အပိုင်း (၁၆၆) လျန်မိသားစု၏ ဝှက်ဖဲ
အိပ်ရာထစတုန်းကတောင် ဘာမှမခံစားရသော်လည်း ခဏလောက် လမ်းလျှောက်ပြီးနောက် ကျန်းလော့သည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတစ်ခုကို ခံစားလာရသည်။
၎င်းသည် မြက်များ ရေပြတ်လက်သွားသလို ခြေထောက်များသည် အားနည်းလာပြီး စိတ်ထဲတွင် မောပန်းလာသလို ခံစားရသည်။ ကျန်းလော့သည် စိတ်ဝိဇ္ဖာပညာရပ်ကို နောက်တစ်ကြိမ် အသုံးပြုရန် ကြိုးစားကြည့်သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး ဘာမှ မရေးနိုင်တော့ကြောင်း တွေ့သွားသည်။
ကြည့်ရသည်မှာ အိပ်မက်ထဲတွင် သူ့ကိုယ်ထဲမှ ချီများ ကုန်အောင် သုံးမိသွားသည်ထင်၏။ ကျန်းလော့သည် တစိမ့်စိမ့်တွေးကြည့်သည်။
သူသည် အိပ်မက်ထဲတွင် ဝိညာဉ်ခန္ဓာနှင့်ဖြစ်ပြီး ရုပ်ခန္ဓာမဟုတ်ပေ။ ထို့ကြောင့် ချီဆိုသည်မှာ သူ့ဝိညာဉ်ထဲမှ တစ်ခုခုဖြစ်ဟန်တူသည်။
သို့သော် ကျန်းလော့သည် ပါရမီရှင်တစ်ယောက် ဖြစ်သောကြောင့် ဖြစ်နိုင်ခြေများကို ကြိုတွေးထားခဲ့သည်။ မူလပိုင်ရှင်သည် သူကဲ့သို့ ပါရမီရှင်မဟုတ်သလို သူနှင့် မူလပိုင်ရှင်ကြားတွင် တစ်ခုထဲသော ကွဲပြားချက်မှာ ဝိညာဉ်သာ ဖြစ်သည်။
သူသည် စဉ်းစားဖို့ အချိန်ယူပြီးမှ ကျိယောင်ဇီထံသို့သွား၍ နှစ်ယောက်အတူတူ တာအိုဆရာတော် ဝေ့ဟယ်ကို နှုတ်ဆက် ဂါရဝပြုရန် သွားခဲ့သည်။
လမ်းတွင် ကျိယောင်ဇီသည် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
"ကျုပ်တို့ပြောထားတာ မင်း စိတ်ဝိညာဉ်ပညာ တတ်သွားတော့မှ တောင်အောက်ဆင်းကြမှာဆို"
ကျန်းလော့သည် အဆင်မပြေဖြစ်နေသည်ကို တောင့်ခံ၍ ဖြူဖျော့ဖျော့ မျက်နှာနှင့် ပြောလိုက်သည်။
"ကျွန်တော် သင်ခန်းစာတိုင်းကို လေ့လာပြီးသွားပြီဗျ ပြီးတော့ ကြားနာမှုကလည်း ရက်ပိုင်းပဲလိုတော့တာလေ ဒါကြောင့် တောင်အောက်ကို စောစောဆင်းလိုက်မလို့ ဘာမှ ကြန့်ကြာမဲ့ကိစ္စ မရှိခင် အရင်ဆင်းသွားနှင့် လိုက်မလားလို့ပါ"
ကျိယောင်ဇီသည် ကြောင်အမ်းအမ်းဖြစ်သွားပြီး
"မင်း မင်း တစ်ညထဲနဲ့ အကုန်နားလည်သွားတာလား"
ကျန်းလော့ခေါင်းညိတ်ပြတာကို ကြည့်၍ ကျိယောင်ဇီသည် သိချင်စွာမေးလိုက်သည်။
"မင်းရဲ့ စိတ်ဝိဇ္ဇာရွေးချယ်မှုကို ကျုပ်ကို ပြကြည့်"
ကျန်းလော့သည် နောက်မှ ခြောက်သွေ့နေသော သစ်ပင်အသေများကို ကြည့်၍
"ကျွန်တော်ရွေးလိုက်တာက သစ်ပင်စိတ်ဝိညာဉ်"
"ခင်ဗျား သိမှာမဟုတ်လောက်ဘူး ကျွန်တော်က အပင်တွေနဲ့ ပန်းတွေကို တော်တော်လေး ချစ်တာဗျ"
ကျန်းလော့သည် အေးဆေးစွာ ထပ်ဖြည့်ပြောလိုက်သည်။
"ပြီးတော့ မနေ့ညတုန်းက ကျွန်တော် တော်တော်များများ ကြိုးစားကြည့်သေးတယ် ဒါပေမဲ့ ကျွန်တော်နဲ့ တော်တော်များများက မကိုက်ညီဘူးရယ် အဲဒါနဲ့ နောက်ဆုံးမှာ ကျွန်တော် အပင်စိတ်ဝိညာဉ်ကို ရွေးဖို့ ဆုံးဖြတ်လိုက်တာပဲ ပြီးတော့ သူကလဲ ကျွန်တော့်ကို သဘောတကျ လက်ခံတယ်လေ ကျွန်တော် အခုတော့ ခင်ဗျားကို သေချာ မပြနိုင်သေးဘူး ဒါကြောင့် ကျွန်တော်ပြန်ကောင်းလာမှပဲ လုပ်ပြပါ့မယ်ဗျာ"
