အပိုင်း (၁၆၅) တောင်ပေါ်က ဆင်းပြီ
ချီယုံသည် အခုချိန်ထိပင် သူ့ကို ငရဲဆွဲချဖို့အကြံကို လက်မလျော့နိုင်သေးပေ။ ကျန်းလော့သည် ဒေါသထွက်စွာ ရယ်မောလိုက်ပြီး သူ့ကိုဖက်ထားသည့် ချီယုံ့လက်များကို ဆွဲဖြုတ်ပစ်ကာ ဘေးထွက်ရပ်၍ ပြောသည်။
"ချီယုံ ငါ့သူငယ်ချင်းတွေ သေကုန်ကြပြီ"
စိတ်အခြေအနေဆိုးဝါးစွာ ထပ်၍ ရယ်မောလိုက်ပြီး
"တကယ်လို့ ဒီလိုအိပ်မက်မျိုးသာ အစစ်အမှန်ဖြစ်လာခဲ့ရင် ငါ့သူငယ်ချင်းတွေ လုံးဝ အသက်ရှင်မှာမဟုတ်ဘူး"
"မင်းငါ့ကို ဘာလို့ ဒီလိုအိပ်မက်ထဲ ဆွဲသွင်းလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်းကို နားလည်ပါတယ်"
ကျန်းလော့မျက်လုံးများသည် အမှောင်ရိပ်ထဲတွင် နှစ်မြုပ်နေသလို မည်းမှောင်နေပြီး ချီယုံသည် ကောင်လေး၏ မျက်လုံးထဲမှ အန္တာရာယ်ရှိသော မီးတောက်များ တောက်ပနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပွင့်ထွက်လာတော့မည့် ဒေါသကို မနည်းထိန်းထားရသော အသံဖြင့်
"မင်း ငါ့ကို ဒီထဲဆွဲသွင်းမယ် ပြီးရင် ငါ့ကို သတိပေးမယ် ဟုတ်တယ်မလား"
ကျန်းလော့ကို ရည်းစားစကားသာပြောချင်သော မကောင်းဆိုးဝါးသည် ကျန်းလော့ကို ကြောင်အစွာ ငေးကြည့်၍ အစိမ့်စိမ့်တွေးကြည့်ကာ။
"ဘယ်လိုဖြစ်တာလဲ"
"မင်းက ကံကြမ္မာယုံသူကို ရှင်းပစ်ချင်တယ်"
ကျန်းလော့က ပြောသည်။
"ငါပြောတယ်မလား ငါမင်းနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ပါမယ်လို့ ဒါပေမဲ့ မင်းက ငါ့ကို မယုံဘူး ဒါကြောင့် မင်းဘယ်လောက်စွမ်းအားကြီးကြောင်း ပြချင်လို့ ဒီသရဲစီးနေတဲ့ လောကကြီးကို ငါဘယ်လောက်ထိ သဘောကျကြောင်း မေးတာလေ"
သူကဆက်ပြောသည်။
"ဒါပေမဲ့ မင်း ငါ့သူငယ်ချင်းတွေကိုပါ တစ်ချိန်ထဲမှာပဲ အိပ်မက်ထဲကို ဆွဲသွင်းခဲ့တယ် ပြီးတော့လဲ ငါ့အိပ်မက်ထဲမှာ သူတို့ တစ်ယောက်ချင်းစီကို ငါ့မျက်စိရှေ့မှာ သေအောင်လုပ်တယ် ဒါတွေကို အသုံးချပြီး ငါ့ကို အလျင်စလို မလုပ်ဖို့ သတိပေးချင်နေတာ မဟုတ်ဘူးလား ဟမ် မဟုတ်ရင် မင်း သူတို့ကို ဒီတိုင်း လွယ်လွယ်နဲ့ သေခိုင်းမှာ မဟုတ်ပါဘူး"
မကောင်းဆိုးဝါးသည် တိတ်ဆိတ်သွားသည်။ သူသည် မတ်မတ်ရပ်နေပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ ကျန်းလော့ကို အတွေးများစွာ ကြည့်လိုက်သည်။
သူသည် ကျန်းလော့ကို ခြိမ်းခြောက်ခြင်း မရှိသော်လည်း တခြားသူများကိုတော့ ခြိမ်းခြောက်ခဲ့သည်။ ကျန်းလော့သည် သူပိုင်သည့်လူဖြစ်ပြီး ထိုကောင်လေးနှင့် နီးကပ်ချင်သူတိုင်းကို ဆိုးရွားသော အဆုံးသတ်ကိုသာ ကြုံရအောင် သေချာပေါက် လုပ်ပေးမှာ ဖြစ်သည်။ သို့သော် သူအံ့ဩပြီး သိချင်လာသည့် တစ်ခုထဲသော အရာမှာ
"မင်း စိတ်တိုနေတာပဲ"
"အေး ငါစိတ်တိုနေတာ"
ကျန်းလော့သည် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး သူ့မျက်လုံးများသည် သူငယ်ချင်းများ၏ သေဆုံးပုံများကို သတိရလာကာ မီးဝင်းဝင်းတောက်လာသည်။ ကောကျူခေါင်းပြတ်သွားသည့် မြင်ကွင်းမှအစ ယယ်ရွှင်၏ အလောင်းအဆုံး မြင်ကွင်းများသည် သူ့စိတ်ထဲတွင် အနှေးပြကွက်ကဲ့သို့ ပြန်မြင်လာသည်။
