311 - 315

409 31 1
                                    

Chapter 311: “လှပသော အဆင့်မြင့်နတ်ဆရာမ”
ပိုင်ရှင် ။ ။ပုဖန်
ကျင့်ကြံခြင်းအဆင့်....... "အဆင့်(၆) အရာဝတ္တုများကို အတွင်းအားဖြင့်စုဆောင်းနိုင်သော အဆင့်သို့ရောက်ရှိ၊ ဤဆန်းကြယ်သော ကမ္ဘာ၏ ဟင်းချက်နတ်ဘုရားအဖြစ် အရသာရှိသောဟင်းလျာများကို ချက်ပြုတ်ရန် မီးဖိုချောင်ပစ္စည်းများကို စွမ်းအင်အစစ်အမှန်ဖြင့်စုဆောင်းနိုင်သည်။ ကြိုးစားပါလူငယ်လေး"
အချက်အပြုတ်စွမ်းရည် : ကြယ်နှစ်လုံး
အခြားစွမ်းရည် : အဆင့်(၂) ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာ(၁၀၀/၁၀၀)၊ အဆင့်(၁) ခုနှစ်စင်ကြယ်အသားလွှာထွင်းထုခြင်းနည်းစနစ်
လက်နက် : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား(နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း)၊မဟူရာလိပ်ခုံးဒယ်အိုး ၊ (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း)
ဟင်းချက်နတ်ဘုရားအဆင့် သတ်မှတ်ချက် : ဂျူနီယာစာဖိုမှူး ( သင်၏ဟင်းချက်ခြင်းအနုပညာမှာ စတင်ထူးချွန်ဆဲအခြေအနေတွင်ရှိ၊ သင်၏စွမ်းရည် စတင်မျက်နှာပန်းပွင့်၊ ခုတ်ထစ်လှီးဖြတ်ခြင်းနှင့် ထွင်းထုခြင်းနည်းစနစ်မှာ မြင့်သောအဆင့်သို့ရောက်ရှိပြီး ဟင်းချက်နတ်ဘုရားဖြစ်နိုင်မည့်လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိ)
စနစ်အဆင့် : ကြယ်ခြောက်လုံး ( ပြောင်းလဲခြင်းအချိုး (၉၀)% ၊ ပိုင်ရှင်သည် ဟင်းချက်အမယ်များအား ထုတ်ယူခွင့်ပြုသည်၊ တပည့်မွေးခွင့်ရှိသည်။)
ပုဖန်သည် နေရာတွင် မားမားမတ်မတ်ရပ်နေပြီး လက်များကို အနည်းငယ်မြှောက်လိုက်၏။ စနစ်၏ဘောင်ကွက်မှာ သူ့အတွေးထဲတွင် တဖြတ်ဖြတ်ဖြစ်နေပြီး ပုဖန်က ဘောင်ကွက်ပေါ်မှ အသေးစိတ်အချက်အလက်များကို အသေအချာလေ့လာနေသည်။
သူ၏ကျင့်ကြံခြင်းအဆင့်မှာ ဤအလုပ်မှရရှိသော သလင်းကျောက်အရေအတွက် မပြည့်စုံသည့်အတွက် အဆင့်မတက်နိုင်သေးပေ။ သို့သော် ပုဖန်ကဂရုမစိုက်။ စနစ်၏ဘောင်ကွက်တွင် မဟူရာလိပ်ခုံးဒယ်အိုး ပါဝင်လာပြီးဖြစ်သည်။