ကျိယောင်ဇီသည် အနည်းငယ် စိတ်ပျက်စွာ မျက်မှောင်ကြုတ်သွားပြီး
"မားးးးဟ်"
အိပ်မက်ကမ္လာထဲတွင် ကျန်းလော့သည် စိတ်ဝိဇ္ဇာပညာရပ်ကို အသုံးပြုပြီးသည်နှင့် တရုတ်အက္ခရာ စေတလုံး စိတ်ဝိညာဉ်ပညာရပ် မည်မျှ အစွမ်းထက်ကြောင်း သဘောပေါက်ခဲ့သည်။ သူသည် "ရေ" ဆိုသော စကားလုံးလေးတစ်လုံးထဲနှင့် တစ်မြို့လုံးကို ရေမြုပ်သွားအောင် လုပ်နိုင်ခဲ့သည်။
တရုတ်အက္ခရာများသည် စာလုံးအများကြီးရှိပြီး အဓိပ္ပာယ်အမျိုးမျိုးကွဲထွက်နေရာ ကျန်းလော့သည် သူ့ကိုယ်ထဲမှ အံ့ဩဖွယ်ကောင်းလောက်သော ချီပမာဏသည် တရုတ်အက္ခရာ စိတ်ဝိညာဉ်နှင့် ကိုက်ညီနေကြောင်း သိလိုက်ရကာ ဤစိတ်ဝိဇ္ဇာပညာရပ်ကို သူတစ်ယောက်ထဲကသာ ပိုင်စိုးပြီး ဝှက်ဖဲတစ်ခုအဖြစ် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကျိယောင်ဇီကို မယုံကြည်၍ မဟုတ်ဘဲ ဝှက်ဖဲဆိုတာသည် လူသိနည်းမှသာ အစွမ်းထက်သောကြောင့် ဖုန်းကွယ်လိုက်ရခြင်းဖြစ်သည်။ သို့မှသာ သူ့ရန်သူများ၏ အံ့ဩမှုကို အသုံးချ၍ အနိုင်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျိယောင်ဇီသည် အလွန်အမင်းထူးဆန်းသော နည်းစနစ်များနှင့် ဦးနှောက်ဆေးနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်တတ်ကျွမ်းထားသော ကံကြမ္မာယုံသူနှင့် နီးနီးကပ်ကပ် ရှိနေတတ်သောကြောင့် သူ့ဝှက်ဖဲကို ထုတ်ပြလိုက်လို့ မဖြစ်ပေ။
သူသာ ကျိယောင်ဇီကို တရုတ်အက္ခရာ စေတလုံး စိတ်ဝိညာဉ်ပညာရပ်ကို ရွေးချယ်ထားကြောင်း ပြောလိုက်လျှင် ကျိယောင်ဇီ၏ အလိမ်စွမ်းရည်ကြောင့် ကံကြမ္မာယုံသူ သိသွားမည်မှာ အနှေးနှင့် အမြန်ပင် ဖြစ်လာမည် ဖြစ်သည်။ ဝက်ဟန်ဆောင်ပြီး ကျားကိုစားမည်ဆိုလျှင် ကိုယ်ဘာဆိုတာ ထုတ်ပြောခြင်းသည် ကောင်းသည့်အကြံမဟုတ်ပေ။
ကျန်းလော့သည် ကျိယောင်ဇီကို ကြည့်၍ တမင်တကာ ပြောလိုက်သည်။
"ဘာလို့လဲ အပင်စွမ်းရည်က အသုံးမဝင်ဘူးလား"
ကျိယောင်ဇီသည် ခေါင်းယမ်းလိုက်ပြီး
"အရာအားလုံးများ စိတ်ဝိညာဉ်ကိုယ်စီ ရှိကြတယ် စိတ်ဝိညာဉ်တွေကို ဘယ်ကတော့ အမြင့်ဆုံးအကောင်းဆုံး ဘယ်ဟာကတော့ မကောင်းဘူး ဒါတွေသွားရွေးလို့ မရဘူး အပင်စွမ်းရည်မှာလဲ အတူတူပဲ မင်းသာ သေချာကြိုးကြိုးစားစား လေ့ကျင့်မယ်ဆိုရင် ဒီစွမ်းရည်ကလည်း အလွန်အမင်း စွမ်းအားကြီးလာနိုင်တယ်'
သူတို့စကားပြောနေရင်း တာအိုဆရာတော် ဝေ့ဟယ် တရားထိုင်အနားယူရာ အဆောင်သို့ ရောက်လာကြသည်။ ကျန်းလော့ထွက်သွားမည်ကို သိသွားသောအခါ ဆရာတော်ဝေ့ဟယ်သည် မတားဘဲ စနောက်လာသည်။