"ငါ အရမ်း အရမ်းစိတ်ဆိုးနေတယ်ကွ"
မကောင်းဆိုးဝါးသည် မျက်မှောင်ကုတ်သွားပြီး မျက်နှာချောချောသည် တင်းမာခက်ထန်လာကာ သူသည် ကျန်းလော့ ဘာအတွက်ကြောင့် စိတ်ဆိုးစိတ်တိုသွားရသည်ကို နားမည်နိုင်ဖြစ်နေသည်။
"မင်းတစ်ခုခုကြောင့် စိတ်ဆိုးနေတာလား"
သူသည် ကျန်းလော့တစ်ယောက် ဤလောကကို အလွန်သဘောကျမည်ဟု ထင်ထားခဲ့သည်။
"ချီယုံ ငါမင်းကို မသတ်ချင်ဘူး ပြီးတော့ မင်းကို သတ်ဖို့ကလည်း လွယ်မနေဘူးလေ"
ကျန်းလော့သည် တည်ငြိမ်စွာပြောသည်။
"လူတိုင်းက ငါမင်းကို သတ်စေချင်နေကြတာ ကံကြမ္မာယုံသူက ငါ့ကို တစ်ခုခုပြောခဲ့တယ် သိလား ငါမင်းကို သတ်လိုက်ရင် ငါက စွမ်းအားကြီးမားတဲ့ အတုအယောင်နတ်ဘုရားတစ်ပါး ဖြစ်လာမယ်တဲ့ "
မကောင်းဆိုးဝါးသည် အမူအယာမဲ့လာပြီး သူ့နောက်တွင် မြူနက်များ တွန့်လိမ်၍ ပေါ်လာကာ မကောင်းဆိုးဝါး၏ နောက်ကျောကို ရစ်ပတ်ထားကာ မကောင်းဆိုးဝါး၏ အမျက်ဒေါသကို ဖော်ပြနေသယောင်။
"ဒါပေမဲ့ ငါမင်းကို မသတ်ဘူး ပြီးတော့ ဒီလိုကမ္ဘာကြီးဖြစ်လာမှာကိုလည်း မကြိုက်ဘူး"
ကျန်းလော့သည် နှုတ်ခမ်းစေ့လိုက်ပြီး
"ဒီကမ္ဘာက နောက်ငါးနှစ်ကြာရင် အစစ်အမှန်ဖြစ်လာမဲ့ ကမ္ဘာ ပြီးတော့ ငါးနှစ်အတွင်းမှာကို ဒီလောက် သရဲတစ္ဆေတွေနဲ့ ဝိညာဉ်တွေအများကြီး မင်းရဲ့အမိန့်ကို နာခံမဲ့ မင်းလက်အောက်က သရဲတစ္ဆေတွေ ဘယ်လောက်တောင် ရှိနေမလဲ ငါမသိဘူး ပြီးတော့ မင်းတစ္ဆေမြို့တော်တွေကို အလွတ်ထားပြီး ကမ္ဘာပေါ်ကို သရဲတွေ ခေါ်တင်လာမှာလားဆိုတာလဲ ငါမသိဘူး ဒါပေမဲ့ မင်းစိတ်ကတော့ လွယ်လွယ်နဲ့ ပြောင်းသွားမှာမဟုတ်တာတော့ ငါသိတယ် ဒီတော့ မင်းကို ဆင်ခြင်တုံတရားပြန်ရပြီး အိန္ဒြေရအောင်လုပ်ဖို့က တစ်နည်းပဲရှိတော့တယ်"
ဆံပင်အနက်ရောင်လူငယ်လေးသည် လက်မြောက်လိုက်ပြီး
"မင်းအကြံကို လက်မလျော့မချင်း အသေရိုက်ပစ်ဖို့ နည်းလမ်းပဲ"
မကောင်းဆိုးဝါးသည် နားကြားမှားသွားသလို ခံစားမိလိုက်ကာ မထိန်းနိုင်တော့ပဲ သူ့ကိုသူ ပြောလိုက်သည်။
"ဘာကြီး"
ကျန်းလော့သည် ရုတ်တရက် အကြောင်းအရာ ပြောင်းပြောလိုက်သည်။
"မင်း စိတ်ဝိဇ္ဇာပညာရပ် အကြောင်း သိလား"
ချီယုံ့ထံမှ အဖြေကို မလိုအပ်စွာ ကျန်းလော့သည် သူ့ကိုယ်သူမေးလိုက်သည်။
"အရာရာတိုင်းမှာ စိတ်ဝိညာဉ်ရှိတယ် အရာရာတိုင်းက စိတ်ဝိဇ္ဇာအတတ်ပညာကို ကျင့်ကြံနိုင်အောင် အထောက်အပံ့ပေးမဲ့ စိတ်ဝိညာဉ်ရှိတယ် ပြီးတော့ အိပ်မက်မှာလဲ သေချာပေါက် သူ့စိတ်ဝိညာဉ်ရှိမှာပဲ ငါအရင်တုန်းက စိတ်ဝိဇ္ဇာပညာအတွက် ငါဘယ်တစ်ခုကို ရွေးချယ်ရမလဲမသိခဲ့ဘူး ဒါပေမဲ့ ဓာတ်လှေကားပေါ်မှ မင်းရေးခဲ့တဲ့ စာလုံးတွေကို ကျေးဇူးတင်ရမယ် ငါအခု အရမ်းကို အံ့ဩစရာကောင်းတဲ့ အကြံဉာဏ်တစ်ခု ရခဲ့ပြီ"
"ငါက အရမ်းလောဘကြီးတာလေ"
သူကပြောသည်။