မဟူရာလိပ်ခုံးဒယ်အိုး : နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းတစ်မျိုးဖြစ်ပြီး ရှေးဦးဝိဉာဉ်သားရဲ ရွှမ်ဝူ၏အခွံဖြင့်ပြုလုပ်ထားသည်။(၅၀၀၀)ကီလိုဂရမ်လေးပြီး အလွန်ကျစ်လစ်ခိုင်မာသည်။ ဝိဉာဉ်သားရဲအားလုံး၏ ဖိအားများ အလေးချိန်များကိုခံနိုင်ရည်ရှိသည်။
အကယ်၍ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးဖြင့် တွဲဖက်အသုံးပြုပါက အဆင့်(၉)အောက် ဝိဉာဉ်သားရဲများအားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိသည်။ ပိုင်ရှင်၏ လက်ရှိစွမ်းအား အစစ်အမှန်ပမာဏဖြင့်ဆိုလျှင် စွမ်းအား၏တစ်ဝက်သာအသုံးပြုရမည်ဖြစ်ပါသည်။
မဟူရာလိပ်ခုံးဒယ်အိုး ဟင်းချက်အမယ်များအပေါ် သက်ရောက်သည့်အချက်များ : ဟင်းချက်အမယ်များ၏ အရည်အသွေးကို တိုးတက်လာစေပြီး အနံ့အရသာ သာလွန်ထူးကဲကောင်းမွန်စေသည်။ ချက်ပြုတ်သည့်အချိန်ကိုလည်း လျှော့ချပေးနိုင်ပြီး ဟင်းချက်ရာတွင် ဝိဉာဉ်စွမ်းအားများ ယိုထွက်မှုကို တားဆီးပေးနိုင်သည်။ အတွင်းအားလှည့်ပတ်မှုကိုလည်း ပြီးပြည့်စုံစေပါသည် ။
စနစ်၏မိတ်ဆက်နေသောအသံထွက်လာသည်။ မဟူရာလိပ်ခုံးဒယ်အိုး အကြောင်း အသေးစိတ်ဖော်ပြသွားပြီး အကျိုးသက်ရောက်မှုများကိုပါ တစ်ပါတည်းရှင်းပြသွားသည်။
ပုဖန်မှာ စကားတွေကိုကြားရလေလေ မျက်ဝန်းတွေ တောက်ပလာလေလေပဲဖြစ်သည်။ ဒယ်အိုး၏သက်ရောက်မှုများကား ကြောက်လန့်စရာပင်ကောင်းလှသည်။ ဒဏ္ဍာရီလာ အံ့ဖွယ်တစ်ခုပင် ဖြစ်တော့၏။
ဒယ်အိုးကိုပိုင်ဆိုင်သည့်သူမှာ ကမ္ဘာပေါ်ရှိအရသာရှိသောဟင်းလျာများကို အလုံးစုံချက်ပြုတ်နိုင်သူသာဖြစ်တော့သည်။
ကြင်နာစွာသတိပေးချက် : အကယ်၍ ဤမဟူရာလိပ်ခုံးဒယ်အိုး နှင့် ချက်ပြုတ်လိုပါက ပိုင်ရှင်မှာ ကောင်းကင်နှင့်မြေကြီးမီးတောင်ကျောက်မီးဖြင့်သာ အသုံးပြုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဤဒယ်အိုးကို အသုံးပြုနိုင်မည်မဟုတ်ပါ။
ပုဖန်တစ်ယောက် အလွန်တရာတက်ကြွနေတုန်းမှာ စနစ်က သူ့အပေါ်ကို ရေအေးအေးတစ်ပုံးလောင်းချလိုက်သည်။ သူ၏ပျော်ရွှင်တက်ကြွမှုတွေအားလုံး ရေနှင့်ငြှိမ်းသတ်ခံလိုက်ရပြီး မျက်နှာပေါ်မှအပြုံးများလည်း ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းကင်နှင့်မြေကြီးမီးတောင်ကျောက်မီး ဆိုတာ ဘာကြီးလဲဟ? "