"ကြည့် မင်းကို ကြည့်စမ်း မင်းဆရာက မနေ့ကမှထွက်သွားတာ အခု မင်းက ဒီနေ့ ထွက်သွားချင်နေပြီ ကျုပ် မင်းကို မတားတော့ပါဘူး မင်းတို့လူငယ်တွေကတော့လေ ကျုပ်တို့နဲ့ တစ်လလောက်နေရတာတောင် မင်းအတွက် ကိစ္စအကြီးကြီး ဖြစ်နေတာ သိပါတယ်ကွာ မင်းပစ္စည်းတွေ ထုတ်ပိုးပြီးရင် မင်းတောင်အောက်ဆင်းတာနဲ့ တပည့်တွေကို မင်းကို တောင်အောက်ဆင်းဖို့ လမ်းပြခိုင်းလိုက်မယ်"
ကျန်းလော့နှင့် ကျိယောင်ဇီသည် တာအိုဆရာတော် ဝေ့ဟယ်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မြင်ပြီး ဝေ့ဟယ်ကို ကျေးဇူးတင်လိုက်ကြကာ သေချာနှုတ်ဆက်ပြီးမှ တရားထိုင်ခန်းမှ ထွက်လာကြသည်။ ကျိယောင်ဇီ၏ လေ့ကျင့်ရေးကို မပျင်းမရိ သေချာလေ့ကျင့်ရန်ပြောသည့် ဆုံးမစကားကိုနားထောင်ပြီးနောက် ကျန်းလော့သည် အခန်းပြန်ပြီး ပစ္စည်းများကို စတင်ထုတ်ပိုးတော့သည်။
တကယ်တမ်းတွင် ထုတ်ပိုးသိမ်းဆည်းရန် ပစ္စည်းများများစားစား မရှိပေ။ ဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်နှင့် ဂျင်ဆင်းကလေးလေးရယ် ကို အထုတ်တစ်ထုပ်ထဲ စုထည့်လိုက်လျှင် အကုန်ပြီးသွားပြီ ဖြစ်သည်။ ကျန်းလော့သည် ထိုပစ္စည်းသုံးမျိုးကို အိတ်တစ်လုံးထဲစုထည့်လိုက်ကာ ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်ပြီး သူ ထင်ထားသည်ထက် အပြန်လမ်းသည် ချောမွေ့နေသောကြောင့် ကျေနပ်စွာ ကျောပိုးအိတ်လွယ်၍ အခန်းထဲမှ ထွက်ရန် အဆင်သင့် ပြင်ထားလိုက်သည်။
သူသည် အတားအဆီးအနည်းငယ်တော့ ရှိလောက်မည် ထင်ထားသော်လည်း တာအိုဆရာတော်ဝေ့ဟယ်သည် သူတောင်အောက်ဆင်းမှာကို လွယ်လွယ်ကူကူပဲ ခွင့်ပြုလိုက်လေသည်။
မကြာခင်တွင် တောင်အောက်ဆင်းမည့် တပည့်များကို ကျန်းလော့ တွေ့လိုက်ရသည်။ ယနေ့သည် နေသာပြီး လှပသော နေ့ဖြစ်ကာ နေရောင်သည် ပြတင်းပေါက်ကိုဖြတ်၍ ကြမ်းပြင်ပေါ်သို့ ဖြာကျနေသည်။
တိတ်ဆိတ်နေသော အခန်းထဲတွင် ဖုန်မှုန့်များသည် နေရောင်ထြတွင် စိန်ပွင့်များကို တဖိတ်ဖိတ်တောက်နေပြီး ဆံပင်အဖြူနှင့် လူတစ်ယောက်သည် ပြတင်းပေါက်နားတွင် မတ်တပ်ရပ်၍ ကျန်းလော့တစ်ယောက် အိမ်တော်ထဲမှ ထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
နေ့တစ်ဝက်အကြာတွင် ကံကြမ္မာယုံသူကပြောလိုက်သည်။
"သူပြောတာ သူက အပင်စိတ်ဝိဇ္ဇာပညာကို လေ့ကျင့်တာလို့ပြောတာလား"
ကျိယောင်ဇီသည် ကံကြမ္မာယုံသူကို မလိမ်ရဲစွာ သက်ပြင်းချ၍ ပြောလိုက်သည်။
"ဟုတ်ပါတယ်"
တာအိုဆရာတော် ဝေ့ဟယ်သည် ကျိယောင်ဇီဘေးတွင် ရပ်နေပြီး သူ့မျက်လုံးနှင့် နှာခေါင်းကို ကြည့်နေကာ ဘာမှကို မသိပါဟူသော မျက်နှာဘေးဖြင့် ဟန်ဆောင်ပန်ဆောင် ဒီအတိုင်းရပ်နေသည်။
"သစ်ပင် သစ်သားတွေမှာလည်း စိတ်ဝိညာဉ်ရှိပါတယ် နွေးထွေးပြီး ကောင်းတဲ့ သဘာဝရှိတာမို့လို့ မဆိုးပါဘူး"
ကံကြမ္မာယုံသည် ပြုံးလိုက်ပြီး
"တကယ်ပဲ သူက အပင်စိတ်ဝိညာဉ်ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါတယ် ဒါပေမဲ့ အပင်ဝိညာဉ်ကတော့ သူ့အတွက် ရွေးချယ်ဖို့ မလိုအပ်တဲ့ အရာပဲ"
"သင်ဆိုလိုတာကာ..."