"ငါက အားလုံးလိုချင်တာလေ လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး၊ ရွှေ၊ သစ်သား၊ ရေ ပြီးတော့ မြေ အားလုံးလေ့ကျင့်ချင်တာ ငါကတော့ အဲဒါက ဘယ်တော့မှ မဖြစ်နိုင်လောက်တော့ဘူးထင်နေတာ ဒါပေမဲ့ မင်းကို ကျေးဇူးတင်ရမယ် စိတ်ကူးယဉ်ဆန်တဲ့ အကြံတစ်ခုကို ငါ့စိတ်ထဲ တိုက်ရိုက်ပေါ်လာစေလို့လဲ"
ကျန်းလော့၏ ညာဘက်လက်ချောင်းများသည် မမြင်ရသည့် အရာတစ်ခုကို ဆုပ်ကိုင်ထားကာ ရှည်လျားသော လက်ညှိုးတစ်ချောင်းသာ ထောင်ကျန်ခဲ့ပြီး လက်ဟန်တချိ့ လေထုထဲတွင် ပေါ်လာသည်။ သူလှုပ်ရှားလိုက်တိုင်း သူ့လက်ချောင်းရှေ့တွင် လေတို့ ရွေ့လျားသွားပြီး စွမ်းအားကြီးမားသော တစ်စုံတစ်ခု သူ့လက်ချောင်းရှေ့တွင် မွေးဖွားလာသည့်နှယ် သူ့ပတ်လည်မှ အပူချိန်သည် အကန့်အသတ်တစ်ခု ရောက်သည်အထိ မြင့်တက်လာပြီး အပင်များနှင့် ပန်းများအားလုံး ညှိုးနွမ်းခြောက်သွေ့သွားကြကာ လေထုသည် ကျုံ့တွန့်သွားပြီး လေပူများ ကျန်းလော့ ဆံပင်နှင့် အဝတ်အစားများကို ဖြတ်တိုက်သွားသည်။
ကျန်းလော့သည် လေထုထဲတွင် "火" စာလုံးကို ရေးကာ နောက်ဆုံး စုတ်ချက်ပြီးနောက် "火" ဆိုသော စာလုံးလေးမှ ဘန်းခနဲ အသံအကျယ်ကြီး မြည်လာပြီး ရုတ်တရက် အဖြူရောင်နှင့် ရွှေရောင် မီးလျှံများ ပေါ်လာသည်။
တစ်စုံတစ်ယောက်က ၎င်းတို့၏ ဆိုလိုရင်းကို မေးခဲ့လျှင် သူတို့သည် သူတို့၏ ဆိုလိုရင်းအတိုင်း နားလည်သွားမည်ဖြစ်သည်။ စာလုံးတစ်လုံးစီတိုင်းသည် စွမ်းအားကိုယ်စီ ရှိကြသည်။ ကျန်းလော့၏ တရုတ်အက္ခရာ စိတ်ဝိဇ္ဇာပညာရပ်သည် တစ်ယောက်ထဲကသာ ရွေးချွယ်နိုင်သည်ဟူသော ကန့်သတ်ချက်ကို ချိုးဖောက်ပစ်လိုက်လေသည်။ ကျန်းလော့သည် အားရပါးရ သွားဖြဲ၍ ထိုမီးတောက်ကို ချီယုံ့ ခန္ဓာကိုယ်ဆီသို့ ရိုက်ချပစ်လိုက်သည်။
တိတ်ဆိတ်နေသော ညအလယ်တွင် မှန်ပြတင်းသည် လေပြင်းတစ်ချက်ကြောင့် ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ မကောင်းဆိုးဝါးသည် ကွေဝူးအဆောက်အဦး ဆယ့်ရှစ်လွှာမှ လွင့်စင်ကျသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်မြွေကြီးတစ်ကောင်က သူ့ကို ရက်စက်စွာ ရစ်ပတ်ထားသည်။ ကျန်းလော့သည် ကွဲထွက်သွားသော တစ်ဆယ့်ရှစ်လွှာ မှန်ပြတင်းအစွန်းနားတွင်ရပ်နေပြီး မကောင်းဆိုးဝါးကို အလစ်တိုက်ရ၍ ပျော်ရွှင်နေသည်။
ဤလောကသည် အိပ်မက်ကမ္ဘာဖြစ်နေပြီး ချီယုံသေမှာတော့ မဟုတ်ပေ။ ထို့ကြောင့် ကျန်းလော့သည် သူ့ကို ပြင်းပြင်းထန်ထန် ထင်သလို ရိုက်နှက်လို့ရသည်။
"တစ်ကြိမ်တောက်လောင် တစ်ကြိမ် ကွဲထွက်စေ"
ကျန်းလော့က ဆက်ပြောသည်။
"အိုကေ ဒီအတိုင်း နောက်ထပ် နှစ်ကြိမ်လုပ် ဘာလို့ ဒီလောက် လွယ်နေရတာလဲ ငါလေး အရမ်းတော်နေတာ မဟုတ်ဘူးလား"
ရွှေဖြူရောင် မီးတောက်သည် ကျောက်တုံးများကိုပင် အရည်ပျော်သွားစေနိုင်ပြီး မကောင်းဆိုးဝါးသည် လမ်းမပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျသွား၍ မီးတောက်များသည် သူ့လက်ကို တွန့်လိမ်ပြီး အရည်ပျော်သွားသည်အထိ လောင်ကျွမ်းသွားစေခဲ့သည်။