"စနစ်ရေ.. ဘာပြောတာလဲ" ပုဖန် မေးလိုက်သည် ။"ကောင်းကင်နှင့်မြေကြီးမီးတောင်ကျောက်မီး ဆိုတာဘာကြီးလဲ၊ ငါ့မှာရှိလို့လား"
"ကောင်းကင်နှင့်မြေကြီးမီးတောင်ကျောက်မီးဆိုသည်မှာ ကမ္ဘာမြေကြီးမှ အလိုလျောက်ရရှိသော မီးတစ်မျိုးဖြစ်ပါတယ်။ မည်သည့် အရာဝတ္တုမျိုးကိုမဆို လောင်ကျွမ်းအောင်လုပ်နိုင်စွမ်းရှိပါတယ်။ ကုန်းမြေကြီးတစ်ခုလုံး ပေါင်းစည်းသိပ်သည်းသွားရာမှ ဖြစ်ပေါ်လာတဲ့မီးတောက်တစ်မျိုးဖြစ်ပါတယ်။ ဒီမီးတောက်ကမှ မဟူရာလိပ်ခုံးဒယ်အိုး အသုံးပြုလို့ရမယ့် တစ်ခုတည်းသောမီးတောက်ပါ "စနစ်မှ ပုဖန်အတွက် ရှင်းပြပါသည်။
ပုဖန်မှာ နောက်ထပ်မေးခွန်းထပ်မမေးမိခင် စက္ကန့်များစွာ ကြက်သေသေခဲ့သေးသည်။
" သဘောက ငါ အဲဒိကောင်းကင်မြေကြီးမီးတောက်ဆိုတာကြီးကို မရရင် လိပ်ခုံးဒယ်အိုးနဲ့လည်း ချက်လို့မရဘူးပေါ့"
သို့ရာတွင် စနစ်မှ ပြန်လည်မဖြေကြားပေ။ စနစ်၏နှုတ်ဆိတ်နေမှုကား သူ့မေးခွန်းအတွက်အဖြေဟု ပုဖန်ခန့်မှန်းမိလိုက်ပါသည်။သူ မဲ့ပြုံးပြုံးလိုက်သည်။
နောက်တော့ မဟူရာလိပ်ခုံးဒယ်အိုး အား ဆင့်ခေါ်လိုက်ပြီး နက်စွေးနေသာဒယ်အိုးမှာ သူ့ရှေ့တွင် ပေါလောမျော ပေါ်လာခဲ့သည်။ ထူးခြားသည့်အတက်အကျလှိုင်းတစ်ခုကလည်း ဒယ်အိုးမှ ရောင်ပြန်ထွက်လို့နေသည်။
ဤအနက်ရောင်ဒယ်အိုးမှာ ကီလို(၅၀၀၀)လေးသည်ဟု စနစ်မှပြောထားသော်လည်း ပုဖန်မှာတော့ ငှက်မွေးတစ်ချောင်းကဲ့သို့သာပေါ့ပါးသည်ဟု ခံစားနေရသည်။ ဤသည်မှာ မဟူရာလိပ်ခုံးဒယ်အိုးမှ သူ့ကို သခင်အဖြစ်သတ်မှတ်လိုက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤရွှမ်ဝူဒယ်အိုးပေါ်လာသည့်အချိန်တွင် ရှေးကျပြီးလေးလံသည့်အရှိန်အဝါများလည်း ဒယ်အိုးပတ်လည်တွင်ဖြစ်ပေါ်လာသည်။
ပုဖန်က ဒယ်အိုးကို လက်ချောင်းလေးဖြင့်ခေါက်လိုက်ပြီး လက်ချောင်းထိလိုက်သည့်ခဏတွင် ကျယ်လောင်သောမြည်သံတစ်ခုထွက်ပေါ်လာသည်။ သူ တိတ်တဆိတ် သက်ပြင်းချဖို့ပဲတတ်နိုင်တော့သည်။
"ဒယ်အိုးကောင်းပါပဲ ဒါပေမယ့် အသုံးပြုလို့မရတာတော့ ဆိုးသကွာ......"