ကျိယောင်ဇီက တွေဝေစွာ ပြောလိုက်သည်။
"သူ လိမ်နေတယ်လို့လား"
ကံကြမ္မာယုံသူသည် ခေါင်းယမ်းလိုက်ပြီး
"ရွေးဖို့ မလိုဘူးလို့ပဲ ပြောတာ ကလေးတစ်ယောက်လက်ထဲက သစ်ကိုင်းခြောက်က ပန်းတွေထည့်ဖို့ ခြင်းတောင်းဖြစ်သွားနိုင်သလိုပဲ အဲဒီသစ်ကိုင်းခြောက်က လူကြီးတစ်ယောက်လက်ထဲမှာဆို လူသတ်ဖို့ ဓားတစ်ချောင်းလဲ ဖြစ်သွားနိုင်တယ် သစ်ပင်သစ်သားတွေက သိမ်မွေ့နူးညံ့တယ် ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ မာကြောသန်မာတယ် ပြီးတော့ သူသာ ဒီပညာရပ်ကို တကယ်သဘောကျရင် သစ်သားစိတ်ဝိညာဉ်က သူ့ကို တုံ့ပြန်ကောင်း တုံ့ပြန်ပါလိမ်မယ်"
ကံကြမ္မာယုံသူသည် မျက်လုံးမှိတ်လိုက်ပြီး သွေးမလျှောက်သော လက်ချောင်းများသည် ပြတင်းပေါက်ဘောင်ပေါ်သို့ ပေါ့ပါးစွာ ပုတ်နေပြီး ပြောသည်။
"တစ်စုံတစ်ယောက်ကို သူ့ကိုစမ်းသပ်ဖို့ လွှတ်လိုက်"
တာအိုဆရာတော်ဝေ့ဟယ်သည် ထက်ရှစွာ ကြည့်လိုက်ပြီး သူ့မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဆုတ်သွားကာ ကံကြမ္မာယုံသူကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
...........
တပည့်များသည် ကျန်းလော့ကို အစီအရင်အပြင်ဘက်သို့ လိုက်ပို့ကြသည်။ ယခုအချိန်တွင် တောင်ပေါ်မှ နှင်းများသည် အတော်အတန် အရည်ပျော်သွားပြီဖြစ်သည်။ ကျန်းလော့သည် ပျင်းရိစွာ လမ်းလျှောက်နေပြီး တောင်တစ်ဝက်သို့ ရောက်နေသည့် အချိန်တွင် သူ့နောက်မှ သူ့ကို အော်ခေါ်နေသည့် အသံကို ကြားလိုက်ရသည်။
"အစ်ကိုကြီး ကျန်းလော့ ညီမကို စောင့်ပါဦး"
ကျန်းလော့ နောက်လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ပျံတော့မတတ် ပြေးလာနေသော လျန်ရွှီကို တွေ့လိုက်ရသည်။ သူမနောက်ကျောတွင်လည်း သူ့လိုပင် ကျောပိုးအိတ်တစ်လုံး လွယ်ထားသေးသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး လျန်ရွှီအနားရောက်လာသည် အထိစောင့်ကာ သိချင်စွာ မေးလိုက်သည်။
"မင်းလည်း တောင်အောက်ဆင်းတော့မလို့လား"
လျန်ရွှီသည် အသက်ပြင်းပြင်း ရှူ၍ ခေါင်းညိတ်ပြလိုက်ပြီး
"ဆရာဦးလေးက အခုပဲ ညီမကို တောင်အောက်ဆင်းပြီး အငယ်လေးတွေကို ဘိုးဘေးအိမ်တော်မှာ ပြန်သွားကြည့်ခိုင်းလိုက်တာ"
"ရုတ်တရက်ကြီး"
"ညီမလည်း အဲ့လိုပဲ ထင်တယ် ရုတ်တရက်ကြီး ဘာလို့ သွားခိုင်းတာလဲတော့ မသိဘူး"
လျန်ရွှီသည် ပြေးလွှားလာရသောကြောင့် မျက်နှာအနည်းငယ် နီနေကာ