မကောင်းဆိုးဝါးသည် သူ့လက်ကို စောင်းကြည့်လိုက်ပြီး တဖြည်းဖြည်း ရွှေဖြူရောင်မီးတောက်များက သူ၏ ဆင်ခြင်တုံတရားကိုပါ တိုက်စားလောင်ကျွမ်းလာကာ သေလုမတတ် နာကျင်လာစေခဲ့သည်။ သူ့လက်ချောင်းများကို ကွေးကြည့်လိုက်သော်လည်း မီးတောက်ထဲတွင် အနည်းငယ်သာ ကွေးလို့ရခဲ့ပြီး မကောင်းဆိုးဝါးသည် သူ့ကိုယ်သူ တီးတိုး ပြောလိုက်သည်။
"ဒါကြီးက နည်းနည်းတော့ နာသား"
သူသည် မျက်လုံးမှိတ်ပစ်လိုက်ပြီး နောက်ထပ် ကောင်လေး လုပ်မည့် အရာများကို စောင့်ကြိုနေသည်။ မီးသေသွားပြီးနောက် မကောင်းဆိုးဝါးသည် ပြီးပြည့်စုံသော ပုံရိပ်တစ်ခုအဖြစ်သို့ မီးတောက်များကြားမှ ပြန်လည် ပြောင်းလဲသွားသည်။ ကျန်းလော့သည် ဓာတ်လှေကားမှတစ်ဆင့် မြေညီထပ်ထိ ဆင်းလာပြီး မကောင်းဆိုးဝါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ထို့နောက် ဒူးတစ်ဖက်ထောက်၍ ချီယုံ့နက်ခ်တိုင်ကို ဆွဲကာ
"စိတ်ပြောင်းသွားပြီလား မစ်စတာချီ"
ချီယုံသည် ချောမောစွာ ရယ်လိုက်ပြီး လက်မြောက်၍ ကျန်းလော့လက်ကို ဆွဲကာ ငြင်ညင်သာသာ ပွတ်သပ်၍ ဝန်ခံတော့မည့် အပြုံးပြုံးကာ။
"မင်းကတော့ ကိုယ့်ကို နှိုးလိုက်တာပဲကွ "
နှာဘူးတစ်ယောက်လိုပင် ကျန်းလော့ သန်မာလာပြီး သူ့ကို နာကျင်အောင် လုပ်နိုင်လေ ကျန်းလော့ကို လွန်လွန်ကဲကဲ စွဲလမ်းလာလေ ဖြစ်ပြီး ဘယ်သောအခါ ကျန်းလော့ကို လက်လွတ်ပေးဖို့ မဖြစ်နိုင်တော့ကြောင်း သေချာလာသည်။
ကျန်းလော့သည် အေးစက်စွာ ရယ်မောလိုက်ပြီး တရုတ်စာလုံး "山" (တောင်) ကို လေထုထဲတွင် ရေးလိုက်သည်။ ထို့နောက် ထိုစာလုံးကို လက်သီးဆုပ်ထဲထည့်၍ ချီယုံ့ဗိုက်ကို မိုးကြိုးလုံးကဲ့သို့ ခွန်အားဖြင့် ပိတ်ထိုးလိုက်သည်။
"ဒီလောင်ဇူက ဒီနေ့တော့ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာပေးပစ်မယ်"
ကျန်းလော့ တစ်ချက်ပြီး တစ်ချက် ပိတ်ထိုးလိုက်တိုင်း လမ်းမထက်တွင် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်လာတတ်ပြီး လမ်းမသည် ငလျင်လှုပ်သလို တုန်ခါသွားသည်။
"မင်းရန်သူတွေကို သတ်လို့ရတယ် ရွှမ်ရွှီလောကကြီး ဒီအဖွဲ့အစည်းကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ချင်လည်း အဆင်ပြေတယ် ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူး ကြားလား ဘာမှမသိချင်ဘူး သူတို့ဟာသူတို့ ဘာဖြစ်သွားသွား ငါဂရုမစိုက်ဘူးကွ ဒါပေမဲ့ ကမ္ဘာကြီး ဒီလိုပုံစံ ဖြစ်သွားအောင်တော့ မင်းမလုပ်ရဘူး"
စွမ်းအားကြီးသော လူနှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် နှင့် စကားလုံး အနည်းငယ်တို့ကြောင့် လမ်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ကျန်းလော့သည် စိတ်ထင်တိုင်း ရိုက်နှက်ဖျက်ဆီးပြီးနောက် နောက်ဆုံးစာလုံးကို ရေးလိုက်သည်။ လေထုထဲတွင် လက်ဟန်ဖြင့် "ရေ" ဟူသော စာလုံးကို ရေးလိုက်သည်။
