အခန်း ၉၈၁
တစ်ချက်ရိုက်ရုံဖြင့် သေဆုံးခြင်း
အဝတ်အစားချွတ်မယ်... သေအောင်ရိုက်မယ်တဲ့လား...
ပုဖန် တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်ကို အားလုံး ကြားလိုက်ရသောအခါ အတန်ငယ် ထိတ်လန့်သွားသည်။
ကြည့်ရှု့သူများ နေရာတွင်ရပ်လျက် အံ့ဩကုန်ကြသည်။ ပုဖန်လက်နောက်ပစ်၍ မျက်နှာသေနှင့် ရပ်နေသည်ကို သူတို့ ငေးကြည့်နေကြသည်။
သူ၏အထက်တွင် ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအိုသည် ကြီးမားသော ဖိအားနှင့် စွမ်းအားကို ထုတ်လွှတ်နေသည်။
အဆုံးမရှိသော စွမ်းအားများသည် သူ၏ ပါးလွှာသော လက်နှစ်ဖက်ကို ဝိုင်းထားကာ သူ၏လက်ဖဝါးအောက်ရှိ ဟင်းလင်းပြင်သည် တုန်လှုပ်နေပုံရသည်။
အကယ်၍ သူ၏လက်ဖဝါး မြေပြင်ပေါ်သို့ ကျလာပါက ပုဖန်၏ အဆုံးသတ်သည်လည်း ထုံချန်းထက် သာမည်မဟုတ်ပေ။ ကျင့်ကြံသူအဘိုးအို၏ ရိုက်ချက်တစ်ခုနှင့်ပင် သူ၏ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားနိုင်ချေရှိသည်။
သို့သော် ပုဖန်ကို ကြည့်ရသည်မှာ တည်ငြိမ်နေပြီး သေခြင်းတရားအတွက် စိုးရိမ်နေပုံမရပေ။
ပုဖန်၏ စကားများကို ကျင့်ကြံသူအဘိုးအို ကြားသောအခါ ပို၍ ဒေါသထွက်သွားသည်။
ဒီသေမျိုးက ဘာကို ဆိုလိုချင်တာလဲ...
သူ့ကို အထင်သေး နေတာလား...
ပုဖန်ထိုသို့ တောင်းဆိုချက်မျိုး ပြုလုပ်မည်ဟု မထင်ထားခဲ့၍ ငရဲဘုရင်အာဟ စူးစမ်းစွာ ကြည့်နေသည်။
ဒီတောင်းဆိုချက်က အရမ်းများ မနေဘူးလား... မဟုတ်ဖူး တကယ်တော့ သိပ်မများပါဘူး...
ငရဲဘုရင်အတွက် သူ၏ရှေ့မှ ဤလူကို အဝတ်များချွတ်ပစ်ရန် ခွန်အားအနည်းငယ်သာ အားထုတ်ရပေလိမ့်မည်။ အမှတ်နှစ်ခုနှင့် နတ်ဘုရားအာကာသနယ်ပယ်မှလူကို ရိုက်နှက်ရန်မှာ မခက်ခဲပေ။
သို့သော် သူ့အတွက် အဝတ်များချွတ်ပစ်ရသည်မှာ ပို၍ ပျော်စရာကောင်းသည်။
" ကောင်လေးပုဖန်က စိတ်ရင်းနဲ့ တောင်းဆိုမှတော့ ဒီဘုရင်က တောင်းဆိုချက်ကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးရတာပေါ့..."
ငရဲဘုရင်အာဟ မျက်နှာတစ်ဝက်ကို ဖုံးထားပြီး သူ၏ဆံပင်များသည် လေဟာနယ်ကိုပင် အက်ကွဲမည့်အလား လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။
ကျင့်ကြံသူအဘိုးအို၏ မျက်နှာ အမူအရာမှာ အေးစက်နေသည်။
သူ၏ရှေ့တွင်ရှိသော ဘာကိုမျှ ဂရုမစိုက်သည့် လူငယ်က သူ့အားသေသည်အထိ ရိုက်ရန်ပင်ပြောနေသည်။ သူ့ကိုကြည့်ရသည်မှာ အခြားသေမျိုးများထက် ပို၍ရဲတင်းနေသည်။
မသေမျိုးမြို့တော်မှာ ခုရက်ပိုင်း ဘာတွေဖြစ်နေတာလဲ... ရူးနေတဲ့လူတွေ တစ်နေ့တစ်ခြား ပိုများလာတယ်...
ကျင့်ကြံသူတွေကို သူတို့လေးစားသင့်တာ မဟုတ်ဖူးလား...
လွှမ်းမိုးမှုရှိတဲ့ မိသားစုတွေကို ရိုရိုသေသေ ဆက်ဆံရမှာ မဟုတ်ဖူးလား...
" မင်းကသေချင်နေတာပဲ..." အဘိုးအို ဒေါသတကြီးအော်လိုက်သည်။
သူ၏လက်ဖဝါးဖြင့် အလျားလိုက် ရိုက်ချလိုက်သည်။ သူ၏လက်သည် မီးခြစ်ဆံကဲ့သို့ ပါးလွှာသော်လည်း ၎င်းနှင့်အတူ အဆုံးမဲ့စွမ်းအားကို ယူဆောင်လာခဲ့သည်။
စစ်မှန်စွမ်းအင် သူ၏နောက်၌ လွင့်ဝဲနေပြီး လေဟာပြင်ကိုပင် ကျိုးကြေသွားပုံရသည်။
သူတို့၏အပေါ် တွင် ကြယ်ရောင်များ ရိုက်ခတ်လာချိန်၌ သူ၏ မူလစိတ်ဝိညာဉ်က မျက်လုံးများကို ပွင့်သွားစေသည်။
မြေပြင်ပေါ်တွင် ကြီးမားသော လက်ဖဝါး ပုံစံကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျိုးပဲ့သွားပုံရသည်။
ပတ်ဝန်းကျင်မှလူများ လေအေးများ ရှုရှိုက်လိုက်ရပြန်သည်။ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ၏ တည်ရှိမှုမှာ အံ့ဩစရာကောင်းလှသည်။ သူ၏စွမ်းအားမှာ အမှန်တကယ်ပင် တုနှိုင်းမရပေ။
ငရဲဘုရင်အာဟ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ပုဖန်ဆီသို့ ချိန်ရွယ်ထားသည့် လက်ဖဝါးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းလာပြီး မျက်နှာပေါ်ရှိ လက်ကို ဖြေလျော့လိုက်သည်။
အထိန်းအကွပ်မရှိသော သူ၏မျက်နှာအမူအရာသည် အေးစက်၍ အထီးကျန်သော အသွင်အပြင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
အမှန်ပင် အေးစက်၍ အထီးကျန်သော အသွင်အပြင် ဖြစ်သည်။
ထိုအကြည့်က လူများကို အေးခဲနေသည့် ရေကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားရစေသည်။
ငရဲဘုရင်အာဟ၏ မျက်လုံးမှ အကြည့်များ စတင်ပြောင်းလဲလာပြီး သူ၏မျက်လုံးများ လှည့်ပတ်လာသည်။ နောက်ဆုံးတွင် သူ၏အဖြူရောင်မျက်ဆံ လုံးဝမည်းသွားကာ သူ၏မျက်လုံးသူငယ်အိမ်များ နီမြန်းလာသည်။
အနက်ရောင် ငရဲစွမ်းအင် တဖြည်းဖြည်း သူ့အား ဝိုင်းရံထားပြီး နောက်ဆုံးတွင် ၎င်းသည် ဧရာမအရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ ကောင်းကင်နှင့်မြေကြီးကြားတွင် ဂုဏ်ယူစွာရပ်တည်နေသည့် ငရဲဘုရင်၏ အသွင်အပြင်ဖြစ်သည်။
ဝီ...
သူ၏မျက်လုံးများမှ အေးစက်သောအကြည့်သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို အထင်သေးနေပုံရပြီး ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအို၏ နှလုံးသားကို လှုပ်ခါသွားစေသည် ။
" ဘယ်က မကောင်းဆိုးဝါးကြီးလဲ..."
အဘိုးအို၏ မျက်လုံးများပြူးကျယ်သွားပြီး ဆံပင်များပါ ထောင်လာသလိုပင် ခံစားလိုက်ရသည်။
ဒီအမည်းရောင် အရိပ်ကြီးက ဘာလဲ...
ဒါက သူ့ရဲ့ မူလဝိညာဉ်လား...
လူတစ်ယောက်ရဲ့ မူလဝိညာဉ်က ဘာလို့ ဒီပုံစံဖြစ်နေရတာလဲ...
မြေပြင်သည် ပင့်ကူအိမ်၏ ပုံစံကဲ့သို့ စတင်အက်ကွဲလာသည်။
ကျင့်ကြံသူအဘိုးအိုသည် အမဲရောင်အရိပ်ဆီသို့ တည့်တည့်ပြေးလာသည်။
ပုဖန်နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ငရဲဘုရင်အာဟ၏ ငရဲအရိပ်သည် အလွန်သန်မာသည်။ ငရဲဘုရင် လှုပ်ရှားခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ငရဲဘုရင်အာဟ၏ခွန်အားကို ပိုအသုံးချနိုင်ခဲ့ပြီး သူ၏စွမ်းအားများ ထိန်းမနိုင်သိမ်းမရ တိုးတက်လာသကဲ့သို့ပင်။
သူ၏စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်လိုက်သောအခါတွင် သူ့အား မည်သည့်နည်းနှင့်မျှ မထိခိုက်စေနိုင်တော့ပေ။
ငရဲဘုရင်အာဟ၏ ကတ္တီပါနီရောင် မျက်လုံးသူငယ်အိမ်မှာ အဆက်မပြတ်လည်နေပြီး မျက်လုံးများလည်း ပြူးကျယ်နေသည်။
အဆုံးတွင် လက်ဖဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။
ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအို သူ၏မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။
ကြီးမားသော လက်ဖဝါးဖြင့် ရိုက်ချခံလိုက်ရပြီး လေထဲတွင်ပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာသည်။
ခဏတွင်းချင်းမှာပင် သူ၏ပုံရိပ်သည် လေပေါ်တွင်မျောလွင့်လျက် ပြုတ်ကျစပြုနေသည်။
" ဒီလိုမျိုး... စွမ်းအားကြီးက..."
ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအို၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှု နှင့် စိတ်ပျက်အားငယ်မှုများ ပေါ်လွင်နေသည်။
ဒါက ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ... ဒီလူငယ်နဲ့ ဒီစွမ်းအားကြီးနဲ့...
ဒဏ္ဍာရီထဲမှ ခွေးတစ်ကောင်နှင့်ပင် ဆင်တူနေသည်။
ဝှစ်...
ငရဲဘုရင်အာဟ၏ အရိပ်မည်းကြီး ပျောက်ဆုံးသွားသည်။
မည်းနက်နေခဲ့သော ကောင်းကင်ကြီးမှာ ကောင်းကင်ဘုံမှ နေရောင်ခြည်များ ဖြန့်ကျဲပေးလိုက်သကဲ့သို့ လမ်းပေါ်တွင် တောက်ပနေပြီး တစ်ဖန် ပြန်လည် လင်းလက်လာသည်။
ပုဖန်၏ အသားအရည်သည်လည်း နေရောင်ခြည်အောက်တွင် တောက်ပနေသကဲ့သို့ ထင်ရသည်။
ငရဲဘုရင်အာဟ ခါးထောက်လျက် အထိန်းအကွပ်မဲ့ ရယ်မောသံများ ထွက်ပေါ်လာသည်။
" တုန်လှုပ်နေကြစမ်း... ဒီဘုရင်ရဲ့ အဆုံးမဲ့စွမ်းအားတွေအောက်မှာ တုန်လှုပ်နေကြစမ်း..."
ခါးထောက်လျက် အရှက်မဲ့စွာ ရယ်မောနေသော ငရဲဘုရင်အာဟကို ပုဖန် ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
" ကောင်းပါပြီ... ပြန်ပြီးတော့ ဒီနေ့အတွက် လုပ်ငန်းစကြရအောင်..."
ပုဖန်ပြောလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ ဝှိုက်တီ့ကို ခေါ်ဆောင်၍ စားသောက်ဆိုင်သို့ ပြန်လာသည်။
ငရဲဘုရင်အာဟ အံ့ဩသွားလျက် မျက်နှာကိုအလျင်အမြန် ဖုံးအုပ်ပြီး ပုဖန်နောက်သို့ လိုက်သွားသည်။ သူအလျင်လိုနေလျှင်ပင် သူ၏ပတ်ဝန်းကျင်တွင် အုံ့မှိုင်းမှိုင်း အခြေအနေကိုဖန်တီးရန် ပုဖန်မမေ့ပေ။
ဤသို့ဖြင့် ပုဖန်နှင့် သူ၏အုပ်စု ထွက်ခွာသွားကြသည်။
ကျန်ခဲ့သူများသည်သာ ထိတ်လန့်ကုန်ကြသည်။
ရိုက်ချက်တစ်ချက်တည်းနဲ့... ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူက တစ်ချက်တည်းနဲ့ သေအောင်ရိုက်ခံလိုက်ရတယ်...
ပုဖန်၏ စကားလုံးများ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
" သူ့ရဲ့အဝတ်တွေကို ချွတ်ပစ်မယ်တဲ့လား... မဟုတ်ဖူး သူ့ကိုသေအောင်ပဲရိုက်ပစ်လိုက်..."
သူတကယ်ကို သေအောင်ရိုက်သွားတာပဲ...
စိတ်ကိုပြန်လည်စုစည်းပြီးနောက် သူတို့ လေအေးကြီး ရှုရှိုက်လိုက်ရသည်။
အရမ်းကြောက်ဖို့ကောင်းတာပဲ...
ကောင်းကင်ကို ဖုံးလွမ်းထားတဲ့ အရိပ်မည်းကြီး... လူတိုင်း သူ့ရဲ့လက်ဖဝါးအောက်က မလွတ်မြောက်နိုင်ဘူး...
သေမျိုးပုဖန်မှာ ဆန်းကြယ်တဲ့ ကျောထောက်နောက်ခံတွေ ရှိနေတာပဲ...
သူတို့နှင့် မနီးမဝေးတွင် ရွှမ်ယွမ်ရှားဟွေ့နှင့် ယွှမ်ယွမ်ရွှမ်တို့ ထိုအဖြစ်အပျက်ကိုကြည့်ပြီး မေးရိုးများ ပြုတ်ကျကုန်သည်။
သူတို့ကို ကြည့်ရသည်မှာ အစောပိုင်းမှ ထိတ်လန့်မှုများမှ ပြန်လည်ကောင်းမွန်လာပုံ မရသေးပေ။
သူတို့ ငရဲဘုရင်အာဟကို ကျိန်းသေပေါက် သိကြသည်။ ပုဖန်၏နောက်တွင် အမြဲလိုက်နေသော လူရွှင်တော်ဖြစ်ပြီး တို့ဟူပုပ်များစားကာ သူတို့ကို ရယ်မောခဲ့သူဖြစ်သည်။
သူ၏ နံစော်နေသောပါးစပ်နှင့် မဲနေသော သွားများကို ပြသခဲ့သည် ငပေါသာဖြစ်သည်။
အဲ့ဒီပေါတောတောလူက စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဖြစ်နေတာလား...
" အစ်ကိုကြီး... ကျွန်မ အိမ်မက်မက်နေတာလား..."
ရွှမ်ယွမ်ရွှမ် သူမ၏ တစ်ကိုယ်လုံးတုန်ယင်နေပြီး ရွှမ်ယွမ်ရှားဟွေ့၏ လက်မောင်းကိုကိုင်၍ ပြောလိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းရှည်ကြီးချလိုက်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။
" အဆင်ပြေပါတယ်... ငါတို့လည်း ပြန်ကြတာပေါ့... ပိုင်ရှင်ပုလည်း အန္တရယ် မရှိတော့ဘူး ထင်ပါတယ်..."
" ကြည့်ရတာ အိမ်မက် မဟုတ်ဖူးပဲ... ဒါဆို ပုဖန်က ထုံမိသားစုက တစ်ယောက်ယောက်ကို သတ်လိုက်တာ မဟုတ်ဖူးလား..."
ရွှမ်ယွမ်ရွှမ် မျက်လုံးများ ပြူးကျယ်လျက် မေးလိုက်သည်။
တကယ်ကို ထုံမိသားစုက လူတစ်ယောက်ကို သူသတ်ခဲ့တာပဲ...
ဤကိစ္စသည် အလွန်ပြင်းထန်သော ပြဿနာတစ်ခုဖြစ်သည်။ သူကောင်းမျိုးမိသားစုများ၏ ရွံရှာဖွယ်ကောင်းသော ပြဿနာဖြေရှင်းပုံများကို ကြည့်ခြင်းအားဖြင့် ပုဖန်၏ စားသောက်ဆိုင်ငယ်လေးသည် ထုံမိသားစု၏ အဆုံးမဲ့လက်စားချေခြင်းကို ရင်ဆိုင်ရတော့မည်။
သို့သော် ထိုလူရွှင်တော်နှင့်တူသော ကောင်လေးတွင် နားမလည်နိုင်သော စွမ်းအားများ ရှိသည့်အတွက် အဆင်ပြေပါလိမ့်မည်။
သို့သော် ထိုကြီးမားသော မိသားစုဝင် တစ်ယောက်စီတိုင်းတွင် တိုင်းတာ၍မရနိုင်သော နက်နဲမှုများရှိသည်။ သူတို့၏ စစ်မှန်သောစွမ်းအားများကို စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းသည်။ ပုဖန် အနာဂတ်တွင် မည်သည်တို့နှင့် ရင်ဆိုင်ရမည်ကို ရွှမ်ယွမ်ရှားဟွေ့ပင် မခန့်မှန်းနိုင်ပေ။
ထုံမိသားစုရဲ့ အထွဋ်အထိပ်မှာရှိတဲ့ ကျင့်ကြံသူတွေ လှုပ်ရှားလာရင် ဘယ်လိုလုပ်မလဲ... အဲ့တာဆိုရင်တော့ ပုဖန်ရဲ့စားသောက်ဆိုင်ကို ကမ္ဘာပေါ်ကနေပါ ရှင်းထုတ်ပစ်ကြလိမ့်မယ်...
သို့သော် ထုံမိသားစု၏ ကျင့်ကြံသူများမှာ များသောအားဖြင့် လှုပ်ရှားလေ့ မရှိကြပေ။ ထိုမိသားစု၏ ကျင့်ကြံသူအများစုမှာ တတိယအဆင့် မသေမျိုးစားဖိုမှူး နေရာကို ဖြတ်ကျော်နိုင်ရန် ကြိုးပမ်းနေကြခြင်း သို့မဟုတ် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အမွေအနှစ်နယ်မြေတွင် လှည့်လည်သွားလာနေကြသည်။ ၎င်းတို့အားလုံးက ဖြတ်ကျော်ရန် အခွင့်အရေးကို ရှာဖွေနေကြပြီး မအားလပ်ကြပေ။
" ငါတို့စောင့်ကြည့်ပြီး ဘာဖြစ်လာမလဲ ကြည့်နေရုံကလွဲလို့ ဘာမှလုပ်လို့မရဘူး ဒီမှာရပ်နေလို့ ဘာမှအကျိုးမရှိဘူး သွားကြမယ်လေ ငါတို့ကုန်းရှို့မိသားစုကိုဝင်ဖို့ ကတိပေးထားတာပဲ ငါလည်း ကုန်းရှို့မိသားစုရဲ့ မသေမျိုးစားဖိုမှူး ဖြစ်သွားပြီဆိုတော့ နက်ဖြန်ငါတို့ အတွင်းစက်ဝိုင်းထဲကို ပြောင်းရတော့မယ်..."
ရွှမ်ယွမ်ရွှမ်၏ ခေါင်းကိုပွတ်၍ ရွှမ်ယွမ်ရှားဟွေ့ ပြောလိုက်သည်။
ရွှမ်ယွမ်ရွှမ် ခေါင်းငြိမ့်ပြီး ဘာမှဆက်မပြောတော့ပေ။ လမ်းမရှည်ကြီးမှ ထွက်ခွာ၍ စားသောက်ဆိုင်သို့ ပြန်သွားကြသည်။
စိတ်ရှုပ်ထွေးနေကြသော လူအုပ်ကြီးသာ လမ်းပေါ်တွင် ကျန်ခဲ့သည်။
မကြာမီတွင် ထုံမိသားစု၏ ကျင့်ကြံသူတစ်ဦး အသတ်ခံရသောသတင်း ပျံ့နှံ့၍ မသေမျိုးမြို့တော်တစ်ခုလုံးကို လှုပ်ခါသွားဦးမည် ဖြစ်သည်။
...
မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးတွင်
တကျွိကျွိမြည်သံ ထွက်နေသော စားသောက်ဆိုင်တံခါးကို ပုဖန်တွန်းဖွင့်လိုက်သည်။ အထဲသို့ ဝင်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် လည်ပင်းကိုနှိပ်နယ်ပြီး ပခုံးကိုရိုက်လိုက်သည်။
စားသောက်ဆိုင်ထဲတွင် ခွေးဘုရင် ကျယ်လောင်စွာဟောက်၍ အိပ်ပျော်နေပြီး ပန်းပွင့်လေးမှာ သူ၏ဘေးနားတွင်ထိုင်၍ လုံ့လစိုက်ထုတ်၍ ကျင့်ကြံနေသည်။
မဟူရာနဂါးဘုရင်က ပန်းပွင့်လေးနှင့် မဝေးသော တစ်နေရာတွင် ထိုင်နေသည်။ သူ၏ ခေါင်းပြောင်ကြီးကိုကိုင်၍ ခြေထောက်များ တုန်နေပုံရသည်။ ပုဖန်ပြန်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများ အရောင်လက်သွားသည်။
" ကောင်လေးပုဖန် ဒီဘုရင်ကို ရှုးရှဲအစပ်ချောင်းဆယ်ချောင်းပေးဖို့ မမေ့နဲ့ဦး... ဒီဘုရင် အများကြီးမျှော်လင့်ထားတယ်နော်..."
ငရဲဘုရင်အာဟ ထိုင်ခုံတွင်မထိုင်မီ ပုဖန်ကိုပြောလိုက်သည်။
ပုဖန် အမှတ်တမဲ့ဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ မသေမျိုးစားဖိုမှူး စစ်ဆေးချက် ပြီးသွားပြီပဲ...
သူ၏ လမ်းခရီးတွင် ဆူးညှောင့်ခလုတ်များ ရှိခဲ့သော်လည်း အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။
ထုံမိသားစုအတွက်ကတော့... ဘာပဲဖြစ်ဖြစ်ပါ အစတည်းက သူတို့ကို ခေါင်းထဲ ထည့်ထားတာမှ မဟုတ်တာ...
ပုဖန် မီးဖိုချောင်ထဲသို့ ချက်ချင်းမဝင်သေးပဲ အနားယူရန် ဆုံးဖြတ်လိုက်သည်။
စားပွဲရှေ့တွင် ထိုင်၍ လက်နှစ်ဖက်ဖြင့် မေးစေ့ကိုထောက်ကာ အတွေးထဲနစ်မြောနေသည်။
ခဏအကြာတွင် သူ၏စိတ်ထဲ လှုပ်ခါသွားပြီး အသိစိတ်များ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်။
ပိုင်ရှင် : ပုဖန်
အစစ်အမှန်စွမ်းအင် ကျင့်ကြံခြင်းအဆင့် : နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်...
ချက်ပြုတ်ခြင်းစွမ်းရည် : ကြယ်ခုနစ်ပွင့်
ကျွမ်းကျင်မှုများ : ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ် အဆင့် နှစ် ( ၁၀၀/၁၀၀)... ခုနစ်စင်ကြယ် အသားလွှာထွင်းထုခြင်း အဆင့် နှစ် ( ၁၀၀/၁၀၀ )... ဓားစွမ်းရည် အဆင့် တစ် အရှင်သခင်ဓားဆယ့်သုံးချက် ( ၁၁/၁၃ )...လျှာကဝေ အခင်းအကျင်း ( ၂/၆ ) အင်မော်တယ် ဖြတ်တောက်ခြင်းပုံစံ ( ၀/၃ )
လက်နက်များ : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) ... မဟူရာလိပ်ခုံးဒယ်အိုး ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) အနီရောင်စားဖိုမှူးဝတ်ရုံ ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ )...
ချက်ပြုတ်ခြင်း နတ်ဘုရားအဆင့် သတ်မှတ်ချက် : ပထမအဆင့် မသေမျိုးစားဖိုမှူး ( ပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို ထုတ်ယူနိုင်ပြီး မသေမျိုးစွမ်းအင်ကို စုဆောင်းကာ ချက်ပြုတ်မှုစွမ်းရည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်သည် )
စနစ်၏ အဆင့်သတ်မှတ်ချက် : အဆင့် သုံး ( မသေမျိုးစွမ်းအင်ကို ညီညွတ်စေနိုင်သည်။ စစ်မှန်သောစွမ်းအင် ပြောင်းလဲခြင်းအချိုးသည် 200% သို့ တိုးလာသည် )
စနစ်မှပေးသောဆု : မသေမျိုးပါဝင်ပစ္စည်း ရတနာရှစ်သွယ်ဝက် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ တစ်ခု ( ၄/၅ )
အချိန်အတော်ကြာ မပေါ်လာခဲ့သော စနစ်၏ မျက်နှာပြင်ဘောင်ကွက်တစ်ခု ပုဖန်၏ မျက်လုံးများရှေ့တွင် ပေါ်လာသည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နှလုံးသားထဲတွင် လှိုင်းများထွက်ပေါ်လာသည်။
နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ၏ အပိုင်းလေးပိုင်းကို ရရှိခဲ့ပြီးပြီဖြစ်သည်။ တစ်ခုထပ်ရပါက ပြည့်စုံသွားမည်ဖြစ်ပြီး နောက်ထပ် တစ်ပိုင်းရရှိရန် လိုအပ်နေသေးသည်။
မည်သည့်အရာဖြစ်နေမည်ကို ပုဖန်မသိသေးပေ။ သူသည်လည်း သိချင်နေသည်။
နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ၏ အသုံးဝင်မှုများသည် သံသယ ဝင်ရန်ပင်မလိုချေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူများက နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံသည် မသေမျိုးကိရိယာဟု ပြောကြသည်။ သို့သော် ပုဖန် ထိုသို့မထင်ပေ။
ထုံချန်း၏ မသေမျိုးကိရိယာဓားကို ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားဖြင့် ဖြတ်တောက်နိုင်လိုက်သဖြင့် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံသည် ပို၍သာလွန်နေကြောင်း ပြသနေသည်။ ဤကိစ္စကြောင့် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံသည် မသေမျိုးကိရိယာ မဖြစ်နိုင်ပေ။
သို့သော် သူအလျင်မလိုပေ။
သူ၏ စိတ်ဝိညာဉ်ပင်လယ်သည် မယုံနိုင်လောက်အောင် ကျယ်ပြောနေပြီး ထိုနေရာတွင် ရွှေရောင်နတ်နဂါးကြီးနှင့် မဟူရာလိပ်ခုံးဒယ်အိုး၏ ဝိညာဉ်များလည်း နေထိုင်နေကြသည်။ သို့သော် ပုဖန်ယခုချိန်ထိ အနီရောင်စားဖိုမှူးဝတ်ရုံ ဝိညာဉ်၏ လှုပ်ရှားမှုကို မရှာဖွေတွေ့ရှိသေးပေ။
ထို့ကြောင့် ၎င်း၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းရန် အချိန်အတော်ကြာမှ ဖြစ်နိုင်မည်ကို ပုဖန်သိသည်။
ယနေ့စစ်ဆေးချက်ပြီးသည့်နောက်တွင် ပုဖန် ပထမအဆင့် မသေမျိုးစားဖိုမှူး ဖြစ်လာခဲ့သည်။
ပထမအဆင့် မသေမျိုးစားဖိုမှူးတွင်လည်း အဆင့်များစွာ ရှိသေးသည်။ နာမည်အားဖြင့် အဆင့်နိမ့် အလယ်အလတ်အဆင့် အဆင့်မြင့်တို့ဖြစ်သည်။
၎င်းသည် ထုတ်ယူနိုင်သည့် မသေမျိုးစွမ်းအင် ပမာဏအပေါ် အခြေခံထားသည်။
ထုတ်ယူလိုက်သော မသေမျိုးစွမ်းအင် ပိုသိပ်သည်းလေ စားဖိုမှူးအဆင့် မြင့်လေဖြစ်သည်။
ပုန်းကွယ်နဂါးတိုက်ကြီးရှိ ကြေးနန်းတော်တွင် မြင်ခဲ့သော ခေါက်ဆွဲပန်းကန်လုံးကို ပုဖန် သတိရမိသည်။
မသေမျိုးစွမ်းအင်သည် ထိုပန်းကန်လုံးတစ်ဝိုက် လှည့်ပတ်နေကာ အလွန်သိပ်သည်းနေသည်။ ထိုအကြောင်းကို တွေးမိသောအခါ ချက်ပြုတ်သော မသေမျိုးစားဖိုမှူး၏ အဆင့်သည် အလွန်နိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် ထိုစားဖိုမှူးသည် သေချာပေါက် ပထမအဆင့် မသေမျိုးစားဖိုမှူးပင် ဖြစ်သည်။
စနစ်မှပေးသောဆု ရတနာရှစ်သွယ်ဝက်သည် ပုဖန်မထင်ထားသော အံ့အားသင့်စရာတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းသည် မသေမျိုးပါဝင်ပစ္စည်း ဖြစ်နေသည်။
အဖိုးတန်ကြက်ကလေး ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မသေမျိုးပါဝင်ပစ္စည်းအဖြစ် အသိအမှတ်ပြုထားသော်လည်း ရှစ်လေးသည် ၎င်းနှင့်ဝေးလှသည်။
သို့သော် ၎င်းသည် ယခုအချိန်တွင် မသေမျိုးပါဝင်ပစ္စည်း မဟုတ်တော့ပေ။
အတွေးတစ်ချက်ဖြင့် ပုဖန် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေသို့ ဝင်လာခဲ့သည်။
စနစ်သည် ရတနာရှစ်သွယ်ကြက်ကို လယ်ယာမြေထဲသို့ တိုက်ရိုက်သွားထား ထားသည်ဖြစ်၍ ၎င်းကိုမြင်ချင်ပါက ထိုနေရာသို့ သွားရပေမည်။
...
မသေမျိုးမီးဖိုချောင်အဆောက်အဦး
မူလျှို့အာ မန်နေဂျာချန်ကို ကူညီပေးလျက် တစ်ဦးနှင့် တစ်ဦး ကြည့်မိသောအခါ မျက်လုံးများတွင် အကူအညီကင်းမဲ့မှုကို မြင်လိုက်ရသည်။
" ငါတို့ ကောင်းကင်ဘုံက ဉာဏ်ကြီးရှင်ကို ဆုံးရှုံးလိုက်ရပြီ..."
မန်နေဂျာချန် သွေးများကို ထွေးထုတ်လိုက်သည်။
" ပိုင်ရှင်ပုက ထူးခြားဆန်းကြယ်လွန်းတယ်... ဒါပေမဲ့ ကိစ္စမရှိတော့ပါဘူး...သူက ထုံမိသားစုကို စော်ကားထားတော့ တခြားမိသားစုတွေက သူတို့ဘက်ကို ခေါ်ချင်မှာ မဟုတ်တော့ဘူး...အဲ့ဒီမိသားစုတွေရဲ့ ကာကွယ်မှုမပါပဲ သူ့ဘာသူတိုးတက်ဖို့ အမွေအနှစ်တွေကို ရှာလို့ မရတော့ဘူးလို့ ဆိုလိုတာပဲ..."
ထိုသို့ ဖြစ်လာမည်ကို မူလျှို့အာ ကြိုသိနေသည်။ ထို့နောက် ထပ်မံ၍...
" ဘာပဲဖြစ်ဖြစ် ကျွန်မတို့ စိုးရိမ်ဖို့ မလိုပါဘူး အာဏာရှိတဲ့ မိသားစုတွေက သူ့ကို ခွဲထုတ်ထားမှသာ လှုပ်ရှားရမယ်... သူ့ကို မြို့တော်သခင်အိမ်တော်ကိုသာ ဝင်ခွင့်ပြုလိုက်ရင် ကျွန်မတို့အတွက် အကျိုးရှိလိမ့်မယ်..."
မန်နေဂျာချန် ထိတ်လန့်သွားပြီးနောက် မျက်လုံးများအရောင်လက်လာသည်။
" အိမ်တော်သခင်မလေး ဆိုလိုတာက..."
မူလျှို့အာ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသော်လည်း မျက်မှောင်ကြုတ်ထားဆဲဖြစ်သည်။
" သေချာတာပေါ့... ဒါမဲ့အဓိက အချက်က ပုဖန် ထုံမိသားစုရဲ့ တန်ပြန်တိုက်ခိုက်မှုကနေ အသက်ရှင်နိုင်မှာလား ဆိုတာပဲ... သူတို့မိသားစုရဲ့ ဉာဏ်ကြီးရှင်သခင်လေးကို မသန်စွမ်းဖြစ်အောင်လုပ်လိုက်ပြီး ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို သတ်လိုက်တာကို ထုံမိသားစုက လျစ်လျူရှု့ထားမယ် မထင်ဘူး... ဒါက သူတို့ကို ပါးရိုက်လိုက်သလို ခံစားနေရလိမ့်မယ်..."
#
အခန်း ၉၈၂
ထုံမိသားစု၏ လက်တုံ့ပြန်မှု စတင်ပြီ...
ကျယ်ပြန့်သော မီးခိုရောင်ကောင်းကင်ကြီး၏ အောက်ရှိ မြေပြင်ပေါ်တွင် လေပြည်များက မြက်ခင်းပြင်ကိုဖြတ်သန်း၍ တိုက်ခတ်နေသည်။
ပုဖန် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ဆင်းသက်ပြီး စိမ်းလန်းစိုပြေသော သစ်ရွက်များပေါ်သို့ ခြေချလိုက်သည်။ ကြွယ်ဝသော မြေဆီလွှာ၏ ရနံ့သည် လေကို လွှမ်းခြုံသွားသည်။
မြက်ပင်များပေါ်တွင် ရေစက်လေးများကို တွေ့ရသောကြောင့် လယ်ယာမြေထဲတွင် ယခုပင် မိုးရွာထားပုံရသည်။ ၎င်းတို့သည် ကြည်လင်ပြတ်သား၍ တောက်ပနေပုံရပြီး အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်သည်။
ပုဖန် လက်နောက်ပစ်၍ မြက်ခင်းပြင်ကို ဖြတ်သွားသည်။ မကြာမီ သစ်သားအခန်းငယ်လေးတစ်ခု ရှေ့သို့ရောက်လာသည်။
ထိုအချိန် နျိုဟန်စန်း ခုံပေါ်တွင်လှဲနေသည်။ သူ၏ကျယ်လောင်သော ဟောက်သံများသည် လေထဲတွင် အခါအားလျော်စွာ ပဲ့တင်ထပ်နေပြီး စည်းချက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဘောလုံးကဲ့သို့ ကွေးနေသော နျိုဟန်စန်း၏ ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များအပေါ်သို့ တွန့်ချိုးသွားသည်။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ရနေသော အစားအစာများကို နျိုဟန်စန်း အလွန်ကျေနပ်နေပုံရသည်။
စိတ်ထဲတစ်ချက်ခန့် တွေးလိုက်သည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။
ဒယ်အိုးကို နျိုဟန်စန်း၏ နားဘေးတွင်ထားပြီး လက်သီးတစ်ချက်ဖြင့် ဒယ်အိုးကို ရိုက်လိုက်သောအခါ ဘုရားကျောင်း၏ နံနက်ခင်း ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ကောင်းကင်ထိပင် ပဲ့တင်ထပ်သွားသည်။
နျိုဟန်စန်း တစ်ကိုယ်လုံးတုန်ယင်သွားပြီး ခုံပေါ်မှပြုတ်ကျသွားသည်။ မြေကြီးပေါ် လူးလိမ့်နေပြီး ဖုန်များကိုပင် ဝါးစားမိသွားသည်။
" မင်းရဲ့ဘိုးဘေးတွေကို သွားလုပ်လိုက်စမ်း..."
ပျာယာခတ်စွာ ဆဲဆိုလိုက်ပြီး သူ၏ ဘောလုံးကဲ့သို့ ခန္ဓာကိုယ်ကို လှည့်၍ မြေကြီးပေါ်တွားတွားပြီး ထလာသည်။ သူ၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။
ဘေးပတ်ဝန်းကျင်ကို ခေတ္တကြည့်ပြီးနောက် သူ၏ အကြည့်များက ပုဖန်ပေါ်သို့ ရောက်သွားသည်။
ပုဖန်ကိုမြင်သောအခါ ချက်ချင်းပင် ငြိမ်သက်သွားသည်။
" အာ ... ဟား ဟား ဟား ပိုင်ရှင်ပုပဲ ဒီလိုလေးစားစရာ အကြီးအကဲတစ်ဦးက ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲကို လာလည်ဖို့ အချိန်ရှိရဲ့လား..."
ပုဖန်၏ အနားသို့ လျှောက်လာစဉ် နျိုဟန်စန်း၏ မျက်နှာတွင် ကြီးမားသောအပြုံးတစ်ခုနှင့် လော်လံဖားသော အမူအရာများ ချက်ချင်းပေါ်လာသည်။
မဟူရာလိပ်ခုံးဒယ်အိုးကို သိမ်းဆည်း၍ နျိုဟန်စန်းကို စိတ်မပါလက်မပါ ကြည့်လိုက်သည်။
" ကြည့်ရတာ ခုနောက်ပိုင်း ကောင်းကောင်းစားသောက်နေရတယ်ထင်တယ် မင်းဘယ်လောက်တောင် ဝလာလဲ ကြည့်လိုက်ဦး..."
" ကောက်ပဲသီးနှံတွေကလည်း ကောင်းလွန်းပြီး အစားအသောက်တွေကလည်း ပေါများလွန်းတော့ ဒီနွားသိုးအိုကြီးက မြည်းကြည့်ရတာပေါ့..."
နျိုဟန်စန်း သူ၏ပါးစပ်ကို အုပ်ပြီး အပြစ်ရှိသကဲ့သို့ ရယ်မောလိုက်သည်။
" ကောင်းပါပြီ... နည်းနည်းပါးပါးစားတာက ရပါတယ်... ငါ့ကိုယ်စား ကောင်းကင်ကမ္ဘာမြေလယ်ယာမြေကို စောင့်ရှောက်နေသရွေ့ ဗိုက်ဝအောင်စားလို့ရတယ်..."
နျိုဟန်စန်း၏ အလုပ်ကြိုးစားမှုများအတွက် သူ့အား အကျိုးကျေးဇူးအချို့ ပေးရန်လည်း လိုအပ်သေးသည်။
ပါဝင်ပစ္စည်းအချို့သာ ဖြစ်သောကြောင့် ပုဖန်အတွက်လည်း ပြဿနာမရှိပေ။
" တကယ်ပဲလား... ကျေးဇူးတင်ပါတယ် ပိုင်ရှင်ပု... ဟုတ်တာပေါ့... ပိုင်ရှင်ပုရဲ့ ဟင်းလျာတွေကိုသာ မြည်းစမ်းကြည့်လို့ရရင်..."
နောက်ဆုံးစာကြောင်းကို ပြောလိုက်သည့်အချိန်တွင် နျိုဟန်စန်း၏ မျက်လုံးအရောင်လက်လာပြီး မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ပေါ်လာသည်။ သူရယ်မောလျက် ပါးစပ်ထောင့်မှ သွားရည်အချို့ကို သုတ်လိုက်သည်။
သူကိုယ်တိုင်ပြင်ဆင်သော ဟင်းလျာများထက် ပိုင်ရှင်ပု၏ ဟင်းလျာများက ပို၍ အရသာရှိသည်။ သူ၏အတွေးထဲတွင် သူချက်ပြုတ်ထားသော ဟင်းလျာများသည် နွားမစင်နှင့် မကွာခြားပေ။
" ဟုတ်သားပဲ... သတ္တဝါအသစ်တစ်ကောင် ဒီမှာ ပေါ်လာသေးလား..."