"ဒါပေမဲ့ ဆရာဦးလေးက အစ်ကိုကြီး ဒီနေ့ပဲ ထွက်သွားမယ်ပြောပြီး ညီမကို တစ်ခါထဲ တောင်အောက်လိုက်သွားခိုင်းတာ တောင်ပေါ်မှာ တစ်ခုခုမကြုံရအောင်လို့တဲ့ အဲဒါနဲ့ ညီမလည်း မြန်မြန်အထုတ်သိမ်းပြီး ထွက်လာတာ ညီမအထုတ်သိမ်းပြီးသွားတော့ အစ်ကို က ထွက်သွားပါလေရော တော်သေးတယ် ညီမမြန်မြန်ပြေးလိုက်ခဲ့လို့ နောက်မို့ဆို အစ်ကို့အရှိန်နဲ့ အရိပ်တောင် တွေ့လိုက်ရမှာ မဟုတ်ဘူးရယ်"
ကျန်းလော့က ပြောသည်။
"ငါသာ နေမကောင်းဖြစ်မနေရင် နင် အမှီလိုက်နိုင်လိုက်မှာ မဟုတ်ဘူးဟ"
သူတို့နှစ်ယောက်သည် တောင်အောက်သို့ အတူတူဆင်းသွားကြသည်။ ကျန်းလော့၏ အရှိန်သည် အလွန်နှေးနေကာ လျန်ရွှီက သူမကြောင့် တမင်တကာကို ဖြည်းဖြည်း လျှောက်ပေးနေသည်ဟု ထင်သွားသည်။ ကျန်းလော့သည် သိမ်မွေ့စွာပြုံး၍
"အချိန်တွေ အများကြီးရှိတာပဲ အဆင်ပြေပါတယ် ဖြည်းဖြည်းချင်း ဆင်းကြတာပေါ့"
နောက်ထပ်နာရီဝက်ကြာပြီးနောက် သူတို့သည် တစ်ချိန်က ထောင်ချောက်မိခဲ့ဖူးသော သစ်သားစံအိမ်ငယ်နားသို့ ရောက်လာကြသည်။ လျန်ရွှီသည် သစ်သားစံအိမ်ကို လှမ်းကြည့်၍ တုန်လှုပ်စွာပြောလိုက်သည်။
"အစ်ကိုကြီး မြန်မြန်သွားကြရအောင်ပါ ဒီအိမ်ရှေ့ရောက်ရင် ညီမအရမ်းကို ကြောက်စရာကောင်းတဲ့ နေ့တွေကို ပြန်မြင်လာလွန်းလို့ပါ ချီယုံဆိုတဲ့ သရဲရှိနေရင်ရော အမလေး ... မြန်မြန်သွားရအောင်ပါ"
သူမထိုနာမည်ကို ပြောလာသည်နှင့် အိပ်မက်ထဲမှ ပြင်းပြင်းပြပြ ဖလှယ်ခဲ့ကြသော အနမ်းကို ပြန်သတိရသွားသည်။ သူသည် နှုတ်ခမ်းစေ့လိုက်ပြီး ရုတ်တရက် ရေငတ်လာသောကြောင့် ကျောပိုးအိတ်ဘေးအိတ်တွင် ထည့်ထားသော ရေနွေးဘူးကို ယူ၍ တစ်ငုံလောက်လိုက်သည်။ ထို့နောက် မသိသလိုပြောလိုက်သည်။
"မသိဘူးလေ"
သို့သော် စံအိမ်ထဲတွင် ချီယုံပြောခဲ့သည့် စကားလုံးတိုင်းကို ကျန်းလော့စိတ်ထဲတွင် စွဲမြဲနေအောင် မှတ်မိသည်။ ကျန်းလော့သည် ချီယုံပြောခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်သည့် နှင်းအပျိုစင်အကြောင်းကိုလည်း မှတ်မိနေသည်။
ချီယုံပြောသည့် စကားတိုင်းသည် နက်ရှိုင်းသော အဓိပ္ပာယ်များ ရှိနေတတ်ပြီး နှင်းအပျိုစင်အကြောင်းမှာလည်း ပုံပြင်တစ်ခုသာသာတော့ မဟုတ်နိုင်ပေ။ ကျန်းလော့သည် ထိုအကြောင်းကို ပြောခဲ့တုန်းက ချီယုံ၏ ကိုယ်နေဟန်ထားနှင့် မျက်နှာအမူအယာ သံနေသံထားများကို ပြန်တွေးကြည့်လိုက်ပြီး အဓိပ္ပာယ်တစ်ခုခုတော့ ရှိကြောင်း သေချာသည်ဟုပင် တွေးမိသည်။
"လျန်ရွှီ"
ကျန်းလော့သည် သာမန်အတိုင်း ပြောသည်။
"အိမ်ထဲမှာတုန်းက မင်းပြောခဲ့တဲ့ နှင်းတောင်နတ်ဘုရားမအကြောင်းလေ သူမအကြောင်း မင်းသေချာသိလား သူမက လူသားတွေကို ဝင်ပူးတာမျိုး ဖြစ်နိုင်လား ဒါမှမဟုတ်-"