ကောင်းကင်ထက်မှ ရေလှိုင်းအကြီးကြီး ပေါ်လာကာ အိပ်မက်လောက၏ မြို့တစ်မြို့လုံးပေါ်သို့ မြန်ဆန်စွာ လွှမ်းခြုံတိုက်ခိုက်တော့လို ရေလှိုင်းကြီးသည် အရာရာတိုင်းကို ဖျက်ဆီးပစ်တော့မည့် ပုံစံဖြင့် ကောင်းကင်ပေါ်တွင် အရှိန်ယူနေလေသည်။ "水" (ရေ) ဆိုသော စာလုံးကို ရေးပြီးသည်နှင့် ကျန်းလော့သည် အားအင်ကုန်ခမ်းမှုနှင့်အတူ သူ့ခန္ဓာကိုယ်ထဲမှ တလှိမ့်လှိမ့် ကြွတက်လာသော နာကျင်နေမှုကို ခံစားလိုက်ရသည်။
သူသည် ထိုသို့ ခန္ဓာကိုယ်တစ်ခုလုံးမှ အားကုန်သွားခြင်းသည် သူ့ကိုယ်ထဲတွင် ကျိယောင်ဇီပြောသည် ချီစွမ်းအင်များ ကုန်ခမ်းသွားသောကြောင့်မှန်း ချက်ချင်း နားလည်သွားသည်။
ကျိယောင်ဇီက စိတ်ဝိဇ္ဇာအတတ်ကို လေ့ကျင့်သူသည် ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်ရှိသလောက်သာ လေ့ကျင့်နိုင်မည်ဟု ပြောခဲ့ဖူးသည်။ သူဖန်တီးခဲ့သော ဆူနာမီရေလှိုင်းကြီးကို ကြည့်လိုက်ချိန်တွင် မကောင်းဆိုးဝါးသည် နှေးကွေးစွာ ရယ်မော၍ တစ်စက်ကလေးမှ စိတ်မပူပဲ တမင်တကာ ပြောလိုက်သေးသည်။
"ဒီတစ်မြို့လုံးကို ဖျက်ဆီးပစ်လိုက်ရင် တစ်မြို့လုံးကလူတွေ မင်းကြောင့် သေသွားမှာနော်"
"မင်းရူးနေတာလား"
ကျန်းလော့သည် စက်ဆုပ်စွာ မျက်မှောင်ကုတ်၍
"ဒီနေရာက မင်းအိပ်မက်လေ"
"မင်းသူငယ်ချင်းတွေ သေသွားတာကလဲ အိပ်မက်သက်သက်ပဲလေ"
ကျန်းလော့၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာပြီး ချီယုံ့ကော်လာကို ကြမ်းတမ်းစွာ ဆွဲပစ်လိုက်ကာ မကောင်းဆိုးဝါး၏ မျက်နှာချောချောကို အောက်နှိမ့်သွားစေပြီး
"မင်းမှာ ရည်မှန်းချက်ကြီး သုံးခုရှိတာ ငါသိတယ် 'ချီ(ချီယုံ)အိမ်တော်ကို ဖျက်ဆီးပစ်မယ်'၊ 'မင်းကျိန်စာကို ဖယ်ထုတ်ပစ်မယ်'၊ ပြီးရင် 'ရွှမ်ရွှီလောကကြီးကို မင်းနဲ့အတူတူ အောက်ဆုံးထိ ဆွဲချပစ်မှာ' ဟုတ်တယ်မလား မင်းအိမ်တော်ခြောက်ခုလုံးကို မင်းဟာမင်း ဘယ်လိုရှင်းရှင်း ငါစိတ်မဝင်စားဘူး ဂရုလည်း မစိုက်ဘူး မင်းဟာမင်းသူတို့ကို သတ်သတ် မသေမရှင်လုပ်လုပ် ကြိုက်သလိုလုပ် ဒါပေမဲ့ ငါ့သူငယ်ချင်းတွေနဲ့ သူတို့ မိသားစုတွေကိုတော့ မင်းရဲ့ သောက်ညစ်ပတ်တဲ့ လက်ကြီးနဲ့ လာလာ မထိနဲ့ကွ"
သူသည် အထင်သေးစွာ နှာမှုတ်လိုက်ပြီး
"ဒီလို ကမ္ဘာကြီးက အရမ်းကို ကောင်းပါတယ် ဒါပေမဲ့ အခုလို ဒီမှာ အချိန်နည်းနည်းလောက် ဖြုန်းပြီးသွားတာနဲ့တင် လုံလောက်ပြီ ငါ့ရေချိုးခန်းထဲမှာ အလောင်းတွေလဲ မတွေ့ချင်သလို စားစရာမှာလို့ ငါ့တံခါးရှေ့မှာ သရဲတွေ ရောက်လာမှာလဲ မကြိုက်ဘူး မင်း ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးချင်ရင် ငါက မင်းဘက်မှာ အပြည့်အဝ ထောက်ပံ့ပေးနိုင်တယ် ဒါပေမဲ့ ဒီလူ့အသိုင်းအဝိုင်းကိုတော့ ဖြစ်နိုင်ရင် ပုံမှန်အတိုင်းလေးပဲ ဖြစ်စေချင်တယ် ချီယုံ"
"ရမလား"