ပုဖန် သစ်သားအခန်းငယ်လေးထဲ ဝင်သွား၍ ခုံတစ်ခုံယူလာပြီး ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
ခုံပေါ်သို့ ပုဖန်၏ခန္ဓာကိုယ်ကို မှီလိုက်သောအခါ တကျွိကျွိ မြည်သံများထွက်လာသည်။
" သတ္တဝါအသစ်လား..." နျိုဟန်စန်း ခဏခန့် ထိတ်လန့်သွားသည်။
ပုဖန် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေသို့ အကြောင်းအရင်းရှိသဖြင့် ရောက်လာသည်ကို သူသိသည်။
" အဲ့တာက... အဲ့ဒီသတ္တဝါက အဖိုးတန်တဲ့ ပါဝင်ပစ္စည်း မဟုတ်ပါဘူး... အထူးတလည်လည်း မဟုတ်ဖူး..."
နျိုဟန်စန်း သူ၏ခေါင်းကိုကုတ်၍ ဖြေလိုက်သည်။
" အိုး... ဘာလို့ အထူးထလည် မဟုတ်တာလဲ..." ပုဖန် စူးစမ်းလိုစိတ်ကြောင့် ဆက်လက်မေးနေသည်။
" လွန်ခဲ့တဲ့နှစ်ရက်က သတ္တဝါအသစ်တစ်ကောင် ရုတ်တရက်ကြီး ပေါ်လာတယ်... သူရောက်ရောက်ချင်းပဲ ဂေါ်ဖီထုပ်တွေကို လျှောက်တူးပစ်တယ်... အဲ့တာ ဒီနွားသိုးအိုကြီးကို တကယ် စိတ်ဒေါသထွက်စေတယ်..."
နျိုဟန်စန်း ခုံပေါ်တွင်ထိုင်၍ ပြောလိုက်သည်။
ပေါ်လာတဲ့အချိန်မှာပဲ ဂေါ်ဖီထုပ်တွေကို တူးပစ်တယ်တဲ့လား...
ပုဖန် မျက်ခုံးများ တွန့်ချိုးသွားသည်။
" ပိုင်ရှင်ပု ကျွန်တော်တို့ရဲ့ ဂေါ်ဖီထုပ်တွေက ဈေးမှာရောင်းတဲ့ သာမန်ဂေါ်ဖီထုပ်တွေနဲ့ မတူတာသိသင့်တယ်...သူတို့တွေက အရမ်းအဖိုးတန်တယ် ခုတော့ တူးထုတ်ခံလိုက်ရပြီ နှမြောဖို့ကောင်းလွန်းတယ်..."
နျိုဟန်စန်း ညည်းတွားလိုက်သည်။
ပုဖန် မျက်နှာသေဖြင့် ဆက်မေးလိုက်သည်။
" ဟုတ်ပါပြီ... ဂေါ်ဖီထုပ်တွေ တူးပစ်တဲ့ သတ္တဝါအကြောင်း ပြောပြပါဦး..."
နျိုဟန်စန်း မျက်လုံးပြူးသွားပြီး စကားလုံးတစ်လုံးကို ပြောလိုက်သည်။
" ဝက်..."
" ဘယ်လို... ပုဖန်၏ မျက်ခုံးများ ပို၍တွန့်ချိုးသွားသည်။
" ဟုတ်တယ် ဝက်တစ်ကောင်လေ..."
နျိုဟန်စန်း အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။
" တခြားတစ်ခုခုပြောဖို့ ကြိုးစားပါဦး... ဒီတိုင်းကြိုးစားကြည့်ပါ..."
ပုဖန် နျိုဟန်စန်းကိုကြည့်၍ မျကိမှောင်ကြုတ်လိုက်သည်။
နျိုဟန်စန်း ခဏခန့် လန့်သွားပြီး ပါးစပ်ကိုဟ၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။
" ပိုင်ရှင်ပု ... ပေါ်လာတဲ့ သတ္တဝါက ဝက်တစ်ကောင်လေ... ဂေါ်ဖီထုပ်နှစ်ထုပ်တောင် တူးသွားတယ်..."
နျိုဟန်စန်း ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
" ဘာ ဝက်တစ်ကောင်လား ရတနာရှစ်သွယ်ဝက် မဟုတ်ဖူးလား..." ပုဖန် မေးခွန်းထုတ်လိုက်သည်။
" ဒီနွားသိုးကြီးက ဘာဝက်အမျိုးအစားလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ ဂေါ်ဖီထုပ်နှစ်ထုပ်ကို သူတူးထုတ်လိုက်တည်းက ရတနာခုနစ်သွယ်ဝက်လား ရှစ်သွယ်လား ဂရုမစိုက်တော့ဘူး ချက်ချင်း ရိုက်ပစ်လိုက်တာပဲ..."
နျိုဟန်စန်း ခေါင်းကိုကောင်းကင်ပေါ်ထိ မော့၍ လက်နှစ်ဖက်ကို ပိုက်ထားသည်။
မသေမျိုးပါဝင်ပစ္စည်း ရတနာရှစ်သွယ်ဝက်က အရိုက်ခံထားရတယ်လား...
" အဲ့ဝက်ဆီကို ခေါ်သွားပေးပါ..."
ပုဖန်၏ နှုတ်ခမ်းထောင့်များမှ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ပုဖန် ထိုဝက်ကို ဘာကြောင့်ကြည့်ချင်နေသည်ကို ပဟေဠိဖြစ်နေသော်လည်း သူရိုကျိုးစွာဖြင့် ပုဖန်ကို ခေါ်သွားလိုက်သည်။
အချိန်အနည်းငယ် လမ်းလျှောက်ပြီးနောက်...
မြင့်မားသော မြက်ပင်များကြားတွင် ဆူညံသံအချို့ကို ကြားနေရသည်။
ခဏအကြာတွင် ပုဖန်နှင့်နျိုဟန်စန်း၏ မြင်ကွင်းထဲသို့ ပုံရိပ်တစ်ခုဝင်လာသည်။
၎င်းသည် ဘေးဥပဒ်ဖြစ်စေနိုင်လောက်သည့် အရှိန်ဖြင့် ပြေးလာနေသည်။
ခေါင်းမှာ ကောင်းကင်ပေါ်သို့ မော့လျက်ရှိပြီး ၎င်း၏ ဝိုင်းစက်နေသော ခန္ဓာကိုယ်ပေါ်တွင် အမဲရောင်အစက်အပြောက်များစွာ ရှိနေပြီး ကြည့်ရသည်မှာ အလွန် ဆူဖြိုးနေသည်။
၎င်းသည် သာမန်ဝက်တစ်ကောင်ပင် ဖြစ်သည်။ နီရဲသောနှာခေါင်းနှင့် ဖောင်းကားနေသောမျက်နှာရှိသည့် ဝက်ကြီးတစ်ကောင်သာဖြစ်သည်။
ရတနာရှစ်သွယ်ဝက်၏ အပေါ်တွင် သေးငယ်သောပုံရိပ်တစ်ခုက သူ့ကို စီးလာသည်။
အနီးကပ်ကြည့်မှသာ ရှစ်လေးဖြစ်နေမှန်း သိလိုက်ရသည်။
ဝက်ကိုစီးနေတဲ့ ကြက်လား...
ပုဖန်၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ကွေးညွတ်သွားသည်။
ရှစ်လေး၏ ခြေထောက်ပြန်လည် ပေါက်လာပြီဖြစ်သည်။ ကြီးပြင်းလာသည်နှင့်အမျှ ၎င်း၏ ပြန်လည်ရှင်သန်နိုင်သောစွမ်းရည်များ ပိုမိုအားကောင်းလာသည်။
မသေမျိုးပါဝင်ပစ္စည်းများနှင့် နှိုင်းယှဉ်နိုင်သည့်အတွက် သူ့အား အဖိုးတန်ကြက်ကလေးဟု ခေါ်ထိုက်ပေသည်။
မျက်လုံးသုံးလုံး ခြင်္သေ့ သုံးလေးသည်လည်း မြက်တောထဲမှ ထွက်လာပြီး ထိုဝက်၏နောက်သို့ ပြေးလိုက်လာသည်။
ထို့နောက် မြေပေါ်တွင်လှဲချလိုက်ပြီး မောဟိုက်နေသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ခြင်္သေ့ရိုင်းတစ်ကောင်ဖြစ်သော်လည်း ဝက်တစ်ကောင်နှင့်ပင် ပြိုင်မပြေးနိုင်ပေ။
အဲ့ဒီဝက်က ကြက်တစ်ကောင်ကိုတောင် သယ်ထားသေးတာကို...
အလွန် ရှက်ဖွယ်ကောင်းလှသည်...
ရတနာရှစ်သွယ်ဝက်သည် ပုဖန်နှင့် နျိုဟန်စန်းကို တိုက်ဆိုင်စွာဖြင့် မျက်နှာချင်းဆိုင်မိသွားသည်။ ၎င်း၏မျက်ဆံများ လှုပ်ရှား၍ အသက်ပြင်းစွာရှုနေပြီး ကျယ်လောင်စွာ အဆက်မပြတ် အော်ဟစ်နေသည်။
ထိုဝက်၏အပေါ်ရှိ ရှစ်လေး ပုဖန်ကို ကြည့်မိသောအခါ သူ၏တစ်ကိုယ်လုံး ကြက်သီးများထလာသည်။
ကတော် ကတော် ကတော်...
ပုဖန်ကိုကြည့်နေသော ရှစ်လေး၏အကြည့်များသည် မီးများတောက်နေသကဲ့သို့ပင်။
သို့သော် ပုဖန်က သူ့အားလှည့်ကြည့်လိုက်သော အခါတွင် အသံပင်မထွက်ရဲတော့ပေ။
တိုးညှင်းစွာ တွန်ပြီးနောက် ရတနာရှစ်သွယ်ဝက်၏ ကျောပေါ်မှ မြေကြီးပေါ်သို့ လှိမ့်ဆင်းပြီး လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားသည်။
ထိုအချိန်၌ ရတနာရှစ်သွယ်ဝက်သည် ဘာလုပ်ရမှန်းမသိဖြစ်၍ ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။
ပုဖန် လက်နောက်ပစ်ပြီး ၎င်း၏ရှေ့သို့ လျှောက်လာသည်။
" မသေမျိုး ပါဝင်ပစ္စည်း ရတနာရှစ်သွယ်ဝက်..."
ပုဖန် မျက်နှာသေဖြင့် ထိုဝက်ကို လေ့လာစူးစမ်းနေသည်။
ထိုဝက်တွင် ထူးခြားသောအသွင် လက္ခဏာများ မရှိ၍ နျိုဟန်စန်း ၎င်းကို မသေမျိုးပါဝင်ပစ္စည်းဖြစ်ကြောင်း သတိမထားမိသည်မှာ အံ့ဩစရာမဟုတ်ပေ။
သို့သော်လည်း ပုဖန်၏ ဝိညာဉ်စွမ်းအင်သည် ထိုဝက်ကို အလွယ်တကူ စူးစမ်းနိုင်ပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်း ကြောက်မက်ဖွယ် စွမ်းအင်များ ပိုင်ဆိုင်ထားကြောင်း သူခံစားနိုင်သည်။
ထိုဝက်တွင် မသေမျိုးစွမ်းအင်ရှိသည်။
အကယ်၍ ဤဝက်ကို အသုံးပြုပါက မသေမျိုးစွမ်းအင်ပါဝင်သော ဟင်းလျာကို ချက်ပြုတ်နိုင်မည်ဖြစ်သည်။
လွယ်ကူစွာ ပြောရလျှင် ဤဝက်ကို အသုံးပြုသော မည်သူမဆို မသေမျိုးစားဖိုမှူး လွယ်လွယ်ကူကူ ဖြစ်လာနိုင်သည်။
အကယ်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဤဝက် ပေါ်လာပါက လူအားလုံး ကမ္ဘာမြေအဆုံးထိ လိုက်ရှာကြမည်မှာ ကျိန်းသေသည်။
ဗိုက်ကို ပွတ်လိုက်သောအခါ ရတနာရှစ်သွယ်ကြက်၏ ခန္ဓာကိုယ်မှ အဆီများ တုန်ယင်လာသည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အကြည့်များကို ခံစားမိလိုက်၍ ရတနာရှစ်သွယ်ဝက်သည် ကျောရိုးထဲမှ စိမ့်လာပြီး တုန်ယင်နေသည်။
ခဏကြာသောအခါ...
ရတနာရှစ်သွယ်ဝက်သည် သစ်သားအခန်းငယ်ရှေ့တွင် ပြေးလွှားပြီး မရပ်မနား အော်ဟစ်နေသည်။
ပုဖန် လက်ထဲမှ ဝက်ရင်ပုံသားကို ကိုင်တွယ်ကြည့်ပြီးနောက် ထူးဆန်းသော အကြည့်တစ်ခုပေါ်လာသည်။
ဤအသားအပိုင်းအစတွင် မသေမျိုးစွမ်းအင်များ တဖျပ်ဖျပ်ထွက်နေသည်။
ပုဖန်လက်ထဲမှ အသားကိုကြည့်၍ နျိုဟန်စန်း၏ မျက်လုံးများ ပြူးသွားသည်။
ဂေါ်ဖီထုပ်များကို တူးထားသောဝက်သည် အမှန်တကယ်တွင် ပါဝင်ပစ္စည်းကောင်းတစ်ခု ဖြစ်နေသည်။
ရတနာရှစ်သွယ်ဝက်တွင် လျှင်မြန်သော ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိသဖြင့် ရှစ်လေးနှင့် အနည်းငယ်ဆင်တူသည်ဟု ပုဖန်သတိထားမိသည်။
ပုဖန် ခြေထောက်ကို ဖြတ်လိုက်လျှင် ခဏအကြာတွင် ပြန်ပေါက်လာသည်။
ရိုးရှင်းစွာပြောရလျှင် သူသည်လည်း ရှစ်လေးကဲ့သို့ပင် အကြိမ်များစွာ အသုံးပြုနိုင်သော ဝက်တစ်ကောင်ဖြစ်သည်။
လက်ထဲတွင် ရတနာရှစ်သွယ်ဝက်၏ အသားကိုကိုင်၍ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ပုဖန် ပျော်ရွှင်စွာ ထွက်သွားသည်။
လှည့်ပတ်ပြေးနေသော ရတနာရှစ်သွယ်ဝက်ကို သူ၏နှုတ်ခမ်းထောင့်မှ သွားရည်များစီးကျလျက် ကြည့်နေသော နျိုဟန်စန်းကို သူထားခဲ့သည်။
ရှစ်လေး၏ခေါင်း မြက်တောထဲမှ ထွက်လာသည်။
ပုဖန် ထွက်သွားသည်ကို မြင်သောအခါ သူ၏ကြက်ဖင်ကို လှုပ်ခါလျက် ပြေးထွက်လာသည်။
...
မသေမျိုးစားဖိုမှူး၏ ဆိုင်ငယ်လေးသို့ ပုဖန် ပြန်ရောက်သောအခါ မီးဖိုချောင်ထဲသို့ ချက်ချင်းဝင်သွားသည်။ မီးဖိုချောင်၏ဘောင်မှ ခေါင်းလောင်းသည် သူဝင်သွားတိုင်း အသံမြည်နေသည်။
သူ၏လက်ထဲမှ အသားအပိုင်းအစကိုကြည့်၍ ထိုအသားမှ မည်သည့်ဟင်းလျာများ ချက်ပြုတ်နိုင်မည်ကို မျှော်လင့်နေမိသည်။
ဘယ်ဟင်းလျာ ချက်သင့်သလဲ...
အသားနီနှပ်လား ဝက်နံရိုးချိုချဉ်လား... ဒါမှမဟုတ် ဒီတိုင်းကင်လိုက်ရမလား...
လက်ထဲတွင်ရှိသော ဝက်သားကိုကြည့်၍ ပုဖန် သူ၏မေးစေ့ကို ပွတ်သပ်နေသည်။ မကြာခင် မည်သို့ချက်ရမည်ကို ဆုံးဖြတ်ပြီးသွား၍ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
" ဝက်သားနှပ်ချက်မယ်..."
ဝက်သားနှပ်သည် ပုဖန်၏ ယခင်ကမ္ဘာ၌ နာမည်ကြီးဟင်းလျာတစ်ခုဖြစ်သည်။
အဖိုးတန်ပါဝင်ပစ္စည်းကို အသုံးပြု၍ ဟင်းလျာပြုလုပ်ခြင်း... ပုဖန်၏ စိတ်ထဲတွင် မျှော်လင့်နေမိပြီ ဖြစ်သည်။
...
မသေမျိုးမြို့တော် အတွင်းစက်ဝိုင်း
ထုံမိသားစု၏ ခမ်းနားထည်ဝါသော အိမ်ကြီးတွင် သနားစရာကောင်းသော အော်သံတစ်ခုက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာသည်။
" သောက်ကျိုးနည်း သောက်ကျိုးနည်းကွာ... အဲ့သေမျိုးကောင်ကို ငါသတ်ချင်တယ်..."
ထုံချန်း၏ မျက်လုံးနီရဲလျက် မျက်ရည်များ စီးကျနေပြီး အကြည့်များမှာ အရိုင်းဆန်နေသည်။
ခေါင်းကို ပတ်တီးစည်းထား၍ ကုတင်ပေါ်တွင် အင်အားမဲ့စွာ လှဲလျောင်းနေရသည်။ သူလုံးဝ မလှုပ်နိုင်ပေ။
မလှုပ်ရှားနိုင်သော်လည်း သူ၏ဒေါသနှင့် ခါးသီးမှုများကို မကွယ်ဝှက်ထားနိုင်ပေ။
သူ၏ဝိညာဉ်ပင်လယ် ပျက်စီးသွားခဲ့ပြီး စိတ်စွမ်းအင်ကို မခံစားနိုင်တော့ပေ။
စိတ်စွမ်းအင်မရှိပါက သူမည်ကဲ့သို့ ချက်ပြုတ်ရမည်နည်း...
မချက်ပြုတ်နိုင်ပါက မသေမျိုးစားဖိုမှူးဟု မသတ်မှတ်နိုင်တော့ပေ...
မချက်ပြုတ်နိုင်ပါက သူသည်ဘာကောင်မှ မဟုတ်ပေ...
ကုတင်ပေါ်တွင် လှဲ၍ မျက်နှာကြက်ကို ကြည့်နေမိသည်။ သို့သော် သူသည် မသန်စွမ်းဖြစ်သွားကြောင်းကို ထုံချန်းလက်ခံရမည်ဖြစ်သည်။
သောက်သေမျိုးကောင် ဒယ်အိုးတစ်လုံးနဲ့ သူ့ရဲ့ ဝိညာဉ်ပင်လယ်ကို ပျက်စီးအောင် လုပ်သွားတယ်...
ထိုအကြောင်းတွေးလိုက်သည်နှင့် ထုံချန်း၏နှလုံးသားထဲတွင် ဒေါသအရှိန်အဟုန်ကို ကောင်းကောင်းခံစားလိုက်ရပြီး သူ၏ပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။
တောက်... တောက်... တောက်...
ခြေသံများ နီးကပ်လာသည်။
ခဏအကြာတွင် လေးနက်သော အမူအရာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထုံချန်း၏ အခန်းထဲဝင်လာသည်။
အိပ်ရာဆီသို့ လျှောက်လာလျက် စိတ်စွမ်းအင်
အနည်းငယ်မျှသာမရှိတော့သော ထုံချန်းကိုကြည့်ကာ ပတ်ဝန်းကျင်တွင် ညိုးငယ်ထိုင်းမှိုင်းနေသော လေထုကို ခံစားလိုက်ရသည် ။ ထို့နောက်သူ၏ မျက်နှာတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
" အဖေ... အဖေ သားအတွက် လက်စားချေပေးရမယ်... အဖေ့သား မသန်စွမ်းဖြစ်သွားပြီ... ကျွန်တော် ဒီလို လှဲမနေချင်ဘူး..."
မည်သူရောက်လာသည်ကို ထုံချန်းမြင်လိုက်ရသောအခါ လှည့်ကြည့်ပြီး မျက်ရည်ပူများ လှိမ့်ဆင်းလာသည်။ သူ၏မျက်ရည်များ စီးကျလာသည်နှင့်အမျှ မျက်ဝန်းထဲတွင် မကောင်းသောအကြည့်များက ပိုမိုပြင်းထန်လာသည်။
" ချန်းအာ စိတ်မပူပါနဲ့ ငါမင်းကို မသန်စွမ်းမဖြစ်စေရဘူး... အဲဒီသေမျိုး ပြန်ပေးဆပ်ရမယ်...မင်းရဲ့ ဦးလေး ၃ သေတာ အလကားမဖြစ်စေရဘူး..." သက်လတ်ပိုင်းလူကြီး သွားများကို အံကြိတ်ကာ ဝမ်းနည်းသောအကြည့်များ သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။
ထုံချန်း ထိတ်လန့်သွားသည်။ ဦးလေး ၃. .. ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူက... သေပြီတဲ့လား...