စကားပြောရပ်သွားပြီး ကျန်းလော့၏ နောက်ကျောတလျှောက်လုံး အေးစိမ့်လာကာ အန္တာရာယ်အငွေ့အသက်တစ်ခုကို ပြင်းပြင်းပျပျ ရလိုက်ကာ ဦးရေပြားများပင် စပ်ဖျင်းဖျင်း ဖြစ်လာသည်။ အန္တာရာယ်ကို အာရုံခံမိသည့်အလား ခန္ဓာကိုယ်မှ အလိုလို ရှောင်ရှားပြီးသား ဖြစ်ကာ မြေပြင်ပေါ်သို့ လှိမ့်ချပစ်လိုက်ပြီး သူ့နောက်မှ ရုတ်တရက် ပစ်ပေါက်လာသော ရေခဲထုချွန်များကို ရှောင်နေသည်။ ကျန်းလော့သည် သူနှင့် သုံးမီတာလောက် အကွာအဝေးတွင်ရှိနေသော လျန်ရွှီကို မယုံနိုင်စွာ ကြည့်လိုက်သည်။
လျန်ရွှီ၏ မျက်နှာသည် ဖြူဆုတ်နေပြီး သူမမျက်နှာကို နှင်းမှုန်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ရေခဲများသည် သူမဆံပင်များကိုပါ အေးခဲသွားစေကာ သူမခန္ဓာကိုယ်တစ်ခုလုံးကို နှင်းထုအလွှာတစ်လွှာဖုံးကာ ချပ်ဝတ်အင်္ကျီ ဝတ်ထားသလို ဖြစ်နေသည်။ လျန်ရွှီပတ်လည်တွင် နှင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူမ၏ ရေသေလို မျက်လုံးဖြင့် ကျန်းလော့ကို စိုက်ကြည့်ပြီး သူမလက်ကို ကျန်းလော့ရှိရာဘက်သို့ လှည့်၍ မြှောက်လာသည်။
နှင်းမုန်တိုင်းသည် ထိတ်လန့်အံ့ဩမှုနှင့်အတူ ချမ်းတုန်နေသော ကျန်းလော့ကို ဖြတ်တိုက်သွားသည်။ သူသည် တခြားသူတစ်ယောက်လို ဖြစ်သွားသော လျန်ရွှီကို မယုံနိုင်စွာ ကြည့်နေသည်။ သူသည် နှင်းထုကြီးနှင့် လေပြင်းတို့ကို လက်ဖြင့်ကာ၍ ရုန်းကန်ကာ ကျိန်ဆဲလိုက်သည်။
"ဖာ့ခ်"
'သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲဟ'
ကျန်းလော့သည် ယင်ယန်လက်ကောက်ထဲမှ ယင်းဟူကို ဆင့်ခေါ်ဖို့ ကြိုးစားသော်လည်း သူ့ဝိညာဉ်သည် အလွန်အားနည်းနေသောကြောင့် ယင်ယန်လက်ကောက်သည်လည်း အလိုလို အားနည်းသွားတော့သည်။
'ချီး'
ကျန်းလော့သည် နောက်ထပ် အနီးကပ်တိုက်ခိုက်လာသော လျန်ရွှီကို ရှောင်လိုက်ပြန်သည်။ သူသည် နှင်းများပေါ်တွင် ခုန်လိုက် လှိမ့်လိုက်ဖြင့် သူ့ကိုယ်သူ ကာကွယ်နေရသည်။ လျန်ရွှီသည် ကျန်းလော့အနားသို့ တိုးသည်ထက်တိုးလာသည်။
"လျန်ရွှီ လျန်ရွှီ"
ချက်ချင်းပင် ယခင်တုန်းက သတိမထားမိခဲ့သော အချက်အလက် အရိပ်အမြွတ်များကို လျင်မြန်စွာ စုစည်းမိသွားသည်။ အရာအားလုံးကို ဆက်စပ်တွေးကြည့်လိုက်သောအခါ နောက်ဆုံးရလဒ်တစ်ခုထွက်လာခဲ့သည်။ ကျန်းလော့သည် လက်သီးဆုပ်လိုက်ပြီး သူ့မျက်လုံးများသည် အလွန်လေးနက် တည်ကြည်သွားသည်။
"ဒီတော့ မင်းက နှင်းအပျိုစင် ဆိုတာပေါ့"