သူ့ညာဘက်လက်မှ အစိမ်းရောင်မီးခိုးတန်းများထွက်လာပြီး လိပ်ဒယ်အိုးရော၊ နဂါးအရိုးဓါးပါ အခိုးငွေ့များအဖြစ် ပြန်ပြောင်းသွားခဲ့သည်။ ပစ္စည်းနှစ်ခုနှင့်အတူ မီးခိုးငွေ့များလည်း ပျောက်ကွယ်သွားခဲ့ပါသည်။
ယာယီမစ်ရှင် : ကောင်းကင်နှင့်မြေကြီးမီးတောင်ကျောက်မီး၊ တစ်နည်းအားဖြင့် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် မကြာမီအတွင်း ပေါ်ထွက်လာမည်၊၊ ပိုင်ရှင်မှ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လက်ရယူပါ။
မစ်ရှင်ဆုကြေး : ကျင့်ကြံခြင်းစွမ်းအင် (၁၀)%၊ မစ်ရှင်ကျဆုံးခြင်းအပြစ်ဒဏ် : ကျင့်ကြံခြင်းစွမ်းအင် (၁၀)% ဖြတ်တောက်ခြင်း
ပုဖန်သက်ပြင်းချပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုယမ်းလိုက်သည့်ခဏမှာ စနစ်၏အသံ နောက်တစ်ဖန်ထွက်ပေါ်လာပြန်ပြီး ယာယီမစ်ရှင်အကြောင်းပြောသွားခဲ့ပြန်သည်။
"သေလိုက်ပါလားဟ ...!!အခုလေးတင် ယာယီမစ်ရှင်တစ်ခုပြီးထားတာလေ။ ငါ့ကို ခဏလောက်အနားပေးကြပါဦး"
ပုဖန်မှာ တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့သည်။ သူ ယာယီမစ်ရှင်ပြီးထားသည်မှာ သိပ်မကြာသေးသဖြင့် အပြည့်အဝအနားမယူရသေးပေ။ သို့ရာတွင် စနစ်မှ နောက်ထပ်မစ်ရှင်တစ်ခုအကြောင်း ပြောလာပြန်သည်။ စနစ်ကြီးက ယာယီမစ်ရှင်တွေကို စွဲလမ်းနေတာဖြစ်နိုင်သည်။
“ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်တည်နေရာကို တစ်လအကြာတွင် ပေးအပ်ပါမည်။ အရသာမြေပုံပွင့်သည့်အခါတွင် ထုတ်ဖော်ပေးအပ်မည်ဖြစ်သည် … ”စနစ်က လေးနက်သည့်အသံဖြင့်ပြောသည်။
“ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်. ကောင်းကင်နှင့်မြေကြီး မီးတောင်ကျောက်မီး ..”
ပုဖန်ရဲ့မျက်ခုံးတွေတွန့်ချိုးသွားခဲ့သည်။ စနစ်ကပေးလာသည့် ဤယာယီမစ်ရှင်မှာ ပြီးမြောက်ရန်ခက်ခဲမည့်ပုံပင်။ ကျရှုံးသည့်အတွက် အပြစ်ဒဏ်လည်းရှိသေးသည်။ အရင် တစ်ခါမှ မဖြစ်ဖူးချေ။ သို့ရာတွင် သူ၏ကျင့်ကြံစဉ်တိုးတက်မှုများကိုလည်း ပုဖန်သိသည်။ သူ၏ဟင်းချက်စွမ်းရည်ပိုကောင်းလာလေလေ သူ့ကျင့်ကြံစဉ်တိုးတက်ဖို့ ပိုခက်ခဲလာလေလေဖြစ်သည်။
ယာယီမစ်ရှင်မှာ လိုအပ်ချက် ကြမ်းကြမ်းတမ်းတမ်းတွေ အများကြီးထည့်သည့် စနစ်ကိုအံ့သြနေစရာလည်းမရှိပါ။ ဒါက သူ့ကို ဟင်းချက်နတ်ဘုရား ဖြစ်လာစေမည့် လမ်းကြောင်းဖြစ်သည်။ ဤထူးဆန်းထွေလာကမ္ဘာ၏ အစားအစာကွင်းဆက်တွင် ထိပ်ဆုံးမှာမတ်တပ်ရပ်နေစေရန်ဖြစ်ပါသည်။
တိုးတက်ဖို့ကလည်း ခက်ခဲလိမ့်မည်ဖြစ်ပြီး မစ်ရှင်ကျရှုံးခြင်းကလည်း တိုးတက်မှုကို ကြီးစွာအနှောင့်အယှက်ပေးလိမ့်မည်။ ကျရှုံးမှုနှင့် ရင်ဆိုင်ရလေလေ သူ၏ဟင်းချက်စွမ်းရည်တိုးတက်မှုကို အနှောင့်အယှက်ပေးနိုင်လေလေဖြစ်သည်။စနစ်က သူ့ကို သတိကြီးကြီးထားစေချင်သည်။နည်းနည်းလေးတောင် ပေါ့ဆဖို့ ခွင့်ပြုမည်မဟုတ်ချေ။
ပုဖန်မှာ မေးစေ့ကို လက်ဖြင့်ထိလိုက်ပြီး သူ၏လုပ်ရပ်များကို ပြန်စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်တော့ အိပ်ရာပေါ်တွင်လဲလျောင်းက အိပ်ပျော်သွားခဲ့ပါသည်။
မည်သို့ပင်ဆိုစေ စာဖိုမှူးတစ်ယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်အိပ်ပျော်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
……
ကြီးမားကျယ်ပြန့်သော နယ်စပ်မြို့တစ်နေရာ....