" ဦးလေး ၃ က ဘယ်လိုဖြစ်လို့ သေသွားတာလဲ ... အဲ့သေမျိုးကောင်က ဦးလေး ၃ကိုသတ်နိုင်လို့လား..."
ထုံချန်း အသက်ရှူကြပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထပ်မံ သွေးအန်လုနီးပါးဖြစ်သွားသည်။
" အဲ့ဒီကောင်မှာ နောက်ခံအင်အားကောင်းရှိနေတယ် ဒါပေမဲ့ မင်းအဖေကသူ့ကို ပြန်ပေးဆပ်ရအောင်လုပ်မယ်... ထုံမိသားစုက ဘယ်သူမဆို စော်ကားလို့ရတဲ့လူတွေမဟုတ်ဖူး..."
ထိုလူမှ အေးစက်စွာ ပြောလိုက်သည်။
ခဏအကြာတွင် သူထပ်မံပြောသည်။
" ချန်းအာ ဒီမှာနေပြီး ခဏအနားယူလိုက်ပါဦး... အမွေအနှစ်နယ်မြေ ပွင့်ပြီဆိုတာနဲ့ မင်းရဲ့ဝိညာဉ်ပင်လယ် ပြန်ကောင်းအောင်ကုပေးဖို့ မသေမျိုးဆေးဝါးရှာပေးမယ်..."
ထုံချန်း၏ မျက်လုံးများတွင် အကြည့်တစ်ခု ပေါ်လာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား ထုံချန်း၏အခန်းထဲမှ ထွက်သွားပြီး တံခါးကိုပိတ်လိုက်သောအခါ ချပ်ဝတ်တန်ဆာအပြည့်ဝတ်ထားသည့် သူ၏လက်အောက်ငယ်သားကို လှည့်ကြည့်လိုက်သည်။
သူသည် ထုံမိသားစုမှ ထိပ်တန်းစစ်သားတစ်ဦးဖြစ်သည်။ သူတို့တစ်ဦးစီတိုင်းသည် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများဖြစ်ကြပြီး သူတို့၏ခေါင်းဆောင် ထုံမူဟဲသည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည်။
" ဒုတိယအကြီးအကဲ ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ..."
ထုံမူဟဲ ရေခဲကဲ့သို့အေးစက်သော အမူအရာဖြင့် သက်လတ်ပိုင်းလူကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။
" ထုံမိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ နင်းချေလို့ မရဘူး တခြားမိသားစုတွေက စော်ကားလာခဲ့ရင်လည်း လက်စားချေရမယ် သေမျိုးလိုကောင်မျိုးဆိုရင်တော့ ပြောနေစရာကို မလိုတာ အမြန် မြို့ကိုဝိုင်းထားလိုက်ပြီး အဲ့ကောင်ကို ဖမ်းထား..."
ခဏအကြာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် သူ၏ရှေ့မှ လူဆီသို့ အလင်းတန်းတစ်ခု ကျရောက်လာသည်။
" ဒီမသေမျိုးပစ္စည်းကို မင်းနဲ့အတူ ယူသွား ဒါ အလယ်အလတ်အဆင့် မသေမျိုးပစ္စည်းပဲ ဒီဟာကိုသုံးရင် မင်းရဲ့ကျင့်ကြံခြင်းကို တတိယအဆင့် စစ်မှန်မသေမျိုးနယ်ပယ်ကို ရောက်သွားစေလိမ့်မယ် တတိယအကြီးအကဲကို သတ်သွားတဲ့လူကိုဖမ်းဖို့မစ်ရှင် မင်းလက်ထဲထည့်လိုက်ပြီ..." သက်လတ်ပိုင်းလူကြီး လေးနက်သော အသံဖြင့်ပြောလိုက်သည်။
ထုံမူဟဲ လှံရှည်ကို ကိုင်၍ သူ့ကိုပေးထားသော မသေမျိုးကိရိယာကို ယူလိုက်သည်။
မသေမျိုးကိရိယာမှ အပြာရောင်ဒယ်အိုးအဖြစ်သို့ မပြောင်းလဲမီ တောက်ပသောအလင်းတန်းများ ထွက်လာသည်။
ဒါက ဘယ်လို မသေမျိုးကိရိယာမျိုးလဲ...
ထုံမူဟဲ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လက်ထဲမှ မသေမျိုးကိရိယာနှင့်ဆိုပါက တတိယအဆင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများကိုပင် ရင်ဆိုင်ရန် ယုံကြည်ချက်ရှိသည်။
သေမျိုးတစ်ယောက်လောက်ကို ဖမ်းဆီးရတာ လွယ်လွန်းတယ်...
" ဒုတိယအကြီးအကဲ မူဟဲ အောင်ပွဲနဲ့ပြန်လာမှာကို စောင့်မျှော်နေပါ သခင်လေးထုံချန်းကို ဒုက္ခပေးခဲ့တဲ့ ရာဇဝတ်သားကို သတ်ဖြတ်ခဲ့ပါမယ် ထုံမိသားစုကို စော်ကားသူအားလုံးကို ကျွန်တော်တို့ အပြစ်ပေးမယ်..."
ထုံမူဟဲ တိုးညှင်းစွာ လေချွန်လိုက်သည်နှင့် စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။
ခဏအကြာတွင် ထုံမူဟဲ၏ ခေါင်းဆောင်မှုဖြင့် ချပ်ဝတ်တန်ဆာဝတ်ထားသည့် ကျင့်ကြံသူများ ထုံမိသားစု၏ နေထိုင်ရာမှ တစ်ဟုန်ထိုး ထွက်သွားကြသည်။ သူတို့ ငွေရောင်အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ အပြင်စက်ဝိုင်းသို့ ထွက်သွားကြသည်။
ထိုအချိန်တွင် အခြားမိသားစုကြီးများ မကြာမီပြသတော့မည့် ပြပွဲကို ကြည့်ရှု့ကြရတော့မည်။
ထိုမိသားစုများ၏ ဉာဏ်ကြီးရှင်များသည် ကောင်းကင်တွင် ပြည့်လျှံနေသော ငွေရောင်စွမ်းအင်ကို ခံစားလိုက်ရသောအခါ သူတို့၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်လာသည်။
" ထုံမိသားစုရဲ့ ထုံမူဟဲက တကယ့်ကို စွမ်းအားကြီးတဲ့ တိုက်ခိုက်သူတစ်ဦးပဲ..."
...
အတွင်းစက်ဝိုင်းအတွင်းတွင် မြင်းလှည်းတစ်စီး လမ်းမတစ်လျှောက် ဖြည်းညှင်းစွာ လာနေသည်။
ရွှမ်ယွမ်ရှားဟွေ့ လိုက်ကာကိုမြှောက်၍ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ သူ၏အထက်တွင် ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားလိုက်ရ၍ သက်ပြင်းချလိုက်သည်။
" ထုံမိသားစုရဲ့ လက်တုံ့ပြန်မှုက စတင်လာပြီ ပိုင်ရှင်ပု မင်းအဆင်သင့် ဖြစ်နေရဲ့လား..."
#
အခန်း ၉၈၃
ရတနာရှစ်သွယ် ဝက်သားနှပ် ... ထုံမိသားစုမှ တိုက်ခိုက်မှု
မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲတွင် ရေပွက်ပွက်ဆူနေသော အသံများကို ကြားရနိုင်သည်။
မီးဖိုချောင်တစ်ခုလုံး မီးရောင်ဖြင့် လင်းနေပြီး ပွက်ပွက်ဆူနေသော ရေထဲမှ အငွေ့များ တက်လာကာ အခန်းကို မြူခိုးများ ဖုံးလွှမ်းသွားသည်။
ပုဖန် ရတနာရှစ်သွယ်ဝက်ကို ကောင်တာပေါ်သို့ တင်ထားလိုက်သည်။ အတွေးတစ်ချက်နှင့်ပင် ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လက်ထဲတွင်ပေါ်လာသည်။
ယနေ့အထိ ပုဖန် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရာတွင် အဆင်ပြေစေသည့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ ဝိညာဉ်နှင့် ကောင်းစွာ ဆက်သွယ်နိုင်ခဲ့သည်။
ဓားကိုလှည့်၍ အဆီများသော ဝက်သားကိုလှီးဖြတ်နေစဉ် ဓားသည် ကခုန်နေသကဲ့သို့ပင်။ ထို့နောက် ဝက်သားကို မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ထားလိုက်သည်။
ဒယ်အိုးထဲတွင် နွေဦးစမ်းရေသည် အဆက်မပြတ် တပွက်ပွက် ဆူနေသည်။ အဆင်သင့်ပြင်ဆင်ထားသော ရတနာရှစ်သွယ်ဝက် ဒယ်အိုးထဲသို့ရောက်သည်နှင့် မသေမျိုးစွမ်းအင်မှာ ဒယ်အိုး၏အထက် မျက်နှာပြင်တွင် လှည့်ပတ်နေသည်။
ပွက် ပွက် ပွက် ...
ပုဖန် တူရှည်တစ်စုံကိုယူ၍ ဝက်သားကိုလှန်လိုက်သည်။
မဟူရာလိပ်ခုံးဒယ်အိုး၏ အောက်တွင် ပြင်းထန်သောအပူဖြင့်တောက်လောင်နေသော ရွှေရောင်မီးတောက်များကိုကြည့်၍ မတတ်နိုင်ပဲ သက်ပြင်းချလိုက်သည်။
" ကြည့်ရတာ ကောင်းကင်ကမ္ဘာမြေမီးလျံက ဒီအဆင့်ရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုကိုချက်ဖို့ အားနည်းလွန်းတဲ့ပုံပဲ အဆင့်မြင့်တဲ့ မသေမျိုးမီးတောက်ကို ပြောင်းဖို့အချိန်ပဲ မဟုတ်ရင် အဆင့်မြင့် မသေမျိုးပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ဖို့ မဖြစ်နိုင်ဘူး..."
ပုဖန်၏ ကျင့်ကြံမှုအဆင့် တိုးမြှင့်သွားသည့်အချိန်မှစ၍ သူအသုံးပြုသော ပါဝင်ပစ္စည်းများ၏ အဆင့်သည်လည်း တိုးမြှင့်လာသည်။
ကောင်းကင်ကမ္ဘာမြေမီးလျံဖြင့် သူသေချာစွာ မချက်ပြုတ်နိုင်သော ပါဝင်ပစ္စည်းများ များစွာရှိသည်။ သူ၏ချက်ပြုတ်ကျွမ်းကျင်မှု မည်မျှပင် ထူးချွန်ပါစေ ဟင်းလျာကို မချက်ပြုတ်နိုင်လျှင် ထိုအရာသည် အရေးမကြီးပေ။
ထို့ကြောင့် သူ၏နည်းစနစ်များကို မြှင့်တင်ပြီး မသေမျိုးမီးတောက်တစ်ခုကို ရှာတွေ့ရန် ပို၍ကြိုးစားရမည်။
သို့သော် ကံကောင်းသည်က ဤတစ်ကြိမ်တွင် ဝက်သားနှပ်ကို ကောင်းကင်ကမ္ဘာမြေမီးလျံဖြင့် ချက်ပြုတ်၍ရနိုင်သည်။
ဒယ်အိုးထဲရှိ ရေပေါ်မှ အမြှုပ်များအားလုံးကို ဖယ်ထုတ်ပြီးနောက် ပုဖန်အသားပိုင်းကို ထုတ်ယူလိုက်သည်။
ရွှေရောင်အလင်းတန်းများနှင့်အတူ ပုဖန် ရွှေနဂါး အရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်သည့်ပုံစံ ပို၍ လေးနက်လာသည်။
ပါဝင်ပစ္စည်းများအား လျင်မြန်စွာ ပြင်ဆင်ရန် မလိုအပ်သည့်အတွက် အရှင်သခင်ဓားဆယ့်သုံးချက်ကို အသုံးပြုရန် ပုဖန်ဆုံးဖြတ်လိုက်သည်။
အင်မော်တယ် ဖြတ်တောက်နည်းပုံစံအသစ်ကို မလေ့ကျင့်ရသေးသည့်အတွက် အသုံးမပြုရဲသေးပေ။
ပုဖန် အသားများကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်ပြီးနောက် ၎င်းတို့ကို ညီညီညာညာ ချထားသောကြောင့် အလွန်လက်ရာမြောက်ပုံရသည်။
ထို့နောက် ဝက်သားနှပ်ပြင်ဆင်ရန် လိုအပ်သော မြေအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။
အတွေးတစ်ခုဖြင့် ပုဖန် ဝါးရွက်များကို ထုတ်ယူလိုက်သည်။ ဤကြွပ်ရွ၍ တောက်ပြောင်နေသော ဝါးရွက်များသည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၏ အပိုင်းသစ်ဖြစ်သော ဝါးသစ်တောမှ ထုတ်ကုန်များဖြစ်သည်။
ဝါးသစ်တောတွင်ပေါက်သော ဝါးပင်များအားလုံးသည် ဝိညာဉ်ပါဝင်ပစ္စည်းများဖြစ်သည်။ ကျောက်စိမ်းနှင့်တူရသည့် အကြောင်းရင်းမှာ ၎င်းတို့တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပါ၀င်သောကြောင့်ဖြစ်သည်။
ပုဖန် ထိုဝါးရွက်များကို မြေအိုး၏အောက်ခြေတွင် ဖြန့်ကျဲလိုက်သည်။
ထို့နောက်ဝက်သား မထည့်မီ ပါးပါးလှီးထားသော သားအမိဂျင်းနှင့် အမြှီးရှည်ကြက်သွန်များကို အိုးနှုတ်ခမ်းထိပြည့်အောင် ဖြည့်လိုက်သည်။
ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်ရန် အချိန်ဖြစ်သည်။
ပဲငံပြာရည်အကြည်မထည့်မီ ပဲငံပြာရည်အနောက်ကို ထည့်လိုက်သည်။ ထိုကွဲပြားသော ပဲငံပြာရည်နှစ်မျိုးက မတူညီသော အရသာနှစ်မျိုးကို ပေးစွမ်းနိုင်သည်။
ထို့နောက် စိန်တုံးနှင့်တူသော သကြားခဲနှစ်ခဲကိုယူ၍ အိုးထဲသို့ ထည့်လိုက်သည်။
နှင်းခါးမီးတောက်သိမြင်မှုဝိုင် ပုလင်းတစ်ဝက်ခန့်ကိုထည့်၍ မီးဖိုပေါ်မတင်မီ အဖုံးပိတ်လိုက်သည်။ နှေးကွေးသော ချက်ပြုတ်မှုလုပ်ငန်းစဉ် ယခုမှ စတင်မည်ဖြစ်သည်။
ကောင်းကင်ကမ္ဘာမြေမီးလျံလုံး တစ်ခုကို မီးဖိုပေါ်သို့ ထွေးထုတ်လိုက်သည်။
လက်နောက်ပစ်ထားသည့်အချိန်တွင် သူ၏ကိုယ်မှ စိတ်စွမ်းအင်လှိုင်းများ လွှင့်ထွက်ပြီး အိုးတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ဤဟင်းလျာသည် သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ထက် အဆင့်မြင့်သော်လည်း အသုံးပြုသော ပါဝင်ပစ္စည်းများ ကွာခြားသောကြောင့် ခက်ခဲစွာ ပြင်ဆင်ရန်မလိုပေ။
ပါဝင်ပစ္စည်း၏ မူလစွမ်းအင်ကို မသေမျိုးစွမ်းအင်အဖြစ် ပေါင်းစည်းလိုက်ခြင်းသည် ပါဝင်ပစ္စည်းကို အဆင့်တက်သွားစေသည့် အဆင့်တစ်ခုဖြစ်သည်။ ဤအဆင့်ပြီးပါက ၎င်း၏အရသာနှင့် အသွင်အပြင်သည် သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
ပုဖန် ဝက်သားပြုတ်ရန် အသုံးပြုသည့်အချိန်သည် အမွှေးတ်ိုင်တစ်ဝက်ကို မီးရှို့သည့်အချိန်ဖြစ်သည်။
အချိန်ပြည့်သောအခါ ပုဖန်မျက်လုံးဖွင့်လိုက်သော်လည်း စိတ်စွမ်းအင်များကို မလျှော့သေးပေ။ ဤနည်းဖြင့် ဝက်သားနှပ်မပြီးသေးပေ။
အဖုံးကိုဖွင့်လိုက်သည်နှင့် အသား၏ သင်းပျံ့သောရနံ့နှင့်အတူ အငွေ့များ ထွက်လာသည်။ လေထဲတွင် လွင့်ပျံသွားကာ တစ်ခဏအတွင်း မီးဖိုချောင်ထဲ ပြည့်သွားသည်။
နောက်ဆုံးတွင် သင်းပျံ့သောရနံ့က စားသောက်ဆိုင်တစ်ခုလုံးကို ပြန့်နှံ့သွားသည်။
မီးဖိုချောင်၏ အပြင်ဘက်တွင် ပန်းပွင့်လေးနှင့် ကစားနေသော မဟူရာနဂါးဘုရင် နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်လုံးများက အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ ထင်ရသည်။
" အနံ့အရမ်းကောင်းတာပဲ... ပိုင်ရှင်ပု ဘာဟင်းလျာအသစ်တွေ ချက်နေတာလဲမသိဘူး..."
ပန်းပွင့်လေး စိတ်လှုပ်ရှားစွာ ပါးစပ်ကိုဖွင့်လိုက်ကာ ထက်မြက်သော သွားများကို ထုတ်ဖော်ပြသပြီး သူမ၏ သုံးပန်လှမြွေမျက်လုံးများ လှည့်ပတ်သွားသည်။
ကြမ်းပြင်ပေါ်တွင် ကျယ်လောင်စွာဟောက်လျက် အိပ်ပျော်နေသော ခွေးဘုရင် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ မီးဖိုချောင်ကိုကြည့်ရန် ခေါင်းမော့လိုက်သောအခါ မျက်လုံးထဲတွင် တောက်ပသည့် အကြည့်များ ရှိနေသည်။
" ဒီအနံ့ အရမ်းမွှေးတာပဲ...အသားတစ်ခုခုရဲ့ အနံ့ပဲ ဝက်နံရိုးချိုချဉ်တော့ မဟုတ်ဖူး... အသားနီနှပ်လိုပဲ ဒါမဲ့ သာမန် အသားနီနှပ်တော့ မဟုတ်ဖူး..."
ခွေးဘုရင် ရေရွတ်နေသည်။
ငရဲဘုရင်အာဟ အစပ်ချောင်းကိုက်လျက် အောက်ထပ်သို့ ဆင်းလာသည်။
ဤအစပ်ချောင်းသည် အမှတ်နှစ်ခု နတ်ဘုရားအာကာသနယ်ပယ် ကျင့်ကြံသူကို သတ်နိုင်ခဲ့သောကြောင့် ပုဖန်ပေးသော အစပ်ချောင်းဆယ်ချောင်းထဲမှ တစ်ခုဖြစ်သည်။
သူနောက်ဆုံး အပိုင်းအစတစ်ခုကို စားပြီးသည်မှာ မကြာသေးသော်လည်း တိုက်ဆိုင်စွာဖြင့် ပုဖန်က သူ့ကို ထိုအစပ်ချောင်းဆယ်ချောင်းကို ဆုချခဲ့သည်။
ပါးစပ်ထဲတွင် အစပ်ချောင်းများနှင့် ငရဲဘုရင်အာဟ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားဖွယ် အကြည့်တစ်ခု ပေါ်လာသည်။
" ဒီအသားက အဆီနံ့လည်းမပါတော့ မဆိုးပါဘူး အဲ့ကောင်လေးပုဖန်ရဲ့ ဟင်းချက်စွမ်းရည်တွေက တိုးတက်လာတာပဲ..."
ငရဲဘုရင်အာဟ မှတ်ချက်ချလိုက်သည်။
ထိုအချိန် မီးဖိုချောင်ထဲတွင်...
