် စုံစမ်းရင်တောင် ငါတို့မကြောက်ဖူးရယ်"
သူမသည် မေးစေ့ကို ပွတ်၍ တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ
"ကျန်းလော့ စိတ်မပူနဲ့ ငါ ငါ့အဖေကို ပြန်မပြောဘူး ဒါပေမဲ့ နင် သူတို့နဲ့ သွားတွေ့ရင် ငါ့ကိုပါ ခေါ်သွားရမယ် "
ကျန်းလော့သည် ပြုံး၍ သူမကို လက်ယမ်းပြလိုက်ကာ။
"ငါလည်း နင့်ကို ခေါ်သွားဖို့ တွေးပြီးသားပါဟ"
ယာဉ်ရပ်နားစခန်းသို့ရောက်သောအခါ ဝမ်ယမ်လန်သည် ကားပေါ်မှဆင်း၍ စားစရာများဝယ်သည်။ ထို့နောက် လုယုံရိ တိုက်ခန်းဆီသို့ ပြန်သွားကြသည်။ ကျန်းလော့သည် အခန်းထဲသို့ ဝင်၍ ဖိနပ်ပင်မချွတ်ရသေးခင် စိုက်ကြည့်နေကြသော မျက်ဝန်းနှစ်စုံဖြင့် ရင်ဆိုင်လိုက်ရသည်။
လုယုံရိသည် အလွန်စိတ်လှုပ်ရှားနေပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"ကျန်းလော့ ငါမနေ့ညက အိပ်မက်ထဲမှာ မင်းနဲ့ ချီယုံနမ်းနေကြတာ မြင်လိုက်တယ် မင်းတို့နှစ်ယောက်က ဘာဖြစ်ကြတာတုန်း ပြန်တွဲနေကြတာလား"
#####
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။