'မဟုတ်သေးဘူး လျန်ရွှီက အသိစိတ်ပျောက်နေတယ် ပြီးတော့ ထိန်းချုပ်ခံထားရတဲ့ပုံဖြစ်နေတယ် ကြည့်ရတာ သူမက နှင်းအပျိုစင်ဝင်ပူးထားတဲ့ အခွံသက်သက်ပဲဖြစ်ရမယ် ဒါမှမဟုတ်ရင် သူမကိုယ်ထဲမှာ နှင်းနတ်ဘုရားတစ်ပါးပါးကို စည်းခတ်ထားတာ ဖြစ်နိုင်တယ်'
'မထူးဆန်းတော့ဘူး မထူးဆန်းတော့ဘူး တာအိုဆရာတော်ဝေ့ဟယ်နဲ့ လျန်ရွှီတို့ စကားပြောကြတုန်းက တာအိုဆရာတော်က "တစ်ယောက်ယောက်သာ သေလောက်တဲ့ အခြေအနေမျိုးမှာ ဒုက္ခရောက်နေရင် မင်းတို့ထဲက တစ်ယောက်ယောက်ကတော့ လာပြီး ကယ်တင်လိမ့်မယ်" လို့ပြောတာ တကယ်ပဲကိုး သူပြောတာက လျန်မိသားစုရဲ့ လူနည်းစု အားကောင်းတဲ့ အကြီးအကဲတွေကို ပြောတာမဟုတ်ဘဲ လျန်ရွှီကိုပြောတာကိုး'
'ဒါပေမဲ့ လျန်ရွှီက စွမ်းအားတွေကို မထိန်းချုပ်နိုင်ဘဲ ချောက်ကမ်းပါးအစွန်းကို ရောက်သွားရင်ရော သူတစ်ခါ ပြောဖူးတာတော့ လျန်ရွှီလိုမျိုး လျန်မိသားစုဝင်တချို့က သေခြင်းရှင်ခြင်းကြားရောက်သွားမဲ့ အခြေအနေမျိုးမှာဆို စွမ်းအားကြီးလာပြီး မထိန်းချုပ်နိုင်တော့တာမျိုး ဖြစ်သွားကြတယ်လို့လဲ ပြောခဲ့သေးတယ်လေ'
'ဒါကြီးက နတ်ဘုရားမျိုးဆက်တွေလို အမွေဆက်ခံရတာလား မသိဘူး'
ချီယုံပြောခဲ့သည် နှင်းအပျိုစင်အကြောင်း အရိပ်အမြွတ်များသည် ကျန်းလော့စိတ်ထဲတွင် အသေးစိတ် ဆက်စပ်တွေးမိသွားပြီးဖြစ်သည်။ ရုတ်တရက် ရောက်လာသော နှင်းမုန်တိုင်း၊ ဘုရင်ကစားပွဲတွင် အားလုံးအတူတူ မှန်ရှေ့သွားဖို့ အကြံပေးခဲ့သူ လျန်ရွှီ၊ နှင်းကျသည့် နေ့ရက်တိုင်းတွင် ဖျားနာတတ်ပြီး အားနည်းသွားတတ်သော လျန်ရွှီ ...
မှန်လောကထဲမှ ဝတ်ရုံနက်တစ္ဆေကို သူ့မီးဖြင့် လောင်ကျွမ်းပြီးသေစေခဲ့သည်။ ဝတ်ရုံနက်တစ္ဆေ မီးကြောက်တာသည် မထူးဆန်းတော့ပေ။ ၎င်းသည် လျန်ရွှီ၏ အတွင်းစိတ်တစ္ဆေဖြစ်နိုင်ပြီး နှင်းအပျိုစင်လို အေးခဲသည့် သတ္တိရှိသည့် ဝိညာဉ်မျိုး မီးကြောက်သည်မှာ မထူးဆန်းပေ။
သေချာ လေ့ကျင့်ထားသည့် ပြဇာတ်ကဲ့သို့ မှန်လောကမှ လှုပ်ရှားမှုများ ထူးဆန်းနေသည်မှာ မအံ့ဩတော့ပေ။ ဝတ်ရုံနက်တစ္ဆေနှင့် သေသွားကြသော ကျောင်းသားသုံးယောက်တို့သည် ပြဇာတ်အတွက်သေချာရွေးချယ်ထားသော သရုပ်ဆောင်များဖြစ်ပြီး နောက်ကွယ်မှ ကံကြမ္မာယုံသူ ညွှန်ကြားသည့်အတိုင်း လုပ်ခဲ့ကြပုံရသည်။
သို့သော် လျန်ရွှီကတော့ ထူးခြားသည်။ သူမကိုယ်သူမ နှင်းအပျိုစင်ဖြစ်နေမှန်းတောင် သိပုံမပေါ်ပေ။ သူမသည် လျန်မိသားစု၏ နောက်ဆုံးသက်ကယ်ကတ်ဖြစ်နိုင်သည်။ သို့ဆိုပါလျှင် သူမသည် အဘယ့်ကြောင့် သူ့အပေါ်တွင် ရုတ်တရက် ပြောင်းလဲသွားရသနည်း။
ကျန်းလော့၏ စိတ်အစဉ်သည် ဝေဝါးသွားပြီး ရုတ်တရက် အံကြိတ်လိုက်ကာ
'တစ်ခုခုကတော့ ရုပ်လုံးပေါ်လာပြီ'