ပုဖန် မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ အငွေ့များ အခန်းထဲတွင် ပြည့်သွားသည်။
အသား၏အရောင်က နီညိုရောင်ပြောင်းသွားပြီး တောက်ပသည့် အလင်းတန်းများ ထွက်လာသည်။ သို့သော်လည်း အလင်းရောင်သည် အလွန်မစူးရှသော ဖျော့တော့တော့ အရောင်သာဖြစ်သည်။
ဟင်းလျာ မပြီးပြည့်စုံသေးသောကြောင့် ဖြစ်နိုင်သည်...
ဟင်းလျာ ချက်ပြုတ်ပြီးသောအခါ အိုးကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲသို့ စူးရှသော အလင်းတန်းများ ပြည့်လျှံလာမည်ဟု ပုဖန်ယုံကြည်ခဲ့သည်။
တူတစ်စုံယူ၍ အသားကို အနည်းငယ်မွှေလိုက်ပြီးနောက် ကျန်နေသေးသည့် နှင်းခါးမီးတောက်သိမြင်မှုဝိုင် ပုလင်းတစ်ဝက်ကို ထည့်လိုက်သည်။ ထို့နောက် အဖုံးပြန်ပိတ်၍ ဆက်လက်နှပ်နေလိုက်သည်။
ယခုတစ်ခေါက်တွင် အကြိမ်များစွာ မနှပ်ရပေ။ ယခင်တစ်ခေါက်၏ အချိန်တစ်ဝက်ခန့်သာ နှပ်လိုက်ရသည်။
ပုဖန်၏ စိတ်စွမ်းအင်သည် လှိုင်းလုံးများကဲ့သို့ အိုးဆီရောက်သွားပြီး အိုးအတွင်းမှ မူလစွမ်းအင်ကို မရပ်မနား လှည့်ပတ်သွားစေသည်။
ထို့နောက် အိုးအဖုံးကို ထပ်မံဖွင့်လိုက်သည်။
မူလစွမ်းအင်များသည် တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်ပေးနေပြီး အိုးအတွင်း၌ လှည့်ပတ်နေသည်။
သို့သော် ၎င်းတို့အား ထိန်းချုပ်ရန် ပုဖန် သူ၏ စိတ်စွမ်းအင်ကို အသုံးပြုခဲ့ပြီး အိုးထဲမှ မထွက်သွားစေခဲ့ပေ။
မူလစွမ်းအင်ကို ထိန်းချုပ်နေစဉ် စနစ်ထံမှ ကြွေပန်းကန်လုံးတစ်လုံးကို တောင်းခဲ့သည်။ ထို့နောက် ဝက်သားနှပ်ကို ဖယ်ထုတ်ပြီး ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ပန်းကန်လုံးသည် ဝက်သားနှပ်အတွက် အထူးဒီဇိုင်းထုတ်ထားသကဲ့သို့ပင် ။ ပန်းကန်လုံးအဝက အနည်းငယ်သေးနေပြီး ခန္ဓာကိုယ်က ဖောင်းနေသည်။
ပန်းကန်လုံးထဲသို့ ဝက်သားနှပ်ကိုထည့်ပြီးနောက် အပေါ်မှနေ၍ ပြောင်လက်တောက်ပသော အသားတုံးများကို မြင်တွေ့နိုင်သည်။
ပုဖန် အိုးထဲမှ အသားပြုတ်ရည်များကို အသားတုံးများပေါ်တွင် လောင်းချလိုက်သည်။
ထိုအသားပြုတ်ရည်သည် အလွန်ထူးခြားဆန်းကြယ်လှသည်။ ၎င်းတွင် စွမ်းအင်များစွာပါဝင်ပြီး ဝါးရွက် သားအမဂျင်း အမြှီးရှည်ကြက်သွန်နှင့် နှင်းခါးမီးတောက်သိမြင်မှုဝိုင်တို့၏ အရသာများပါဝင်နေသည်။
သို့သော် ပုဖန်ဝိုင်ကို နှစ်ခါခွဲ၍ ထည့်ခဲ့သောကြောင့် ဝိုင်အရသာ လွန်ကဲခြင်းမရှိပေ။ အတိအကျပြောရလျှင် ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး ဝိုင်အရသာက လူများကို ဆွဲဆောင်နိုင်စေမည့် အမျိုးအစားပင်။
ထိုကြွေပန်းကန်လုံးကို မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ထည့်ပြီး စတင်ပေါင်းလိုက်သည်။
ပေါင်းသည့် လုပ်ငန်းစဉ်မှာ အရေးကြီးသောအဆင့်တစ်ခု ဖြစ်သည်။ အရသာအားလုံးကို အသားထဲသို့ ရောနှောပြီး ပေါင်းစပ်စေကာ မူလစွမ်းအင်မှ မသေမျိုးစွမ်းအင်သို့ ရောက်ရှိသွားအောင် လုပ်ဆောင်သည့်အဆင့်ဖြစ်သည်။
...
မသေမျိုးမီးဖိုချောင်အဆောက်အဦး
မူလျှို့အာနှင့် မန်နေဂျာချန်တို့ ထွက်ခွာသွားကြသည်။ မူလျှို့အာ၏ဘေးတွင် အရပ်ရှည်၍ တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦး လက်နောက်ပစ်လျက် ရှိနေသည်။ ထိုလူမှာ မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကာကွယ်သူ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ထိုကျင့်ကြံသူသည် ထုံမိသားစုမှလူများကိုရပ်တန့်ရန် မူလျှို့အာ၏တောင်းဆိုချက်ကို နားထောင်နေသည်။
မူလျှို့အာနှင့် မန်နေဂျာချန်တို့ အခွင့်အရေးတစ်ကြိမ်ကို ဆုံးရှုံးထားပြီးကြောင်း သိရှိထားသည်။ ဒုတိယအခွင့်အရေး ပြီးသွားပြီးနောက်တွင် တတိယအခေါက် ဖြစ်လာတော့မည်မဟုတ်မှန်း သိရှိကြသည်။ သူတို့နောက်ထပ်အခွင့်အရေးကို လက်မလွှတ်နိုင်ကြတော့ပေ။
ပုဖန်၏ ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုသည် အံ့အားသင့်ဖွယ်ဖြစ်သည့်အတွက် မူလျှို့အာ ပုဖန်ကို မြို့တော်သခင်၏ မသေမျိုးစားဖိုမှူးအဖွဲ့သို့ ဝင်ရောက်စေချင်သည်။
မသေမျိုးမြို့တော်တွင် လွှမ်းမိုးမှုရှိသော မိသားစုတိုင်းသည် မသေမျိုးစားဖိုမှူးများကို သူတို့ဘက်သို့ ခေါ်ယူ၍ ကိုယ်ပိုင် မသေမျိုးစားဖိုမှူးအဖွဲ့များ တည်ထောင်ထားကြသည်။
အဘယ့်ကြောင့်ဆိုသော် အမွေအနှစ်နယ်မြေသို့ ခြေချပြီးသည်နှင့် မသေမျိုးစားဖိုမှူးများ၏ အကူအညီကို လိုအပ်ကြသောကြောင့်ဖြစ်သည်။ မသေမျိုးစားဖိုမှူးများသည်လည်း သူတို့ကိုယ်သူတို့ တိုးတက်လိုကြသည့်အတွက် အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ကြခြင်းဖြစ်သည်။
အမွေအနှစ်နယ်မြေတွင် အဆင့်မြင့်ဟင်းချက်နည်းများကို ရရှိနိုင်ပြီး မသေမျိုးမီးတောက် ရရှိရန်အခွင့်အရေးလည်းရှိသည်။
မူလျှို့အာက ပုဖန်နှင့် ပတ်သက်၍ အလွန်အကောင်းမြင်ပြီး သူ့ထက်သူမနှင့် ပိုရင်းနှီးသူ မရှိနိုင်ဟု တွေးထင်ခဲ့သည်။
ပုဖန်၏ အစားအသောက်ဈေးဆိုင်ငယ်လေးကို စတင်ဖွင့်လှစ်ချိန်မှစ၍ သူ့ကိုအာရုံစိုက်ခဲ့မိသည်။
ပုဖန်၏ခန္ဓာကိုယ်တွင် သူမကိုဆွဲဆောင်နိုင်သော မှော်စွမ်းအားများနှင့် ပြည့်နှက်နေသည်။ သူနှင့်စကားပြောဆိုဆက်ဆံမှုများလုပ်လေ အဆင့်နိမ့်နယ်ပယ်မှလာသော ဤလူကို နားမလည်နိုင်လေ ဖြစ်သည်။
ပုဖန်၏စွမ်းရည်သည် အကောင်းဆုံးမဟုတ်သော်လည်း အကန့်အသတ်မရှိဖြစ်နိုင်ချေများနှင့် ပြည့်နေပါသည်။ ဥပမာအားဖြင့် ထိုကဲ့သို့ သူ၏တိုးတက်မှုအရှိန်အဟုန်ကို မူလျှို့အာ တစ်ခါမှမမြင်ဖူးပေ။
ထို့ကြောင့် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကာကွယ်သူ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို ပုဖန်အားကူညီပေးရန် စည်းရုံးနေခြင်းဖြစ်သည်။
ထုံမိသားစု ပုဖန်ကိုလက်စားချေမည်မှာ သံသယဝင်စရာမလိုပေ။
မြို့တော်တရားရုံးမှ ပုဖန်ကို သူတို့ဘက်သို့ ခေါ်ဆောင်လိုသောကြောင့် ၎င်းတို့သည် ရိုးသားမှုအချို့ကို ပြသရမည်ဖြစ်သည်။
ပိုးထည်တစ်ခုတွင် ပန်းများထိုးရန် လွယ်ကူသော်လည်း နှင်းထူထပ်သောရာသီဥတုတွင် ကျောက်မီးသွေးပို့မည့်သူကို ရှာရန် ခက်ခဲလိမ့်မည် ။ သူတို့ပြုလုပ်ရန် လိုအပ်သောအရာမှာ ပုဖန်လိုအပ်ချိန်တွင် ကူညီရန်ဖြစ်သည်။
မန်နေဂျာချန် စကားမပြောမီ ချောင်းဆိုးလိုက်သည်။
" ထုံမိသားစုက ဒီတစ်ကြိမ်လွှတ်လိုက်တဲ့သူက ထုံမူဟဲပဲ..."
" ထုံမူဟဲ တဲ့လား... ဦးလေးမူ ထုံမူဟဲကို ချေမှုန်းဖို့ ယုံကြည်ချက်ရှိလား..."
မူလျှို့အာ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားပြီး အရပ်ရှည်၍ သန်မာသောလူကို လှည့်ကြည့်လိုက်သည်။
ထိုလူ၏ဆံပင်သည် ထိုးထောင်နေပြီး သူ၏အကြည့်များက တည်ငြိမ်၍ အော်ရာသည်လည်းပြင်းထန်နေသည်။
" အာ... ထုံမူဟဲ ထုံမိသားစု မျိုးဆက်သစ်တွေထဲက အရူးတစ်ကောင်ပဲ...သူက ဟင်းချက်ရာမှာတော့ အမှိုက်သာသာပဲဆိုပေမယ့် တိုက်ခိုက်မှုစွမ်းရည်ကတော့ ကြောက်စရာကောင်းတယ်..."
ဦးလေးမူဆိုသည့်လူက လေးနက်စွာ ပြောလိုက်သည်။ ထို့နောက်မူလျှို့အာကို လေးနက်စွာကြည့်၍ မေးလိုက်သည်။
" အိမ်တော်သခင်မလေး သေမျိုးစားဖိုမှူးတစ်ယောက်ကြောင့်နဲ့ ထိုက်တန်ရဲ့လား..."
မူလျှို့အာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ထိုက်တန်မှုရှိ မရှိကို သူမ မသိသော်လည်း ဤကိစ္စသည် လောင်းကစားတစ်ခုသာ... ထုံမိသားစုကို စော်ကားမိသော ရလဒ်သည် လောင်းကစားတစ်ခုဖြစ်ကြောင်း သူမဝန်ခံရမည်။
အကယ်၍ သူမရှုံးခဲ့ပါက မသေမျိုးမီးဖိုချောင်အဆောက်အဦးအတွက် ပေးဆပ်ရမည့်တန်ဖိုးသည် မသေးလှပေ။
" ကျွန်မ... ကျွန်မ ထိုက်တန်တယ်လို့ ထင်ပါတယ် ဘာလို့လဲဆိုတော့ သူက ဘယ်တော့မှ ကျွန်မကို စိတ်မပျက်စေခဲ့ဘူး ကျွန်မရဲ့ မျှော်မှန်းချက်ထက် ကျော်လွန်တဲ့ ရလဒ်တွေကိုပဲ ပြသပေးခဲ့တယ်..."
မူလျှို့အာ ဖြေလိုက်သည်။
မန်နေဂျာချန်သည်လည်း ဘေးမှမူလျှို့အာကို တစ်ချက်ကြည့်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။
အိမ်တော်သခင်မလေး မင်းသူ့ဆီမှာ ကျဆုံးသွားလို့ မရဘူး...
သူက သေမျိုးတစ်ယောက်ပဲ မင်းနဲ့မထိုက်တန်ဘူး...
" ကောင်းပါပြီ... အိမ်တော်သခင်မလေးက ယုံကြည်ချက်ရှိနေမှတော့ ဦးလေးမူလည်း မင်းနဲ့ဒီတစ်ခါ လိုက်ရူးပေးလိုက်မယ် တကယ်လို့ မြို့တော်သခင်က အပြစ်တင်မယ်ဆိုလည်း ဦးလေးပဲအကုန်လုံး တာဝန်ယူလိုက်မယ်..."
ထိုလူ၏ အကြည့်များက စူးရှနေပြီး သူအသက်ရှုထုတ်လိုက်ပုံသည် နဂါးတစ်ကောင်ကဲ့သို့ပင်။
ခဏအကြာတွင် သူတို့သုံးဦးလုံး အလင်းရောင်တန်းလေးအဖြစ် ပြောင်းလဲသွားပြီး ပုဖန်၏ စားသောက်ဆိုင်ဆီသို့ အလျင်အမြန် ပျံသွားကြသည်။
ဟမ်...
မူလျှို့အာ၏ အတွေးများ တုန်လှုပ်သွားပြီး ခေါင်းမော့ကာကြည့်လိုက်သည်။
စားသောက်ဆိုင်၏အပေါ်တွင် တိမ်မည်းများစုဝေးနေသည်။
ပတ်ဝန်းကျင်မှ လူများလည်း သတိထားမိပြီး မျက်နှာတွင် အံ့သြမှုများနှင့် ပြည့်နှက်နေသည်။
မူလျှို့အာ ထိတ်လန့်သွားသည်။
" ဒါက မိုးကြိုးပြစ်ဒဏ်ကို အစပျိုးမယ့် နောက်ထပ်ဟင်းလျာ တစ်ခုများလား..."
မန်နေဂျာချန် ထိုတိမ်မဲများကို တွေ့သောအခါ ချောင်းများ အဆက်မပြတ်ဆိုးလာသည်။ သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
" ဒီသေမျိုးစားဖိုမှူးရဲ့ စွမ်းရည်က တကယ်ကို ကြောက်ဖို့ကောင်းတယ် သူပြင်ဆင်လိုက်တဲ့ ဟင်းလျာတိုင်းက မိုးကြိုးပြစ်ဒဏ်ကို လွယ်လွယ်နဲ့ ဆွဲဆောင်နိုင်တယ်..."
အမှန်တကယ်ပင် မိုးကြိုးပြစ်ဒဏ်ဖြစ်သည်။
ကောင်းကင်ရှိ တိမ်မည်းများက ဖိနှိပ်ချုပ်ချယ်သည့် အော်ရာများ ထွက်လာပြီး လူများကို လေးလံသည့် အလေးချိန်ဖြင့် ဖိချလိုက်သလို ခံစားရစေသည်။
မန်နေဂျာချန် ရုတ်တရက်လေအေးများ ရှုရှိုက်လိုက်ရသည်။
" ဒီအဘိုးအိုရဲ့ အကဲဖြတ်ချက်အရဆို ဒီဟင်းလျာက သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ထက်တောင် ပိုထူးခြားဆန်းကြယ်ဦးမယ်..."
ဤစကားကို မူလျှို့အာ ကြားသောအခါ မျက်လုံးများအရောင်လက်လာသည်။
" ဒါက ပုဖန်က ထိုက်တန်တယ်ဆိုတာ ပြနေတာပဲ..."
ဂျိန်း...
အနက်ရောင် တိမ်တိုက်များက ၎င်းတို့အပေါ်တွင် ဆက်လက်၍ အုံ့မိုးနေသည်။
အဝေးတစ်နေရာမှ ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်ကိုဖြတ်သန်း၍ စားသောက်ဆိုင်ဆီသို့ ဦးတည်လာသည်။ လေထဲသို့ဖြတ်သန်းလာသည်နှင့် လေဟာပြင်သည် ကွဲအက်တော့မည်ဟု ထင်ရသည်။
" သူတို့ရောက်လာပြီ..."
ဦးလေးမူ လေးနက်သောအကြည့်ဖြင့် စားသောက်ဆိုင်လေးရှေ့တွင် ရပ်နေသည်။ သူ၏ အော်ရာကို မြှင့်တင်လိုက်ပြီး အဝေးကို စိုက်ကြည့်လျက် မျက်လုံးများမှ တောက်ပသော အလင်းတန်းများ ထွက်လာသည်။
ထိုနေရာမှ ငွေရောင်အလင်းတန်းများ မှိန်ဖျော့သွားကာ ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့်လူပေါင်းများစွာ လေပေါ်မှ လျှောက်လှမ်းလာသည်။
ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ ၁၅ဦးဖြစ်ပြီး သူတိူ့၏ခေါင်းဆောင် ထုံမူဟဲမှာ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူဖြစ်သည်။ သူတို့ထုတ်လွှတ်လိုက်သည့် ကြောက်စရာကောင်းသော အော်ရာက လူအတော်များများ အသက်ရှုမဝရန် ပြုလုပ်လိုက်ပြီး အသံပင် မထွက်ရဲကြတော့ပေ။
လူတိုင်း တုန်လှုပ်သွားကြသည်။
ဒါက သူကောင်းမျိုးမိသားစုတွေရဲ့ စွမ်းအားပဲ... သူတို့ကိုစော်ကားမိရင်တော့ ဒါမျိုးဖြစ်လာမှာပဲ...
ပုံမှန်အားဖြင့် စစ်မှန် မသေမျိုးနယ်ပယ်ကျင့်ကြံသူများသည် အပြင်စက်ဝိုင်းတွင် နည်းပါးပြီး လမ်းများပေါ်တွင် ပေါ်လာမည်မဟုတ်ပါ။ သို့သော် ယခု ထုံမိသားစုက ၎င်းတို့ထဲမှ ၁၆ယောက်ကို ချက်ခြင်းစေလွှတ်လိုက်သည် ။
ထုံမူဟဲ ငွေရောင်လှံကိုကိုင်လျက် လေထဲတွင် ပျံဝဲနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အလင်းတန်းများက ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့်အတွက် နဂါးများကဲ့သို့ ထင်ရသည်။
သူနှင့်မနီးမဝေးတွင် အခြားကျင့်ကြံသူ ၁၅ယောက်လည်း လေထဲတွင် ပျံဝဲနေကြသည်။
မူလျို့အာ၏ အဖွဲ့နှင့် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး ရှေ့တွင် ထိတ်တိုက်တွေ့ကြသည်။
" မသေမျိုးမီးဖိုချောင် အဆောက်အဦးက တားချင်နေတာလား..."
မေးစေ့ကို အနည်းငယ်မော့ထားလျက် ထုံမူဟဲ၏ မျက်လုံးများ အေးစက်လာသည်။ သူ၏ မာနကြီးသောအသံ လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များက မဲ့ပြုံးပြုံးလိုက်သည် ။
" ဒီနေ့ အဲ့ဒီသေမျိုးကို ဘယ်သူမှ ကာကွယ်လို့ မရဘူး... ငါ့ကိုလည်း လာမတားကြနဲ့..."