ကျန်းလော့၏ စကားများကတော့ ဖြောင်းဖျနေဟန် ရှိသော်လည်း မျက်လုံးတို့ကတော့ ခြိမ်းခြောက် သတိပေးခြင်းတို့နှင့် ခက်ထန်နေသယောင်။
"မစ်စတာချီ"
သူ့လက်နားသို့ ရေလှိုင်းသံများ နီးကပ်လာပြီး မကောင်းဆိုးဝါးနှင့် ကျန်းလော့တို့သည် အချိန်ခဏကြာအောင် အချင်းချင်း ကြည့်နေကြပြီး ရုတ်တရက် ပြိုင်တူ လက်မြှောက်လိုက်ကြကာ မကောင်းဆိုးဝါးသည် လက်ဦးစွာဖြင့် ကျန်းလော့ဂုတ်ကို ဖိ၍ လူသား၏ နှုတ်ခမ်းကို အတင်း ခစားခိုင်းလိုက်သည်။
ကျန်းလော့သည် မကောင်းဆိုးဝါး၏ နှုတ်ခမ်းနှင့် လျှာက သူ့ကို အကြမ်းပတမ်း တိုက်ခိုက်လိုက်သည်ကို ကြောင်အသွားသည်။ သူ့နားထဲတွင် ရေလှိုင်းကြီး နီးကပ်လာသံကို ကြားနေရပြီး မသေခင်တွင် အနမ်းခံနေရသောကြောင့် ကျန်းလော့၏ အာရုံကြောများအားလုံးသည် ပုံမှန်ထက်ပိုပြီး အာရုံခံနိုင်စွမ်း မြင့်မားနေကာ မကောင်းဆိုးဝါး၏ လက်ရဲဇတ်ရဲ လုပ်မှုကြောင့် ကျောရိုးတလျှောက်လုံး အေးစိမ့်လာသည်။
သူသည် နှစ်စက္ကန့်လောက်သာ အေးခဲသွားပြီး မကောင်းဆိုးဝါးကို အားမာန်အပြည့်ဖြင့် ရက်စက်စွာ ပြန်နမ်းလိုက်သည်။ ရေလှိုင်းများသည် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားပြီး အိပ်မက်ကမ္ဘာထဲမှ လူအတုအများနှင့် သရဲများအားလုံးတို့သည် ရေလှိုင်းကြီးများအောက်တွင် လှည်းကျင်းခံလိုက်ရသလို ရေထဲတွင် မျောပါ သွားကြသည်။
လူသားနှင့် မကောင်းဆိုးဝါးတို့၏ ဝိညာဉ်များသည် ခိုင်မြဲစွာ တင်းတင်းကျပ်ကျပ်ဖက်၍ ဧရာမ ရေလှိုင်းကြီး မြို့ပေါ်သို့ မကျရောက်ခင် ပြင်းပြင်းပျပျ နမ်းနေကြသည်။ ကျန်းလော့၏ စိတ်သည် ဗလာဖြစ်နေပြီး တကယ်တမ်းတွင် သူသည် ယောက်ျားပီသသော စွမ်းရည်များကို အသုံးပြု၍ မကောင်းဆိုးဝါးကို စိတ်အားထက်သန်စွာ ပြင်းပြင်းထန်ထန် နှိမ်နှင်းရန်ဖြစ်သည်။ အပူချိန်မြင့်တက်လာပြီး သူ့နှုတ်ခမ်းမှ သွေးများထွက်လာသည်။
နှုတ်ခမ်းမှ အနည်းငယ်စိုစွတ်လာကာမှ မကောင်းဆိုးဝါးသည် ကျန်းလော့ ခေါင်းနောက်ကို လက်ဖဝါးနှင့် ညင်သာစွာ ထိန်းပေး၍ နှုတ်ခမ်းကို ခွာလိုက်သည်။ ကျန်းလော့နှင့် မကောင်းဆိုးဝါးတို့သည် အကြည့်ချင်းဆုံနေကြသည်။
မကောင်းဆိုးဝါး၏ နက်မှောင်တောက်ပနေသော မျက်လုံးထဲတွင် ကောင်ငယ်လေး တစ်ယောက်သာ ရှိနေသည်။ မီးစာမလိုပါပဲ ခြောက်သွေ့နေသော သစ်တောကြီးက မီးတောက်လာလေပြီ။ ကျန်းလော့နှလုံးသားသည် ရုတ်တရက် ပိုမိုမြန်ဆန်စွာ ခုန်လှုပ်လာပြီး နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းသည် ကျန်းလော့နားထဲတွင် ဗုံးအကြီးကြီး ပေါက်ကွဲသွားသလို ကြားနေရသည်။