လျန်ရွှီသည် တာအိုဆရာတော်ဝေ့ဟယ်၏လူ ဖြစ်သည်။ တာအိုဆရာတော်ဝေ့ဟယ်သည် ကံကြမ္မာယုံသူ၏ လက်ရုံးဖြစ်သည်။ တာအိုဆရာတော်ဝေ့ဟယ်က လျန်ရွှီကို ချစ်ပြီး လျန်ရွှီကို လွယ်လွယ်နှင့် ဖော်ထုတ်မှာ မဟုတ်ပေ။ သို့သော် ကံကြမ္မာယုံသူကတော့ နတ်ဘုရားများ စေလွှတ်ခံရသည့် နတ်ဘုရားမျိုးနွယ်ဖြစ်နိုင်သော လျန်ရွှီကို သိပ်သဘောကျပုံမရပေ။
သို့ဆိုလျှင် သူ့ကို အကွက်ရွှေ့ချင်သူမှာ ကံကြမ္မာယုံသူဖြစ်နိုင်သည်။ သို့သော် ကံကြမ္မာယုံသူသည် ကျန်းလော့ကို ချီယုံ့ကို သတ်စေချင်သောကြောင့် ကျန်းလော့ကို အန္တာရာယ်ရှိစေမည့် မတော်တဆ တစ်ခုလေးမှ အဖြစ်ခံမှာ မဟုတ်ပေ။
အကြောင်းအရင်းက တစ်ခုပဲ ရှိတော့သည်။ ကံကြမ္မာယုံသူသည် ကျန်းလော့ စိတ်ဝိဇ္ဇာပညာရပ်ကို လေ့လာနေသည်ကို သိရှိထားပြီး ကျန်းလော့၏ ခွန်အားကို စမ်းသပ်ချင်ကာ စိတ်ဝိဇ္ဇာပညာကို လေ့ကျင့်ထားလား သိချင်တာ ဖြစ်မည်။
ကျန်းလော့သည် နားထင်များ ထိုးကိုက်လာကာ ရှုံ့မဲ့သွားသည်။ လျန်ရွှီတစ်ယောက် ကျန်းလော့ကို ဤမျှချွန်အားဖြင့် တိုက်ခိုက်သည်ဆိုထဲက ကံကြမ္မာယုံသူက ထောင့်တစ်နေရာမှ စောင့်ကြည့်နေမည်ဖြစ်သည်။ သူသည် ကျိယောင်ဇီကို သစ်သားစိတ်ဝိညာဉ်ကို ရွေးချယ်ထားကြောင်း ပြောခဲ့ပြီး ကံကြမ္မာယုံသူသည်လည်း သူသစ်သား စိတ်ဝိညာဉ်ကို ယူထားသည်ဟူ၍သာ သိထားပေလိမ့်မည်။ သူ့ကိုယ်ထဲတွင် ချီစွမ်းအင်များသာ ရှိနေသေးလျှင် ကျန်းလော့သည် သူတို့ကို အပင်များကို ထိန်းချုပ်ပြလိုက်လို့ ရပြီး ဤမျှလောက် ခက်ခဲနေမှာမဟုတ်ပေ။
သို့သော် ယခုအချိန်တွင် စိတ်ဝိဇ္ဇာပညာကို လုံးဝကြီး သုံးမရခြင်းဖြစ်သည်။ သူသည် ယခု အခြေအနေလုံးဝ မကောင်းနေသလို စွမ်းအားလည်း လုံးဝကြီး ရှိမနေတော့ပေ။ ထို့အပြင် လျန်ရွှီသည် ဖူလုဖြင့် ရင်ဆိုင်၍ မရပေ။ ဖူလုသည် သူမအပေါ်တွင် သက်ရောက်မှု မရှိနိုင်ပေ။
ကျန်းလော့သည် လျန်ရွှီ၏ အားနည်းချက်ကို ရှာကြည့်နေပြီး ယင်ယန်လက်ကောက်ကို လှုပ်ယမ်းကာ ယခု သူ့အနေထားနှင့် ဆင့်ခေါ်နိုင်မည့် အသန်မာဆုံး ရာသီခွင်ကို ဆင့်ခေါ်ဖို့ကြိုးစားလိုက်သည်။
ဆယ်စက္ကန့်ကြာပြီးနောက် ကျန်းလော့ရှေ့တွင် လက်ပိုက်ထားသော မျောက်တစ်ကောင်ပေါ်လာကာ ထိုမျောက်သည် သူ့ကို မကျေမနပ်ကြည့်နေသည်။
ကျန်းလော့ မျက်နှာထားသည် အနည်းငယ် စိတ်ပျက်သွားသည်။
"ကောင်းကင်ဘုံကတောင် ငါ့ကို ရှင်းပစ်ချင်နေတယ်" ဆိုသော စကားလုံးများသည် သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာလေသည်။
#####
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။