#
အခန်း ၉၈၄
အလျင်လိုနေသော ခွေးဘုရင်
ကောင်းကင်တွင် မည်းမှောင်နေသည့် တိမ်တိုက်များက အဆက်မပြတ် စုစည်းနေပြီး လူတိုင်းကို တုနှိုင်းမရသည့်ဖိအားများကို ပေးစွမ်းနေခဲ့သည်။
လျှပ်စီးနဂါးသည် ၎င်းတို့အပေါ်မှ ပျံဝဲနေပြီး စက္ကန့်တိုင်းတွင် ကောင်းကင်မှ ဆင်းသက်လာရန် အသင့်ဖြစ်နေပုံရသည်။
ထုံမူဟဲ ငွေရောင်လှံတစ်ချောင်းကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားကာ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသကဲ့သို့ ထူးခြားဆန်းကြယ် နေသည်။
ထိုအလင်းရောင်သည် ရှည်လျားသော ငွေရောင်နဂါးကြီးကဲ့သို့ ကောင်းကင်ကို လွှမ်းခြုံသွားကာ လူတိုင်း၏မျက်လုံးများကို အမှတ်တမဲ့ ကျုံ့သွားစေခဲ့သည်။
" မသေမျိုးမီးဖိုချောင် အဆောက်အဦးက ငါ့ကိုတားချင်နေတာလား..."
ထုံမူဟဲ မေးကိုမော့၍ မူလျှို့အာတို့အုပ်စုအား စ်ိတ်မဝင်စားသကဲ့သို့ ကြည့်နေပြီး သူ၏အသံထဲတွင်လည်း အထက်စီးဆန်မှုများ ပါဝင်နေသည်။
သူ့မှလွဲ၍ ငွေရောင်ချပ်ဝတ်တန်ဆာဖြင့် ကျင့်ကြံသူဆယ့်ငါးယောက်ရှိကာ သူတို့အားလုံးသည် စစ်မှန်မသေမျိုး နယ်ပယ်တွင် ရှိနေကြသည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးက သူတို့ကို ဘယ်လိုတားနိုင်မှာလဲ...
စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတိုင်းသည် ထည့်သွင်းစဉ်းစားရမည့် စွမ်းအားတစ်ခုဖြစ်ပြီး ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ပြောင်းနိုင်သည့် ထုံမူဟဲဆိုလျှင် ပြောစရာပင်မလိုချေ။
မသေမျိုးမီးဖိုချောင်အဆောက်အဦးက သူတို့ကို ဟန့်တားနိုင်မယ်လို့ ထင်နေတာ ဟာသတစ်ခုလိုပဲ...
တကယ့်ကို ဟာသတစ်ခုပင်...
ငွေရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူများကို ဦးလေးမူ မြင်သည်နှင့် တစ်ပြိုင်နက် ဆုတ်ခွာမည့် အတွေး သူ၏စိတ်ထဲတွင် ပေါ်လာသည်။
သူတစ်ဦးတည်းပင် ထုံမူဟဲကို မတားနိုင်သည့်အပြင် နောက်ထပ် ကျင့်ကြံသူ ၁၅ဦးလည်း ရှိနေသေးသည်။
ထုံမိသားစု၏ ကျင့်ကြံသူများ မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီး ၎င်းတို့၏ ချပ်ဝတ်တန်ဆာမှ တောက်ပသော ငွေရောင်အလင်းတန်းများ ထွက်နေသည်။
သူတို့အားလုံး၏ခန္ဓာကိုယ်မှ အဆုံးမရှိသော စွမ်းအားများစွာကို ထုတ်လွှတ်နေသည်။
" ဦးလေးမူ..."
ဦးလေးမူ ဆုတ်ခွာရန် တွေးနေစဉ်မှာပင် မူလျှို့အာ သူ့အနားမှနေ၍ မျက်ခုံးများတွန့်ချိုးလျက် ချိုသာသောအသံဖြင့် ခေါ်လိုက်သည်။ ထိုစကားလုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များကို ကြားနိုင်သည်။
မူလျှို့အာကို ခေါင်းငုံ့ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။
" ထားပါတော့ အိမ်တော်သခင်မလေးဖြစ်တဲ့ မင်းကိုလိုက်လျောလိုက်မယ်..."
ခဏအကြာတွင် ခေါင်းကိုမော့လိုက်ပြီး သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ဖောင်းတက်လာသည်။ မျက်လုံးထဲတွင်လည်း စူးရှသောအကြည့်တစ်ခု ပေါ်လာပြီး အဝေးမှ ထုံမူဟဲကို စိုက်ကြည့်နေသည်။
" ဒီနေ့ ထုံမိသားစုက သိုင်းပညာကို အရူးအမူးဖြစ်တဲ့ ထုံမူဟဲရဲ့စွမ်းအားကို သေချာတွေ့ကြုံရတော့မှာပေါ့..."
ဦးလေးမူ၏ ခေါင်းပေါ်ရှိ ဆံပင်များ တဖျပ်ဖျပ်လွင့်နေပုံသည် ဟင်းလင်းပြင်ကိုပင် ပျက်ပြယ်သွားတော့မလိုပင်။
ခဏအကြာ သူ၏လက်ထဲတွင် ဓားရှည်ကြီးတစ်လက် ပေါ်လာသည်။
ဓားကိုနှစ်ပိုင်းခွဲထားသည်။ ဓား၏အဖျားပိုင်းမှာ မီးခိုရောင်ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ အနက်ရောင်ဖြစ်သည်။
ထိုဓားရှည်မှာ သာမန်ဟူ၍ပင် ပြောနိုင်သည်။
ထုံမူဟဲ လှံရှည်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်လိုက်ပြီး ကောင်းကင်ထိအောင် အော်ရာများထုတ်လွှတ်နေသော ဦးလေးမူကို ကြည့်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းများတွန့်ကွေးသွားပြီး လှောင်ပြုံးပြုံးလိုက်သည်။
ကြည့်ရှု့နေကြသူများ လေအေးကို ရှုရှိုက်နေရသည်။
ထုံမိသားစုကိုတားဆီးရန် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ထွက်ခွာလာမည့်လူ ရှိလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။
သို့သော် သူတို့သုံးဦးတည်းဖြင့် ထုံမိသားစုကို မတားဆီးနိုင်သည်မှာ သိသာလှသည်။
" မင်းက အားနည်းလွန်းတယ်..."
ထုံမူဟဲ ဦးလေးမူကိုကြည့်၍ အေးစက်စွာ ရယ်လိုက်သည်။
သူ၏ စကားများတွင် ဦးလေးမူကို လှောင်ပြောင်မှုအား ထိန်းမထားနိုင်ပဲ သူ့အား ဒေါသပေါက်ကွဲသွားစေခဲ့သည်။
" မာနထောင်လွှားနေတဲ့ ကောင်လေး...ငါနဲ့ တိုက်ပြီးတော့မှ ငါအားနည်းလား မနည်းလားသိမယ်..."
ဓားရှည်ကြီး တစ်ချက်ခန့် အရောင်လက်သွားပြီးနောက် လှုပ်ရှားလိုက်သည့်အချိန်မှာပင် မြေပြင်တစ်ခုလုံး နှစ်ခြမ်းကွဲသွားပုံရသည်။
မြေပြင်ကွဲအက်သွားပြီး အပျက်အစီးများက နေရာအနှံ့ ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ် စွမ်းအားသည် အထိန်းကွပ်မဲ့ လွတ်မြောက်သွားသည်။
ဤသည်မှာ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူအများစု ထိတ်လန့်သွားသော်လည်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာနှင့် လူများလည်းရှိသည်။
ထုံမူဟဲသည်လည်း ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိနေသောကြောင့် နောက်ထပ်ဘာဖြစ်လာမည်ကို အမှန်တကယ် စိတ်အားထက်သန်စွာ ကြည့်ရှုခဲ့ကြသည်။ ကျင့်ကြံသူနှစ်ဦးကြား ပြင်းထန်သောတိုက်ပွဲကို တွေ့ကြုံရနိုင်မလားဆိုသည်ကို မည်သူမှ မသိခဲ့ကြပေ။
ထိုအချိန်တွင် မန်နေဂျာချန် မူလျှို့အာကို ခေါ်ပြီး အဝေးသို့ ဆုတ်ခွာသွားသည်။
ကျင့်ကြံသူနှစ်ဦး တိုက်ပွဲဝင်မည့် စစ်မြေပြင်သို့ သူတို့၏ အကြည့်များ ရောက်သွားကြသည်။
ရုတ်တရက်...
အားလုံး၏မျက်လုံးများ အရောင်တောက်လာသည်။
ခဏအကြာတွင် ဒေါသကြီးသော ငွေနဂါးကြီး သူတို့၏ မျက်လုံးရှေ့မှ ဖြတ်သွားသည်ကို မြင်လိုက်ရသကဲ့သို့ပင်။
လျှပ်စီးကဲ့သို့ လျင်မြန်သည်။
ထုံမူဟဲ စတင်လှုပ်ရှားလိုက်ပြီး လှံရှည်ဖြင့် ဦးလေးမူကို ထိုးလိုက်သည်။
တစ်ခဏချင်းတွင် လှံသည် နဂါးတစ်ကောင်၏အရှိန်ဖြင့် ရှေ့သို့ တိုးလာသည်။
ဦးလေးမူ သူ၏လက်ထဲက ဓားကို မထိန်းနိုင်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
တစ်ချက်လှုပ်ရုံဖြင့်...
ဦးလေးမူ ရှုံးသွားပြီလား
ထုံမူဟဲ၏ ကရုဏာကြောင့် မဟုတ်ပါက ဦးလေးမူ၏ခန္ဓာကိုယ်သည် လှံဖြင့်ပျက်စီးသွားပေလိမ့်မည်။
မန်နေဂျာချန်နှင့် မူလျှို့အာတို့ မျက်မှောင်ကြုတ်ကုန်ကြသည်။
သူတို့နှစ်ယောက်လုံးက ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူတွေပဲကို ကွာခြားချက်က ဘာလို့ ဒီလောက်ကြီးနေရတာလဲ...
သိုင်းပညာရှင်အရူးအမူး ထုံမူဟဲက တကယ်ကို သူ့နာမည်အတိုင်း နေတာပဲ...
သူ၏လက်ထဲတွင် ငွေရောင်လှံကို ကိုင်၍ ဖြည်းညှင်းစွာ လျှောက်လာပြီး ဦးလေးမူကိုကျော်သွားသည်။
ထုံမူဟဲ ဦးလေးမူကို တစ်ချက်မျှပင် မကြည့်ပေ။
ကြယ်နှစ်ပွင် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများတွင်လည်း ကွဲပြားသော အဆင့်များစွားရှိသည်။ ထုံမူဟဲသည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်၏ အထွဋ်အထိပ်ကို ရောက်နေသည့်အတွက် ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။
သိထားရမည်မှာ စစ်မှန်မသေမျိုးနယ်ပယ်တွင် အဆင့်တစ်ခု တိုးသွားတိုင်း ကွဲပြားခြားနားသော သန်မာမှုများရှိသည်။ ကျင့်ကြံသူ နှစ်ဦးကြားတွင် ကြယ်တစ်ပွင့် ကွာခြားမှုသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။
ထုံမူဟဲ သူ၏ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံမှုဖြင့် ဦးလေးမူကို ချက်ခြင်း အနိုင်ယူနိုင်ခဲ့သည်။
သူ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာ ပြသဖို့ လုံလောက်ပါတယ်...
ဒီတစ်ခါတော့ ထုံမိသားစုက တကယ်ကို လေးနက်နေတာပဲ...
ငွေရောင်ချပ်ဝတ်တန်ဆာနဲ့ စစ်မှန်မသေမျိုးနယ်ပယ်က ကျင့်ကြံသူ ၁၇ယောက်ကို ဘယ်သူက တားနိုင်မှာလဲ...
ထုံမူဟဲ မူလျှို့အာနှင့် မန်နေဂျာချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ကို သူစိတ်မဝင်စားပေ။ ထို့ကြောင့် မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးသို့ တိုက်ရိုက် လျှောက်သွားသည်။
အလွန် လျင်မြန်စွာဖြင့် ကြီးမားသော လူအုပ်ကြီး ဆိုင်ဝင်ပေါက်ကို ဝိုင်းထားလိုက်သည်။
" ဆိုင်ဝင်ပေါက်ကို ဖောက်ခွဲပစ်လိုက်စမ်း..."
ထုံမူဟဲ၏ အသံသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။
သူ၏နောက်မှ ငွေရောင်ချပ်ဝတ်တန်ဆာဖြင့် လူနှစ်ဦးခေါင်းငြိမ့်လိုက်ပြီး သူတို့၏ လှံရှည်များကို ထုတ်လိုက်ကြသည်။ လက်နက်များကို ဝှေ့ယမ်း၍ တံခါးဆီသို့ လှည့်ပတ်နေသော စွမ်းအင်များကို ပစ်လွှတ်လိုက်သည်။
အကယ်၍ ထိုလှံများ ပစ်မှတ်ကို ထိနိုင်ခဲ့ပါက ထိုတံခါး အစိတ်စိတ်အမြွာမြွှာ ဖြစ်သွားမည်မှာ သံသယဝင်စရာမလိုပေ။
သို့သော် လူအားလုံး ထိုပေါက်ကွဲသံကြီးကို ကြားရန် အဆင်သင့်ဖြစ်နေချိန်မှာပင်...
ကျယ်လောင်သော မြည်သံတစ်ခု သူတို့၏နားထဲ ပဲ့တင်လာသည်။
စားသောက်ဆိုင်၏ တံခါးဖြည်းညှင်းစွာ ပွင့်လာပြီး ပြောင်လက်နေသော ခေါင်းပြောင်ကြီးတစ်ခု အတွင်းမှ ထွက်လာသည်။
" မင်းတို့ ဘာတွေလုပ်နေကြတာလဲ ဘာတွေဖြစ်ကုန်လို့ အဲ့လောက်ဆူညံနေရတာလဲ လူတွေအေးအေးဆေးဆေး ထမင်းစားလို့ မရဘူးလား..."
မဟူရာနဂါးဘုရင် မျက်လုံးပြူး၍ ဒေါသတကြီး အော်ဟစ်နေသည်။
သို့သော် သူ၏ပါးစပ်မှ ထိုစကားများ ထွက်သွားချိန်တွင် သူ၏ဘေးနားရှိ လူများ၏ ထိတ်လန့်နေသော မျက်နှာ အမူအရာများကို တွေ့လိုက်ရသည်။
သူ့ဆီသို့ ချိန်ရွယ်ထားသော လှံရှည်များကို မြင်ပြီး သူ၏ အေးစက်နေသော ခေါင်းပြောင်ကြီးကို အတွင်းသို့ ပြန်ဝင်ပြီး တံခါးဆောင့်ပိတ်လိုက်သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တံခါးပေါ်သို့ လှံများ ကျရောက်လာသည်...
သို့သော် သူတို့မျှော်လင့်ထားသည့် ပျက်စီးမှုမှာ ဖြစ်မလာပေ။
တံခါးတွေက လှုပ်တောင်မလှုပ်ဘူး...
အစိမ်းရောင် မီးခိုးငွေ့များ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်နှင့်အမျှ တံခါးများ လုံး၀ မပျက်စီးဘဲ ရှိနေခဲ့သည်။
တံခါးကို လူတိုင်း မယုံကြည်နိုင်သည့် အကြည့်များနှင့် ငေးစိုက် ကြည့်နေကြသည်။
တံခါးကို တိုက်ခိုက်ခဲ့သည့် လူများမှာ ကြယ်တစ်လုံးအဆင့် စစ်မှန်မသေမျိုးနယ်ပယ်မှ ကျင့်ကြံသူများဖြစ်သည်။ တံခါးက မပျက်စီးသွားဘူးဆိုတာ ဖြစ်နိုင်လို့လား...
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်မှ ကျင့်ကြံသူနှစ်ဦးလုံး အံ့ဩပြီး မျက်လုံးသူငယ်အိမ် ကျဉ်းသွားကြသည်။
၎င်းတို့၏ ကျင့်ကြံမှုအခြေခံကို အပြည့်အဝအသုံးချခဲ့သော်လည်း ခြစ်ရာပင် မကျန်ခဲ့ပေ။ သူတို့၏ တိုက်ခိုက်မှုများသည် တောင်တစ်တောင်ကိုပင် အပေါက်ဖောက်နိုင်သည်။
သူတို့၏အထက်မှ ဖိနှိပ်ချုပ်ချယ်မှု အော်ရာ ပိုမိုအားကောင်းလာခဲ့သည်။ မိုးကြိုးပြစ်ဒဏ်သည် အောက်သို့ အချိန်မရွေးကျဆင်းလာမည့် ပုံပေါ်နေသည်။
ထုံမူဟဲ သက်ပြင်းရှည်ကြီးချကာ မျက်မှောင်ကြုတ်ထားသည်။
ခဏအကြာတွင် ခြေလှမ်းလိုက်ပြီးနောက် ငွေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသွားသည်။
သူ၏လက်ထဲတွင် ငွေရောင်လှံရှည်ကို မြဲမြံစွာကိုင်၍ စားသောက်ဆိုင်တံခါးဝကို ချိန်ရွယ်ထားသည်။
ငွေရောင်နဂါးကြီးသည် ကောင်းကင်ကို ဆုတ်ဖြဲကာငွေရောင်အလင်းတန်းများ လင်းလက်သွားပြီး စားသောက်ဆိုင်ဆီသို့ ပျံသန်းလာမည်ဟုပင် ထင်ရသည်။
ရုတ်တရက် တိုက်ခိုက်မှုဖြစ်တော့မည့် အချိန်တွင်...
တင်းတင်းကြပ်ကြပ်ပိတ်ထားသော စားသောက်ဆိုင်တံခါးများ တစ်ဖန်ပြန်ပွင့်လာသည်။
အမြှီးကို လှုပ်ရမ်းနေသော ခွေးနက်တစ်ကောင်သည် ကြောင်ကဲ့သို့ လှပသော ခြေလှမ်းများဖြင့် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။
အားလုံး အံ့ဩသွားသည်။
ခွေးတစ်ကောင်လား...
ဘာလို့ စားသောက်ဆိုင်က ခွေးတစ်ကောင်ကို လွှတ်လိုက်တာလဲ...
သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ လက်လျှော့လိုက်တာလား...
ကြောင်ကဲ့သို့ လမ်းလျှောက်နေသော ခွေးကိုကြည့်၍ လူအများစု မထိန်းနိုင်ပဲ လှောင်ရယ်နေကြသည်။
ထုံမူဟဲ ဇဝေဇဝါဖြစ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှုကာ မေးလိုက်သည်။
" ဘာလို့ ဒီမှာခွေးတစ်ကောင် ရှိနေတာလဲ... ဦးလေး ၃ကိုသတ်လိုက်တဲ့ ခန့်ညားတဲ့ကောင်လေး ရှိနေသင့်တာ မဟုတ်ဖူးလား..."
ယခင်က ထုံမိသားစုမှ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူနှစ်ဦးသည် ခန့်ညားသောလူတစ်ယောက်၏ ရိုက်ချက်တစ်ချက်တည်းဖြင့် သေဆုံးခဲ့ရဖူးသည်။
သူ၏မစ်ရှင်ကို အောင်မြင်ခြင်းထက် ထုံမူဟဲ၏ အခြားရည်ရွယ်ချက်တစ်ခုမှာ ထိုခန့်ညားသောလူကို ရှာရန်ဖြစ်သည်။
ခွေးဘုရင် စားသောက်ဆိုင်ရှေ့ရှိ ကျောက်လှေကားထစ်များဆီသို့ ကြောင်ကဲ့သို့ လှပသော ခြေလှမ်းများဖြင့် လှမ်းလာသည်။
" တိုးတိုးနေကြစမ်းပါ... အသားနီနှပ်ကို ပြင်ဆင်တာရဲ့ အရေးကြီးဆုံးအပိုင်း ရောက်နေပြီ ပြဿနာမရှာကြနဲ့..."
ခွေးဘုရင်၏ မျက်လုံးများ ပိတ်လုနီးပါးဖြစ်နေပြီး ပျင်းရိသောအသံဖြင့် သမ်းဝေကာ ပြောလိုက်သည်။
သူ၏ပါးစပ်မှ ထိုစကားများ ထွက်လာသောအခါ အားလုံးငြိမ်သက်ပြီး အံ့အားသင့်သွားသည်။
ဘာတွေဖြစ်ပျက်နေတာတုန်း...
တင်းမာမှုများ ဖြစ်ပွားနေပြီး မည်သည့်အချိန်မဆို တိုက်ပွဲဖြစ်သွားနိုင်သည့် အခိုက်အတန့်တွင် စားသောက်ဆိုင်ထဲမှ ခွေးတစ်ကောင် ထွက်လာရုံသာမက ထိုခွေးသည် အိပ်ငိုက်နေပြီး အားလုံးကို ပြဿနာမရှာရန် ပြောနေသည်။
မင်းတို့တွေက တကယ်ရယ်ရတာပဲ..