အနက်ရောင်သံမျှော်စင်ကြီးဆီမှ ဒေါသတကြီးအော်ဟစ်သံများ လွင့်ပျံလာသည်။ မျှော်စင်ကြီးက နယ်စပ်မြို့မှာ ခမ်းနားစွာတည်ရှိပြီး ကြောက်စရာကောင်းတဲ့ဖိအားတွေလည်း ထုတ်လွှတ်ကာ ပတ်ဝန်းကျင်တွင် စိမ့်ဝင်ပျံနှံ့နေ၏။
သွေးတပ်သားအစောင့်သုံးယောက်မှာမူ မျက်လုံးတွေလည်းပြူးကျယ်နေပြီး တုန်လှုပ်နေခဲ့ကြသည်။
ကျွီ...
ကြီးကျယ်ခမ်းနားလေးလံလှတဲ့ ရွှေရောင်ဂိတ်တံခါးကြီး ဖြည်းဖြည်းချင်းပွင့်လာသည်။ အစောင့်သုံးယောက်၏ သူငယ်အိမ်များ ကျဉ်းမြောင်းကုန်သည့်နည်းတူ မျှော်စင်ကြီး၏သံဂိတ်တံခါးလည်း တစ်လက်မပြီးတစ်လက်မ ပွင့်လာခဲ့သည်။
ခါတိုင်း လုံခြုံစွာပိတ်ထားသည့်ဂိတ်တံခါးမှာ ယခုတွင်မူ တဖြည်းဖြည်းပွင့်ဟလျက် ပုံရိပ်တစ်ခုသည် ဂိတ်တံခါးမှလမ်းလျှောက်ထွက်လာပြီး မျှော်စင်ကြီးမှာလည်း သွေးနီရောင်များ တောက်ပလျက်ရှိသည်။ နီရဲရဲအရောင်များလွှမ်းခြုံထားသော ပုံရိပ်က မျှော်စင်ကြီးဆီမှ အေးအေးလူလူလှမ်းလျှောက်လာနေသည်။
ပုံရိပ်မှာ ပိန်လိမ်ရွဲ့စောင်း၍လည်းမနေ၊ ခါကုန်းသည့်အရိပ်အယောင်လည်းမရှိပဲ အရပ်ရှည်ပုံရသည်။ နောက်ဆုံးတွင်တော့ သွေးတပ်သားအစောင့်သုံးယောက်၏အရှေ့သို့ ရောက်လာပြီး မြင်ကွင်းလည်းကြည်လင်လာခဲ့သည်။
သိမ်မွေ့ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အပေါ်ပိုင်းတွင် ပါးလွှာသောအတွင်းခံအင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ အနက်ရောင် ရေခဲမျက်နှာဖုံးဖြင့်လည်း မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသည်။
လူအားလုံးမှာ မျက်နှာဖုံးအောက်မှသူမအား မည်သူမည်ဝါဖြစ်ကြောင်း သိချင်စိတ်ပြင်းပြနေကြသည်။
သူမ၏ နှင်းကဲ့သိုဖြူဖွေးရှည်လျားသောလည်တိုင်ထက်တွင် ဆွဲကြိုးတစ်ကုံးရှိသည်။ သို့ရာတွင် ဆွဲကြိုးမှာ သေးငယ်သောအရိုးခေါင်းငါးခေါင်းအား ကြိုးဖြင့်အတူတကွဆွဲသီထားခြင်း.ဖြစ်သည်။