မကောင်းဆိုးဝါးသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ကျန်းလော့က ရုတ်တရက် နက်ခ်တိုင်ကို ဆွဲ၍ ခုနကထက်ပို၍ ပြင်းပြစွာ နမ်းရှိုက်လိုက်လေသည်။ မကောင်းဆိုးဝါး၏ မျက်လုံးတို့သည် အံ့ဩမှုကြောင့် ဝိုင်းစက်သွားသော်လည်း ကောင်ကလေး၏ တုံ့ပြန်လာမှုကို နှစ်ခြိုက်သဘောကျစွာ ပြန်၍ တုံ့ပြန်ပေးလိုက်သည်။ သူ့လက်များသည် ကျန်းလော့၏ ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ကျန်းလော့နှင့် သူ၏ ရင်ဘတ်တို့သည် ကြားလေမသွေးနိုင်လောက်အောင် ပူးကပ်နေကာ သူ့မျက်လုံးမျာသည် တောက်ပလင်းလက်နေသည်။ ကောင်လေး၏ လိုတာထက်ပိုမြန်နေသော အသက်ရှူသံသည် မကောင်းဆိုးဝါး၏ စိတ်ခံစားချက်များကို အမြင့်ဆုံးထိ ရောက်အောင် တွန်းပို့နေသည်။
စွယ်တော်ရွက်လို နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်မတတ် ပူးကပ်နေသော လူနှစ်ယောက်သည် သူတို့ကိုယ်ပေါ်သို့ ရေစက်ရေပေါက်များ လာစင်ကာမှ ခွာသွားကြသည်။
"ဒီအိပ်မက်ကို စပြီး မဖန်တီးခင်က ကောဝူချန်က ကိုယ့်ကို မင်းသူငယ်ချင်းတွေကို အိပ်မက်ထဲခေါ်ဖို့ ပြောလာတာ ပြီးတော့ သူတို့ကို မင်းက ကိုယ့်အပိုင်ပါဆိုတာကို သက်သေပြချင်ခဲ့တာ"
မကောင်းဆိုးဝါး၏ နှုတ်ခမ်းထောင့်များသည် အဓိပ္ပာယ်ပါပါ ကွေးတက်သွားပြီး
"ကိုယ်ကလည်း ဒီအကြံကို ကောင်းတယ် ထင်ခဲ့မိတယ် ဒါကြောင့် သူတို့ ဒီအိပ်မက်ထဲမှာ သေသွားမယ်ဆိုရင်တောင် ကိုယ်သူတို့ကို သရဲလုပ်ပေးပြီး မင်းနဲ့ကိုယ့်ရဲ့ နောက်တစ်ခေါက် ဒိတ်လုပ်တာကို သေချာကြည့်ခိုင်းပြီး သက်သေပြလိုက်မယ်ပေါ့'
ကျန်းလော့သည် မကောင်းဆိုးဝါး၏ ကိုက်ဖြတ်မှုကြောင့် နှုတ်ခမ်းကွဲသွားသောကြောင့် အပြုံးတို့သည် လျော့တိလျော့ရဲ ဖြစ်နေသည်။ မကောင်းဆိုးဝါးသည် သူ့ကို ဂုတ်မှဆွဲ၍ နောက်သို့ လှည့်ကြည့်စေသည်။
ကျန်းလော့သည် ရုတ်တရက် ဆွဲလှည့်ခံလိုက်ရသောကြောင့် တောင့်တောင့်ကြီး ဖြစ်သွားပြီး ကွေဝူးတာ့ရှားကို လိမ်လိမ်မာမာလေး လှည့်ကြည့်လိုက်ရာ မြေညီထပ်၊ ငါးလွှာ၊ ဆယ့်ငါးလွှာ... သူ့သူငယ်ချင်းများ သေဆုံးသွားခဲ့ကြသော အလွှာအသီးသီးတွင် ချစ်ရပါသော သူငယ်ချင်းများသည် ပြတင်းပေါက်တွင် မျက်နှာအပ်၍ သူနှင့် ချီယုံ့ကို မယုံနိုင်စွာ ကြည့်နေကြသည်။
ကျန်းလော့ "........."
မကောင်းဆိုးဝါးသည် မြောက်ကြွမြောက်ကြွဖြင့် ကျန်းလော့၏ သူငယ်ချင်းများကို တိုက်ရိုက်ကြည့်လိုက်ကာ ဆွံ့အနေသော ကျန်းလော့၏ မေးစေ့ကို ဖြူဖျော့သော လက်ဖြင့် ပင့်မ၍ တမင်တကာ နှုတ်ခမ်းထောင့်လေးကို ခပ်ဖွဖွနမ်းလိုက်သည်။
"မင်းရဲ့ ဇာတ်ညွှန်းလေးကြောင့် နောင်တရနေပြီလားကွာ ဒါနဲ့ ကိုယ်ကတော့ မင်းလေးရဲ့ ဇာတ်ညွှန်းကို ဆက်ကြည့်ချင်သေးတယ်ကွ"
မကောင်းဆိုးဝါးက ပြောသည်။
"အမ် 'မင်းက ကိုယ်အကြာကြီး လိုက်ခဲ့ရတဲ့ တစ်ယောက်သောသူ' ဆိုတာကနေ 'ကိုယ်က မင်းအသိအမှတ်မပြုချင်တဲ့ တစ်စုံတစ်ခု' ဖြစ်သွားတယ် ပြီးတော့ အခု ဂုဏ်ယူပါတယ် ကိုယ်တို့က နောက်ထပ်ချစ်သူတွေ ထပ်ဖြစ်သွားကြပြီ ကလေးလေး"
ထိုစကားများပြောနေတုန်း ဧရာမ ရေလှုင်းကြီးသည် ကွေဝူးတာ့ရှားနှင့် ချီယုံ တို့နှစ်ယောက်ကို အရှိန်ပြင်းပြင်း ဝင်တိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်မက်ကမ္ဘာသည် လုံးဝ ပြိုကွဲသွားပြီဖြစ်သည်။
.................