ရုတ်တရက် ငွေရောင်လှံမှ ငွေရောင်နဂါးကြီးအဖြစ်သို့ ပြောင်းသွားပြီး ခွေးနက်ဆီသို့ သွားနေသည်...
လူအားလုံး ရင်တုန်သွားကြသည်။
ခဏအကြာတွင် သူတို့အားလုံး ခွေးတစ်ကောင်သေနေသော သွေးထွက်သံယိုမြင်ကွင်းကို ကြည့်ရတော့ပေမည်။
ခွေးဘုရင် သူ့ဆီသို့လာနေသော ငွေရောင်လှံကို တစ်ချက်ကြည့်၍ လက်ဖဝါးကို မြှောက်လိုက်သည်။
ခွေးဘုရင် လက်ဖဝါးကိုမြှောက်ပြီး ပေါ့ပါးစွာ တစ်ချက်ရိုက်လိုက်သည်။
ထုံမူဟဲ တစ်ကိုယ်လုံးတုန်ယင်သွားပြီး သူဘာကို မြင်လိုက်ရသည်ကို မယုံကြည်နိုင်ပေ။
သူ၏လှံရှည်သည် ခွေးတစ်ကောင်၏ လက်ဖဝါးဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။
ဝုန်း...
ခွေးဘုရင် တစ်ချက်တည်းနှင့် ထိုငွေရောင်လှံကို အစိတ်စိတ်အမြွာမြွှာ ပြုလုပ်လိုက်သည်။ ထုံမူဟဲ သို့မဟုတ် မည်သူဖြစ်ဖြစ် သူဂရုမစိုက်ပေ။ ခေါင်းမော့ပြီး ကောင်းကင်ကိုသာ ကြည့်နေသည်။
မိုးကြိုးနဂါးကြီး အဝေးတစ်နေရာတွင် ဟိန်းဟောက်နေသည်။
ဂျိန်း...
မြေကြီးများ စတင်လှုပ်ခါလာသည်။
ထို့နောက် စားသောက်ဆိုင်ထဲမှ ဧရာမပုံရိပ်ကြီးတစ်ခု ထွက်လာပြီး လူတိုင်း၏ မျက်လုံးထဲတွင် အလင်းရောင် တဖျပ်ဖျပ် လင်းထိန်သွားခဲ့သည်။
ထိုအရာသည် ဝှိုက်တီမှလွဲ၍ အခြားသူမဟုတ်ပေ။
ဝှိုက်တီ ပေါ်လာသည့်အခိုက်တွင် လျှပ်စီးကြောင်းများက ၎င်း၏ကိုယ်ခန္ဓာတစ်ဝိုက်တွင် ကခုန်နေပြီး ၎င်း၏နောက်ကျောရှိ သတ္တုတောင်ပံများ လွင့်ပျံလာသည်။
...
မီးဖိုချောင်ထဲတွင် ပုဖန်၏ စိတ်စွမ်းအင်သည် မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ ဟင်းလျာနှင့် ပွတ်တိုက်မိသွား၍ လှိုင်းဂယက်များ ထနေသည်။
လေထဲသို့ အငွေ့များ တက်လာသည်နှင့်အမျှ ပေါင်းအိုးမှ ထွက်လာသော ရေပွက်သံများကို ကြားရနိုင်သည်။
ခဏအကြာတွင် ပုဖန်မျက်လုံးမဖွင့်မီ မီးကိုငြိမ်းသတ်လိုက်သည်။
ရတနာရှစ်သွယ် ဝက်သားနီနှပ် ပြီးပြည့်စုံသွားပြီဖြစ်သည်။
မတ်တပ်ရပ်၍ လက်နောက်ပစ်ပြီး မဟူရာလိပ်ခုံးဒယ်အိုးရှေ့တွင် ရပ်လိုက်သည်။
ပေါင်းအိုးအဖုံးကို ဖြည်းညှင်းစွာ မလိုက်သောအခါ အတွင်းမှ အပူငွေ့များထွက်လာသည်။
အငွေ့များ ထွက်လာချိန် မီးဖိုချောင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ထိုအငွေ့များ၏ အလယ်ဗဟိုမှ ပတ္တမြားကဲ့သို့ အလင်းရောင်သည် အရပ်မျက်နှာအားလုံးကို ဖြန့်ကျက်နေသည်။
ဒါက အလွန်အကြူးကို လှပလွန်းတယ်...
ပုဖန် အဖုံးကို မလိုက်သောအခါတွင် မိုးခြိမ်းသံနှင့်အတူ ကောင်းကင်မှ မိုးကြိုးများ ကျဆင်းလာသည်။
၎င်းမှထွက်နေသော ဖိနှိပ်ချုပ်ချယ်မှု အော်ရာသည် အလွန်ပြင်းထန်သည်။
အားလုံးကြောက်လန့်ပြီး အမြန်နောက်ဆုတ်သွားကြသည်။
မိုးကြိုးပြစ်ဒဏ်ကိုရင်ဆိုင်ရသူတိုင်းသည် သူတို့၏နှလုံးသားထဲတွင် ရိုသေလေးစားမှုတစ်ခု ရရှိခဲ့သည်။
အလင်းရောင်သည် ဧရိယာတစ်ခုလုံးကို ဖြည်းညင်းစွာ ပြည့်လျှံနေပြီး မျက်စိကျိန်းမတတ်ပင်။
မသေမျိုးစွမ်းအင်လှိုင်းလုံးများက နဂါးငယ်လေးကဲ့သို့ ပန်းကန်လုံးတစ်ဝိုက်တွင် လှည့်ပတ်နေသည်။
ပန်းကန်လုံးထဲတွင် ပတ္တမြားနှင့်တူသော ရတနာရှစ်သွယ် ဝက်သားနီနှပ်သည် တောက်ပနီမြန်းသော အရောင်ကို ထုတ်လွှတ်ပေးနေသည်။
စားသောက်ဆိုင်ရှေ့ရှိ အဖြစ်အပျက်များကို ပုဖန် အာရုံခံနိုင်သော်လည်း ခွေးဘုရင်ရှိနေသဖြင့် စိတ်ပူရန်မလိုပေ။
ကြွေပန်းကန်လုံးကို လက်ထဲတွင်ကိုင်ပြီး မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
ကလင်...
တံခါးတွင် ချိတ်ဆွဲထားသောခေါင်းလောင်းမှ မြည်သံထွက်ပေါ်လာသည်။
စားသောက်ဆိုင်တစ်ဝိုက်တွင် မွှေးကြိုင်သောရနံ့များ ပျံ့လွင့်နေပြီး အလင်းရောင်သည် နေရာတိုင်းတွင် တောက်ပနေသည်။
ပုဖန် ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်သည်။
ပန်းကန်ထဲက အသားများ၏ ရနံ့သည် ကျောက်မျက်များနဲ့ ထွင်းထုထားသကဲ့သို့ တောက်ပပြီး အလင်းဖောက်နိုင်နေသည်။
ငရဲဘုရင်အာဟ မျက်မှောင်ကြုတ်လိုက်ပြီး လေထဲတွင်ပြန့်နှံ့နေသော အံ့ဩဖွယ်ရနံ့ကို ရှုသွင်းပြီးနောက် သူ၏ပါးစပ်ထောင့်မှ သွားရည်များစီးကျလာသည်။
မဟူရာနဂါးဘုရင်နှင့် ပန်းပွင့်လေးတို့ မျက်လုံးများ အရောင်လက်သွားသည်။
ဟင်းလျာမှာ ပြီးပြည့်စုံပြီး မိုးကြိုးပြစ်ဒဏ်လည်း ကျဆင်းလာပြီဖြစ်သည်။
ထိုအချိန် စားသောက်ဆိုင်အပြင်ဘက်တွင် ထူထပ်နေသော တိမ်မည်းများမှ မိုးကြိုးပစ်ချလိုက်သည်။
ထို့နောက် လူတိုင်း၏ မျက်စိရှေ့တွင် ထိုသံရုပ်သေးရုပ်လေးသည် ကောင်းကင်ထိပျံတက်သွားပြီး ထိုမိုးကြိုးကို ဝါးမျိုလိုက်သည်။
လူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြီ သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် မယုံကြည်မှုများ ပြည့်နေသည်။
ဝုန်း...
ဝှုက်တီ မြေကြီးပေါ်သို့ ပြန်ဆင်းလာသောအခါ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စီးများ ကခုန်နေသည်။
ခွေးဘုရင်၏ ဘေးတွင်ရပ်နေသောအခါ မျက်လုံးများအရောင်လက်နေသည်။ ထိုနေရာတွင် ရပ်နေရုံနှင့်ပင် ကြောက်စရာကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
" အိုး... အနံ့အရမ်းမွှေးတာပဲ အနံ့က ပြင်းလွန်းလို့ အပြင်ကိုတောင် ရောက်လာတယ် ကြည့်ရတာ အသားနီနှပ် ကျက်ပြီထင်တယ် ခွေးဘုရင်တော့ မစောင့်နိုင်တော့ဘူး..."
ချက်ချင်းပင် အံ့ဩနေသော အမူအရာနှင့် ငွေရောင်သံချပ်ကာဝတ်ထားသော အစောင့်များကို ကြည့်လိုက်သည်။
" ပြောစရာရှိရင် မြန်မြန်ပြော ငါ ခွေးဘုရင် အလျင်လိုနေပြီ..."
ခွေးဘုရင် စိတ်မဝင်စားစွာ ပြောလိုက်သည်။
#
အခန်း ၉၈၅
ဟောင်သံတစ်ချက်နှင့် ငွေသံချပ်ကာဝတ်အစောင့် ဆယ့်ငါးဦး
မင်းမှာပြောစရာ တစ်ခုခုရှိရင် မြန်မြန်ပြောတဲ့လား...
ဒီခွေးက တကယ်ကို ရူးနေတာပဲ...
သူဘယ်သူနဲ့ ရင်ဆိုင်နေရတာလဲတောင် သိရဲ့လား... သူအလျင်လိုနေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ...
ဘယ်ကို အလောတကြီးသွားဖို့ လိုနေတာလဲ...
ခွေးဘုရင်၏ နှုတ်မှထွက်လာသော စကားများကိုကြား၍ အားလုံး ထိတ်လန့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စကားပြောနိုင်သည့် ဝိညာဉ်သားရဲ မြောက်များစွာ ရှိသည့်အတွက် စကားပြောနိုင်သောခွေးသည် ထူးထူးခြားခြားမဟုတ်ပေ။ သို့သော် စကားမပြောနိုင်သော သားရဲများလည်း ရှိကြသည်။
သို့သော် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ဦးကို အလျင်လိုနေသည်ဟု ပြောသောခွေးမျိုးသည် အလွန်ထူးဆန်းသည်။
ဒီခွေးက သူသေဖို့အတွက် အလျင်လိုနေတာလား...
သင်းပျံ့သောရနံ့ လေထဲသို့ ပျံ့လွင့်လာပြီး အနံ့ခံမိသောလူတိုင်း အနည်းငယ် လှုံဆော်ခံလိုက်ရသည်။
မူလျှို့အာ မန်နေဂျာချန်ကို ကူညီ၍ စားသောက်ဆိုင်အ၀င်ဝကို ဖြတ်သွားကာ ပြင်းထန်စွာ ဒဏ်ရာရနေသော ဦးလေးမူကို သူတို့နှင့်အတူ ခေါ်ဆောင်လာခဲ့သည်။
ခွေးဘုရင် သူတို့သုံးဦးကို ဝင်ခွင့်မပြုခင် တစ်ချက်ကြည့်၍ " ဟမ့်..." ဟူသောအသံပြုလိုက်သည်။ အစောပိုင်းတွင် သူအိပ်ပျော်နေသော်လည်း သူတို့သုံးဦး ဘာလုပ်ပေးခဲ့သည်ကို သိသည်။
" ဝင်သွားကြ... ခွေးဘုရင်က မင်းတို့လုံခြုံရေးအတွက် သေချာအောင်လုပ်ပေးမယ်..."
ခွေးဘုရင်ပြောလိုက်သည်။
မူလျှို့အာ၏မျက်နှာ အေးခဲသွားသည်။
ဒီခွေးက ဘယ်လိုဟာသလုပ်ရမယ် ဆိုတာ သိတာပဲ...
မြို့တော်သခင်၏ သမီးဖြစ်သည့်အတွက် ထုံမူဟဲ သူမကို မသတ်ရဲသည်ကိုသိ၍ မူလျှို့အာ သူမအသက်အတွက် စိတ်မပူပေ။
သူမကို သူတကယ် သတ်ခဲ့ပါက ထုံမိသားစုသည် ပြဿနာများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။
သူမ မွှေးရနံ့သင်းသင်းလေး ရသောကြောင့်သာ စားသောက်ဆိုင်ထဲသို့ ၀င်လာခဲ့ခြင်းဖြစ်သည်။
ထိုရနံ့ သူမ၏နှာခေါင်းသို့ ရောက်လာသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထို့ကြောင့် ဤသို့ဖြစ်စေခဲ့သည့် ဟင်းလျာကို ကြည့်ရှု့လိုခြင်းဖြစ်သည်။
ဤဟင်းလျာသည် ၎င်းက်ိုယ်တိုင် မိုးကြိုးပြစ်ဒဏ်ကို ဖြစ်ပေါ်လာစေခဲ့သည်မှာ သံသယဝင်စရာပင် မလိုပေ။
ဤဟင်းလျာသည် မိုးကြိုးပြစ်ဒဏ်ကို သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ထက် ပို၍ဆွဲဆောင်ခဲ့သည်ဟု မန်နေဂျာချန် အစောပိုင်းက ပြောခဲ့သည်။ တစ်နည်းဆိုရသော် ဤဟင်းလျာသည် ယခင်က သူမြည်းဖူးသော ဖက်ထုပ်စွပ်ပြုတ်များထက်ပင် ပိုကောင်းသည်။
မူလျှို့အာ၏အဖွဲ့ စားသောက်ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရင်းနှီးသော အတွင်းပိုင်းအပြင်အဆင်သည် ၎င်းတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။
ဤစားသောက်ဆိုင်နှင့် ရင်းနှီးနေပြီဖြစ်သည့် မူလျှို့အာနှင့် မန်နေဂျာချန်တို့အတွက် အံ့အားသင့်စရာ မဟုတ်တော့ပေ။
တစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရရထားသော ဦးလေးမူသည် သွေးများအန်နေပြီး အလွန်စိတ်ဓာတ်ကျလာသည်။
သူ၏ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်နှာတွင် ခါးသီးသည့်အကြည့်တစ်ခု ပေါ်လာသည်။
ဒါက သူကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ စားသောက်ဆိုင်လား... ဒီလို သေးနုတ်တဲ့ဆိုင်လေးကြောင့် သူဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့တာတဲ့လား...
ထုံမူဟဲ၏ ကျင့်ကြံခြင်းသည် အလွန်သန်မာသည့်အတွက် လှံသွားတစ်ချက်ကြောင့်ပင် သူချေမှုန်းခံလိုက်ရသည်။
ဒါက သူ့ကို အရမ်းစိတ်ပျက်စေတယ်...
စားသောက်ဆိုင်ထဲတွင် မျက်လုံးများစွာက သူတို့သုံးဦး လမ်းလျှောက်လာသည်ကို လှည့်ကြည့်လိုက်ကြသည်။
မူလျှို့အာနှင့် မန်နေဂျာချန် သူတို့ကို ပြုံးပြလိုက်သည်။
ပုဖန် မီးဖိုချောင်အပေါက်ဝတွင် မျက်နှာသေဖြင့် ရပ်နေသည်။ သေလုမျောပါးဖြစ်နေသော အရပ်ရှည်ရှည်နှင့် သန်မာသော လူတစ်ယောက်ပင် သူတို့နှင့် ရှိနေသည့်အတွက် မူလျှို့အာနှင့် မန်နေဂျာချန်ကို ပဟေဠိဆန်သော အကြည့်ဖြင့်ကြည့်နေသည်။
ပန်းပွင့်လေးသည် ထိုင်ခုံပေါ်တွင် မတ်တပ်ရပ်၍ ခြေဖျားထောက်ကာ ပို၍မြင်ရအောင်ကြည့်နေသောကြောင့် သူမ၏ နူးညံ့သိမ်မွေ့သော ခြေသလုံးပေါ်ရှိ ကြွက်သားများပင် တုန်ရီနေသည်။
သို့သော် သူ၏ အာရုံမှာ စားပွဲပေါ်ရှိ ရတနာရှစ်သွယ် ဝက်သားနီနှပ်ဆီသို့ ရောက်သွားသဖြင့် ထိုပဟေဠိ ဆန်သောအကြည့်လည်း ပျောက်သွားသည်။
သူမ၏ သုံးပန်လှမြွေမျက်လုံးများက စားပွဲပေါ်ရှိ ရတနာရှစ်သွယ် ဝက်သားနီနှပ်ကို ကြည့်ပြီး သူမ၏နူးညံ့သော ပန်းရောင်နှုတ်ခမ်းများမှ သွားရည်များကျနေသည်။
" အိုင်းယား အိုင်းယား... မင်းတို့ နဂါးဘုရင်ကို တော်တော်လန့်အောင်လုပ်တယ် ဒီနဂါးဘုရင်ရဲ့ခေါင်း ခန္ဓာကိုယ်ကနေ ဖြတ်ခံရတော့မလို့..."
မဟူရာနဂါးဘုရင် ခေါင်းပြောင်ကြီးကိုထိလျက် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေသည်။
မကြာသေးမီက စားသောက်ဆိုင်တံခါးကို သူ ခိုးကြောင်ခိုးဝှက် ဖွင့်လိုက်သောအခါတွင် စူးရှသောလှံရှည်များက သူ့ခေါင်းဆီသို့ ပြေးဝင်လာပြီး သူ၏ သေးငယ်၍အားနည်းသော နှလုံးသားကို လည်ချောင်းထဲမှ ခုန်ထွက်လုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းစွာဖြင့် သူ၏နောက်တွင်ရှိသော ခွေးဘုရင်က အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို သည်းမခံနိုင်တော့သဖြင့် ကြောင်နှင့်တူသော လှပသည့် ခြေလှမ်းများကို လျင်မြန်စွာ လှမ်းကာ စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။
မဟူရာနဂါးဘုရင် တစ်ချိန်တည်းတွင် တစ်ဖက်လူများ၏ ကံဆိုးမှုအတွက် ပီတိဖြစ်၍ ပျော်ရွှင်ကြည်နူးနေသည်။ အပြင်ဘက်ရှိ အရူးတစ်သိုက်သည် စိတ်ပျက်အားငယ်စရာ တွင်းနက်ကြီးထဲသို့ ပြုတ်ကျတော့မည်ဖြစ်သည်။
သူ၏သမီးနှင့် မကြာခဏ ရှုပ်နေသော်လည်း ဤခွေးသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော သတ္တဝါဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။ အလွန်အံ့ဩစရာကောင်းသည့်အတွက် ကောင်းကင်ကိုပင်ဆုတ်ဖြဲပြီး မြေကြီးကိုလည်း အက်ကွဲသွားစေလိမ့်မည်။
ငရဲဘုရင်အာဟ၏ မျက်လုံးထဲတွင် ရတနာရှစ်သွယ် ဝက်သားနီနှပ်သာ ရှိနေသည်။ သူ၏ပါးစပ်ထဲမှ ရှူးရှဲအစပ်ချောင်း စားပွဲပေါ်သို့ ပြုတ်ကျသွားသည်မှာ ကြာပြီဖြစ်သည်။
" ပုဖန် ဒီအသားနီနှပ်က ဘာလို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ..."
နယ်သာရီ ထို ရတနာရှစ်သွယ် ဝက်သားနီနှပ်ကို သူမ၏ အနက်ရောင်မျက်လုံးများထဲတွင် စွဲကပ်နေကာ ထိုင်ချလိုက်သည်။ သူမ၏ အနီရောင်နှုတ်ခမ်းများ တုန်ယင်နေပြီး တောင့်တနေသည့် အကြည့်များက သူမ၏ပြိုင်ဘက်ကင်းလှပေသော မျက်နှာပေါ်တွင် ပေါ်လာသည်။
မူလျှို့အာသည်လည်း စားပွဲပေါ်တွင် တင်ထားသော ဟင်းလျာကို မြင်သည်။
သင်းပျံ့သောရနံ့သည် လေထုကို လွှမ်းခြုံကာ နေရာတိုင်းတွင် သူမကို ဝန်းရံထားသည်။ ၎င်းသည် သူမ၏အာရုံများကို အဆုံးမရှိ နှိပ်စက်ခဲ့ပြီး သူမ၏ မသိစိတ်က စားပွဲဆီသို့ ဦးတည်သွားခဲ့သည်။
မန်နေဂျာချန် လေအေးများ ရှုရှိုက်လိုက်သည်။
" မသေမျိုးစွမ်းအင်က တော်တော်သိပ်သည်းနေတာပဲ အနံ့ကလည်း တော်တော်ပြင်းထန်တယ် ဒီအသားနီနှပ်က အနုပညာလက်ရာတစ်ခုလိုပဲ ဘယ်အရာကမှ သူ့ထက်ပိုပြီး မလှပနိုင်တော့ဘူး..."
ချီးမွမ်းစကားများ သူ၏နှုတ်မှ မရပ်တန့်နိုင်ပဲ ထွက်လာသည်။
ပုဖန်တွင် ပင်ကိုစွမ်းရည်ရှိသည်ကို မန်နေဂျာချန် ဝန်ခံရလိမ့်မည်။ သူ၏စွမ်းရည်များသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားလှသည်။
ထို့ကြောင့် အိမ်တော်သခင်မလေးက သူ့ကို ကာကွယ်ချင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒီလိုအေးစက်ပြီး ဘာသိဘာသာနေတဲ့ ဉာဏ်ကြီးရှင်ကို လိုအပ်နေတဲ့အချိန် ကူညီပေးတာပါ ပိုးထည်ပေါ်မှာ ပန်းပွင့်ထိုးပေးတာထက်ပိုပြီး သူ့ကိုလှုံဆော်ပေးနိုင်လိမ့်မယ်...
ဦးလေးမူ ကုလားထိုင်ပေါ်တွင်ထိုင်လျက် ဒဏ်ရာဒဏ်ချက်များကို တောင့်ခံနေရသည်။သူ၏လက်နှစ်ဖက်စလုံး စားပွဲပေါ်တွင် မှီပြီး မောဟိုက်နေသည်။
သို့သော် သင်းပျံ့သောရနံ့က သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်။
" မင်း စတော့မှာလား... "
ဦးလေးမူ ပုဖန်ကိုမကြည့်မီ အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။
သူ၏နှုတ်မှ စကားလုံးများ ထွက်လာသည်နှင့် အားလုံး၏အကြည့်များ သူ့ဆီရောက်လာသည်။
ပုဖန် သူ၏မျက်နှာပေါ်တွင် အံ့ဩသောအကြည့်ဖြင့် ဤလူကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။
" ခဏလေးပါ... ကျွန်တော်တို့ အဲ့ခွေးကို ခဏစောင့်ကြမယ်..."
အဲ့ခွေးကို စောင့်ဦးမယ်...
မူလျှို့အာ ဦးလေးမူနှင့် မန်နေဂျာချန်တို့ အံ့ဩသွားကြပြီး သူတို့၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။
ဟင်းလျာကို ပူနေတုန်း သုံးဆောင်သင့်တာ မဟုတ်ဖူးလား...
ထုံမူဟဲ ထိုခွေးကိုသတ်၍ စားသောက်ဆိုင်ထဲ ဝင်လာပါက မည်သူမှ ဤဟင်းလျာကို မြည်းစမ်းရန် အခွင့်အရေး ရလိုက်မည်မဟုတ်ပေ။
ဒီသေမျိုးစားဖိုမှူးက ရူးနေတာလား...
...
ထိုအချိန် စားသောက်ဆိုင်၏အပြင်ဘက်တွင် ခွေးဘုရင်၏စကားများက ထုံမူဟဲကို အလွန်ဒေါသထွက်စေခဲ့သည်။
ဒီလို ခွေးရူးတစ်ကောင်က သူ့ရှေ့မှာ ပြောင်ပြောင်တင်းတင်း သတ္တိရှိနေသလို ပြုမူရဲတယ်ပေါ့... သူဆိုတဲ့ ထုံမူဟဲက အလောင်းပင်လယ်ထဲမှာ တောင် ကိုယ့်လမ်းကိုယ်ရှင်းပြီး သွားတဲ့လူမျိုး... ဒီခွေးတစ်ကောင်ကို ဘာလို့ ကြောက်နေရမှာလဲ...
ယခင်က သူ မသေမျိုးမြို့တော်မှထွက်ခွာ၍ အဆုံးမဲ့စွန့်ပစ်မြေသို့ သွားပြီး ကြောက်မက်ဖွယ်သားရဲများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ သူ၏လက်ထဲတွင် သေဆုံးခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိသည်။
ဒီနေ့ သူတကယ်ကိုပဲ ခွေးတစ်ကောင်ဆီက ပျက်ရယ်ပြုခံလိုက်ရတယ်...
ထုံမူဟဲ လေအေးများ ရှုသွင်းလိုက်ပြီး သူ၏မျက်နှာတွင် စိတ်မပါလက်မပါ အကြည့်မျိုးပေါ်လာသည်။ သူ၏နောက်မှ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် လူကိုကြည့်ပြီး အမိန့်ပေးလိုက်သည်။
" သွား ငါ့ဖို့ ဒီခွေးကို သတ်ပေးစမ်း..."
ထိုခွေးဆီသို့ ချီတက်သွားသော အစောင့်နှစ်ဦး လေအေးများ ရှုရှိုက်လိုက်ရသည်။ သို့သော် သူတို့နှစ်ဦးလုံး ထုံမူဟဲ၏ အမိန့်ကိုနာခံပြီး တိုက်ခိုက်ကြသည်။
အဝေးမှနေ၍ ငွေရောင်အလင်းတန်းကဲ့သို့ လှံများဖြင့် ပစ်ခတ်လိုက်သည်။ သူတို့ ပစ်ခတ်လိုက်သည်မှာ လျင်မြန်လွန်းသည့်အတွက် ကြည့်ရှု့နေသူများ သေချာပင် မမြင်လိုက်ရပေ။
ကျယ်လောင်သော မြည်သံနှင့်အတူ ငွေရောင်လှံရှည်များ ပေါင်းစပ်ကာ နဂါးအသွင်ပြောင်းသွားသည့် အချိန်တွင် ကောင်းကင်၏ လိုက်ကာများ ကွဲအက်သွားသကဲ့သို့ ထင်ရသည်။ ၎င်းသည် ကောင်းကင်ကိုဖြတ်သန်း၍ ခွေးဘုရင်ဆီသို့လာနေသည်။
ခွေးဘုရင် စားသောက်ဆိုင်ရှေ့တွင်ရပ်၍ သမ်းဝေနေပြီး သူ၏အမြှီးများ လှုပ်ရမ်းနေသည်။
ကြောက်မက်ဖွယ်ကောင်းသော လှံရှည်အလင်းနဂါးကို ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှ ဂရုမစိုက်ပေ။
လက်ဖဝါးကိုမြှောက်ပြီး ဖြည်းညှင်းစွာ ထိလိုက်သည်။
ခဏအတွင်းမှာပင် လှံရှည်များလေထဲတွင် ရပ်တန့်သွားပြီး တစ်လက်မမှ မရွေ့တော့ပေ။
ငွေရောင်သံချပ်ဝတ်နှင့် လူနှစ်ဦး ထိတ်လန့်သွားပြီး လေအေးများ ရှုရှိုက်လိုက်သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ထုံမူဟဲလည်း မျက်လုံးများပြူးကျယ်သွားပြီး ခဏအကြာတွင် လူအားလုံး အသိစိတ်ပြန်ဝင်လာသည်။
ဒီခွေးက သာမန်မဟုတ်ဖူးပဲ...
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း မျဉ်းကြောင်းပေါ် ကခုန်နေရချိန်တွင် ထုံမူဟဲ များစွာ တွေ့ကြုံခဲ့ရသည်။ ဤအရာများကို သူဘယ်တော့မှ မှားမည်မဟုတ်ပေ။
ကနဦးအစတွင် ထိုခွေးကို သူအထင်သေးခဲ့မိသော်လည်း သူ၏လက်အောက်ငယ်သားနှစ်ဦး၏ ငွေရောင်လှံရှည်များကို ချေမှုန်းနိုင်စွမ်းရှိသောကြောင့် ၎င်းသည် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူသိလိုက်သည်။
မနေ့က သတင်းပို့မှုအရဆိုလျှင် ထိုခွေးသည် ဦးလေး ၃ကို သေသည်အထိ ရိုက်နှက်ခဲ့သူမဟုတ်ပေ။ ထိုလူနှင့် ရင်ဆိုင်ရပါကလည်း ထုံမူဟဲ စိုးရိမ်ကြောင့်ကြနေမည် မဟုတ်ပေ။
သူ၏ ဦးလေး ၃သည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိနေသော်လည်း သန်မာသည့် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။
ထုံမူဟဲပင် တစ်ချက်တည်းနှင့် ဦးလေး ၃ကို သတ်ပစ်နိုင်သည်။
သို့သော် ... ထိုခွေးသည် သူအား ထူးဆန်းသော ခံစားချက်တစ်ခု ပေးနေသည်။
ထုံမူဟဲ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ သူဂရုမစိုက်ပဲ မနေရဲတော့ချေ ထို့ကြောင့် လျင်မြန်စွာ အမိန့်ပေးလိုက်သည်။
" မင်းတို့အားလုံး သတိထားကြ... တစ်ချိန်တည်းမှာ ဝင်တိုက်..."
ပတ်ဝန်းကျင်မှ လူအားလုံးလည်း လေအေးများ ရှုရှိုက်နေရသည်။
ငွေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ ၁၅ယောက်က တစ်ကြိမ်တည်း ဝင်တိုက်မယ်တဲ့လား ခွေးတစ်ကောင်ကိုလေ...ထုံမူဟဲ ဘာလို့ဒီလောက် လေးနက်နေတာလဲ...
ငွေရောင် သံချပ်ကာဝတ် ကျင့်ကြံသူ ၁၅ယောက် တစ်ပြိုင်တည်းတိုက်တာ ဘယ်လိုမျိုးဖြစ်လိမ့်မလဲ...
နောက်ဆုံးတွင် သူတို့ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ရတော့မည် ဖြစ်သည်။
ကျွမ်းကျင်သူများ တစ်ဦးပြီးတစ်ဦး ခန္ဓာကိုယ်မှကြောက်စရာကောင်းသည့် အော်ရာများ ထွက်လာပြီး မကြာခင်မှာပင် သူတို့၏မူလဝိညာဉ်များက ဦးခေါင်းပေါ်တွင် ပေါ်လာသည်။
ဝီ...
ခဏအကြာတွင် ငွေရောင်တောက်နေသော လှံပေါင်းများစွာပေါ်လာပြီး ကောင်းကင်ကို အက်ကွဲစေသကဲ့သို့ ကောင်းကင်ဘုံမုဒ်ဦးကို ချိန်ရွယ်ပစ်ခတ်လိုက်သည်။
ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူ ၁၅ဦးသည် လှံရှည်များကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ စားသောက်ဆိုင် အပြင်ဘက်မှာ ရပ်နေသည့် ခွေးကို ချိန်ရွယ်ထားကြသည်။
သူတို့၏ ပါးစပ်မှ ကျယ်လောင်သော တိုက်ပွဲဟစ်ကြွေးသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ရန်လိုနေမှုသည် ထိုနေရာတွင် ရှိနေသူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေနိုင်သည်။
ထုံမူဟဲ ထိုမြင်ကွင်းကိုကြည့်ပြီး အလွန်အမင်း ကျေနပ်အားရနေသည်။ ဒါက သူကွပ်ကဲနေတဲ့ တပ်ပဲ...
သူတို့၏ အချက်အပြုတ်စွမ်းရည်သည် အလယ်အလတ်ဆိုသော်လည်း မသေမျိုးမြို့တော်ရှိ လမ်းများပေါ် သူတို့လျှောက်သွားသည့်အခါ သူတို့ကို ဘယ်သူမှ မထီမဲ့မြင်မပြုရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထုံမူဟဲ၏တပ်သားများ ဖြစ်သောကြောင့်ပင်။
သူတို့သည် အလောင်းတောင်ကိုတူတူတက်၍ သွေးပင်လယ်ကို သူနှင့်တူတူဖြတ်သန်းခဲ့သော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။
သူတို့အားလုံး လက်ရွေးစင် တိုက်ခိုက်ရေးသမားများဖြစ်ကြပြီး ၎င်းတို့သည် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများဖြစ်ကြသည်။ ယခင်က မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ စေလွှတ်ခဲ့သည့် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။
ဝုန်း... ဝုန်း... ဝုန်း...
အချို့ ငွေရောင်သံချပ်ဝတ်စစ်သည်များ မြေပြင်ပေါ်သို့ ဦးစွာဆင်းသက်လာပြီး မြေကြီးများပင် ကွဲအက်သွားစေသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲအစုအဝေးတစ်ခုလို ဖြစ်နေသော ခွေးဘုရင်ဆီသို့ သူတို့ အရှိန်အဟုန်ဖြင့် ချီတက်လာကြသည်။
လှံတစ်ချောင်း လွင့်ထွက်သွားသည်နှင့်အမျှ လေသည် ပေါက်ကွဲသွားပုံရသည်။
" သောက်ခွေးကောင် သေစမ်း..."
ကျင့်ကြံသူတစ်ယောက် အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူအချို့က ၎င်းတို့၏လှံရှည်များကို အံဝင်ခွင်ကျကိုင်ဆောင်ကာ ပျံသန်းနေသောဓားများအဖြစ်သို့ ပြောင်းလဲသွားကြပြီး ကောင်းကင်မှကျလာသော အလင်းတန်းများကဲ့သို့ ဆင်းသက်လာကြသည်။
အခြားသူများသည် ၎င်းတို့၏ လှံရှည်များကို ဝှေ့ယမ်းကာ လှံမှအလင်းရောင် အမြောက်အမြားကို ရေတံခွန်ကဲ့သို့ ပြိုကျစေခဲ့သည်။
လူတိုင်း အံ့သြတကြီး အော်ဟစ်နေကြသည်။
မသေမျိုးမြို့တော်မှ မြို့သားများအတွက် မသေမျိုးစားဖိုမှူးအဖြစ် အဆင့်မြှင့်တင်ရန် ချက်ပြုတ်ခြင်းပညာရပ်တွင်သာ စိတ်နှစ်မြှုပ်ထားသောကြောင့် ဤမြင်ကွင်းသည် သူတို့အတွက် မယုံနိုင်စရာပင်။
ဤကဲ့သို့ ကြောက်မက်ဖွယ် သတ်ဖြတ်မှုများကို တွေ့ကြုံခံစားရန် အခွင့်အရေး အလွန်ရှားပါးလှသည်။
ထိုအရာများက တိုက်ပွဲစစချင်းမှာပင် သူတို့အားလုံး စိတ်လှုပ်ရှားသွားရသည့် အကြောင်းရင်းပင်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေကြပြီး ထိုမြင်ကွင်းကို မျှော်လင့်တကြီးကြည့်ရှု့နေကြသည်။
" သတ်ကြစမ်း..."
" ထုံမျိုးနွယ်ရဲ့ ငွေရောင်သံချပ်ဝတ် တပ်သားတွေကို ရပ်တန့်လို့ မရဘူး..."
" လာကြစမ်းပါ... မင်းတို့တွေက အကောင်းဆုံးပဲ..."
ငွေရောင်သံချပ်ကာနှင့် အစောင့်များ၏ စွမ်းအားကြောင့် ပရိသတ်များ စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ အားပေးမှုကို ပြသရန် လျင်မြန်စွာ ကြွေးကြော်ခဲ့ကြပြီး သူတို့ကိုယ်တိုင် သတိမထားမိဘဲ ထိုအစောင့်များကို အားပေးခဲ့မိကြသည်။
ထုံမူဟဲ ငွေရောင်လှံကြီးကို ကိုင်ဆောင်ထားပြီး သူ၏ အနီရောင် ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။
သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ အော်ပြောလိုက်သည်။
" ဒါမှ ငါ့တပ်သားတွေ..."
...
စားသောက်ဆိုင်ထဲမှ လူအားလုံး ကြည့်ရှု့သူများ၏ အော်သံများကို ကြားနေရသည်။
မူလျှို့အာ၏အဖွဲ့ မျက်နှာတွင် ကြည့်ရဆိုးသော အမူအရာများ ဖြစ်ပေါ်နေသည်။
ဦးလေးမူ မျက်လုံးများမှေးလျက် ပြောလိုက်သည်။
" အကုန်လုံးပြီးသွားပြီ သူတို့က လက်ရွေးစင်ထဲက လက်ရွေးစင်တွေပဲ ဒီစားသောက်ဆိုင်တော့ အဆုံးသတ်ပြီ..."
မူလျှို့အာ၏မျက်နှာ ဖြူဖျော့သွားသည်။
မြို့တော်အရှင်သခင်၏ သမီးအနေဖြင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို သူမ မမြင်ဖူးပေ။ ငွေရောင်သံချပ်ကာဝတ် အစောင့်များ၏ အင်အားက သူမကို ထိတ်လန့်စေသည်။
အမှန်တကယ်တွင် သူမ ဦးလေးမူကို တားစေချင်သော်လည်း ထိုအရာမှာ ရယ်စရာကောင်းသော တောင်းဆိုချက် တစ်ခုပင်။
" ငါတို့ မြန်မြန်စားမှရမယ်... မဟုတ်ရင် စားဖို့ အခွင့်အရေး ထပ်မရှ်ိတော့ဘူး..."
ဦးလေးမူ ပြောလိုက်သည်။
ကြောက်စရာကောင်းသော ငွေရောင်သံချပ်ကာဝတ်တပ်သားများက သူ့ကို ကြောက်ရွံစေသော်လည်း ရှေ့တွင်ရှိသော အသားနီနှပ် ၏ သွေးဆောင်မှုကို မခံနိုင်သောကြောင့် အကြံဉာဏ်ကို အမြန်ပေးလိုက်သည်။
" အလျင်စလို မလုပ်ပါနဲ့ ခွေးကိုစောင့်လိုက်ဦး..."
ပုဖန် လျစ်လျူရှု့ကာ ပြောလိုက်သည်။ မူလျှို့အာ အန်ကယ်မူနှင့် မန်နေဂျာချန်တို့ အံ့အားသင့်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင်လည်း မည်သူတစ်ဦးတစ်ယောက်၏ မျက်နှာတွင်မျှ ကြောက်လန့်သည့် အမူအရာ မရှိသည်ကို သတိထားမိကြသည်။
အဲ့ဒီခွေးကို ဒီလောက်တောင် ယုံကြည်တာလား...
...
စားသောက်ဆိုင်၏ အပြင်ဘက်
လေများတိုက်ခတ်နေပြီး အဆုံးမဲ့ ဟိန်းဟောက်သံကြောင့် အရိုးများပင် အေးစက်ကုန်ကြသည်။
ခွေးဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများ လေထဲတွင် ဝေ့ဝဲနေပြီး သူ့ဆီသို့ ငွေရောင်သံချပ်ကာနှင့် ကျင်ကြံသူ ၁၅ဦး ချီတက်လာသည့် ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို သဘောကျစွာ ကြည့်နေသည်။
ခွေးဘုရင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး နူးညံ့သော ရယ်သံတစ်ခု လည်ချောင်းမှ ထွက်ပေါ်လာသည်။
ခဏအကြာ သူတည့်တည့် ရပ်လိုက်သောအခါ ဝမ်းဗိုက်မှ အဆီများ တွဲကျနေသည်။
ရှေ့သို့ ကြည့်၍ ကျယ်လောင်စွာ ဟောင်လိုက်သည်။
ထိုဟောင်သံသည် ညနေခင်းဗုံသံနှင့်တူပြီး လူတိုင်း၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံ တစ်ခုဖြစ်နေသည်။
ခြင်္သေ့ဟိန်းဟောက်သံနှင့် နဂါးအော်သံကဲ့သို့ပင် မြေကြီးအား တုန်လှုပ်ပြီး နားကန်းမတတ် ဖြစ်စေသည်။
ပေါက်ကွဲသံများကို ပတ်ဝန်းကျင်တွင် ကြားနေရသည်။
အားလုံး၏ မျက်နှာသည် မပြောင်းလဲပေ။
ထိုဟောင်သံကိုကြားပြီး ထုံမူဟဲ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။