ကျန်းလော့၏ မျက်လုံးများသည် ရုတ်တရက် ဖျတ်ခနဲပွင့်လာသည်။
ဂျင်ဆင်းကလေးလေးသည် သူ့ခြေထောက်ဘေးနားထတွင် ကုတ်ကုတ်လေးထိုင်နေကာ သူနိုးလာတာကို မြင်သည်နှင့် ပျော်ရွှင်စွာ သူ့ကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။
"ဖေဖေ နောက်ဆုံးတော့ ဖေဖေ နိုးလာပြီ ဒီနေ့ ဘာလို့ အကြာကြီး အိပ်သွားတာလဲဟင် ဆယ်နာရီတောင် ထိုးနေပြီ"
ကျန်းလော့သည် မျက်နှာသေကြီးဖြင့် ယယ်ရွှင်နှင့် တခြားသူများ၏ မှင်သက် မယုံနိုင်စွာ ငေးကြည့်နေမှုကို တွေးမိနေတုန်းဖြစ်ကာ သူတို့၏ မျက်နှာထားများကို စိတ်ထဲမှ ဖျောက်မရဖြစ်နေသည်။ အကြာကြီး ငိုင်နေပြီးမှ ရှက်ရွံ့ခြင်းတို့ကို မျက်နှာတည်ကြီးဖြင့် ကာကွယ်၍ နာကျင်စွာ ညည်းညူလိုက်သည်။ သူသည် ချီယုံ့၏ လိမ်ညာမှုများတွင် သားကောင်ဖြစ်သွားရသည်မှာ အကြိမ်ပေါင်းများစွာပင်။ သို့သော် ယခုတစ်ကြိမ်ကတော့ သားကောင် ဖြစ်သွားရန် လုံးဝ မျှော်လင့်မထားမိပေ။
'ဪ.. ကောဝူချန် ဟုတ်သား အဲဒီဘုန်းကြီးကိုး ငါမှတ်မိပြီ'
ကျန်းလော့သည် အံကြိတ်လိုက်ပြီး မျက်နှာကို သုတ်လိုက်ကာ တည်ငြိမ်ဟန်ဆောင်၍ အိပ်ရာပေါ်မှ ထလိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် နှင်းဆီပန်းများကို မြင်လိုက်ရပြန်သည်။ သူ့မျက်ခွံများသည် တုန်သွားပြီး နှင်းဆီပန်းကို အမှိုက်ပုံးထဲသို့ လွင့်ပစ်ရန်ပြင်လိုက်သည်။ ထို့နောက် စိတ်ပြောင်းသွားကာ နှင်းဆီပန်းကို နူးညံ့စွာ ကောက်ကိုင်ပြီး အသာအယာ နမ်းရှိုက်လိုက်သည်။
နှင်းဆီပန်းသည် ဂျင်ဆင်းကလေးလေး၏ ဂျင်ဆင်းအဆီအနှစ်များ ဖြန်းထားသောကြောင့် နှင်းဆီပန်းသည် ပို၍ ကြွရွပွင့်လန်းနေကာ ပွင့်ဖက်များသည် နီဆွေးနေပြီး ကြီးမားပွင့်အာနေပုံမှာ ပန်းတို့၏ဘုရင် ပီအိုနီ(ကြွေပန်း)ပွင့်ကြီးကဲ့သို့ လှပနေသည်။
မွှေးရနံ့သည် ပြင်းပြစူးရှ၍ တစ်ခန်းလုံးကို နှင်းဆီနံ့တို့ လွှမ်းခြုံထားသလိုပင် နှင်းဆီပန်းကို နမ်းရှိုက်လိုက်သည့် ကျန်းလော့မှာ တစ်ခဏလောက် နှင်းဆီနံ့ကလွဲရင် မည်သည့်အနံ့မှ မရတော့သလို ဖြစ်သွားသည်။
ကျန်းလော့၏ နှုတ်ခမ်းတို့သည် မထိန်းချုပ်နိုင်စွာ အပြုံးတစ်ခု ပွင့်လန်းလာပြီး ရုတ်တရက် တံခါးဆီသို့ လျှောက်သွားလိုက်သည်။
ဂျင်ဆင်းကလေးလေးသည် ကျန်းလော့၏ ရုတ်တရက် အထူးအဆန်းများ လုပ်နေသည်ကို မြင်ပြီး အထိတ်တလန့် အော်မေးလိုက်သည်။
"ဖေဖေ ဘယ်သွားမလို့လဲ"
"သွားနှုတ်ဆက်မလို့"
ကျန်းလော့ ပျင်းရိစွာ ပြောလိုက်သည်။
"တောင်အောက်ဆင်းဖို့ အချိန်ကျပြီ"
######
(T/N: ချီယုံ့အတွက် ဒီအပိုင်းတစ်ပိုင်းလုံး ပြန်ပြီး တစ်ခုပဲ ပြောချင်ပါတယ် "အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်" အဲဒါ သူမှအစစ်နော် ယူတို့ကျန်းလော့က အရိုးကွဲရုံမကပဲ အရည်ပါဖျော်ပစ်လိုက်တာ ပညာတွေလည်းရပါတယ် :3)
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။