သူမသည် ကိုယ်ခန္ဓာအောက်ပိုင်းတွင် သားရေစကပ်တိုနံ့နံ့လေးဝတ်ဆင်ထားပြီး စကပ်သားရေစမှာ အမည်မသိဝိဉာဉ်သားရဲတစ်ကောင်၏ သားရေ ဖြစ်ပုံရသည်။
ပေါ်လွင်နေသည့်ရှည်လျားသွယ်လျသော ခြေထောက်ကလေးမှာတော့ လူတို့အတွေးများကို အရိုင်းဆန်သွားစေခဲ့သည်။ သူမသည် ချောမောသောအမျိုးသမီးတစ်ဦးမှန်း ပုံသဏ္ဍာန်အားဖြင့် သေချာပေါက်သိနိုင်ပါသည်။ သူမသည် လွန်ကဲသောအလှထူးကိုပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်လိမ့်မည် လှပလွန်းသည့်အတွက်လည်း သူမကိုစေ့စေ့ကြည့်ရဲသူ တစ်ဦးတစ်ယောက်မျှမရှိပေ။
သို့သော် မျက်နှာဖုံးကြီးကာရံထားခြင်းက ဝမ်းနည်းစရာကောင်းသည်။ သူမ၏ရုပ်သွင်အမှန်ကိုသိရှိသူ တစ်ဦးတစ်ယောက်မှ ရှိမနေပါ။ သံမျှော်စင်ထဲမှထွက်လာသောအမျိုးသမီးမှာ သွေးတပ်သားအစောင့်သုံးယောက်ကို လန့်ဖြန်သွားအောင် လုပ်လိုက်နိုင်သည်။
"နတ်ဆရာမ!"
အစောင့်သုံးယောက်မှာ အူယားဖားယားရှေ့ကိုပြေးတက်၍ သူမရှေ့မှောက် မတ်တပ်ရပ်လိုက်ကြသည်။
အမျိုးသမီးက သူမ၏ဖြူဖွေးသောလက်များကိုပင့်တင်ပြီး သွယ်လျသောလက်ချောင်းများကို ပွတ်လိုက်သည်။ လက်ချောင်းများပွတ်တိုက်လိုက်သည့်အခါ ထူးဆန်းသည့် အတက်အကျလှိုင်းများလည်း ထွက်လာသည်။
"ဝိဉာဉ်စုအစီအရင်ကိုးခုထဲက တစ်ခုပျောက်သွားတယ်လို့ ကျွန်မအာရုံခံမိတယ်၊ ဘာတွေဖစ်ကုန်တာလဲ ရှင်တို့သိကြလား?"
အမျိုးသမီး၏စကားသံမှာ အေးစက်ပြီးချစ်စရာလည်းကောင်းသည်။ သို့သော် မေးခွန်းကိုကြားလိုက်ရသည့် အစောင့်သုံးယောက်မှာတော့ အကြောက်တရားတြွေဖင့် ဒူးတွေပါတုန်လာသည်။
"ကျွန်တော်တို့ မသိပါဘူး! ကျွန်တော်တို့က အထွတ်အမြတ်မျှော်စင်ကိုစောင့်ကြပ်နေကြတာပါ၊ ဝိဉာဉ်စုအစီအရင်အကြောင်း သတင်းမရပါဘူး"
"အင်း ဝိဉာဉ်စုအစီအရင်က ကျွန်မတို့ရှုရ ဂိုဏ်းအတွက်အရမ်းအရေးကြီးတယ်၊ ဘာအမှားမှ အဖြစ်မခံနိုင်ဘူး၊ အနောက်မြောက်ဘက်မှာရှိတဲ့ အစီအရင်ရဲ့ရောင်ဝါပျောက်ကွယ်သွားပြီ၊ အနောက်ပိုင်းဆန်းကြယ်မြို့တော်ဘေးနားမှာဖြစ်တာ၊ မင်းတို့တွေထဲက ဘယ်သူ အဲဒိကိုတစ်ခေါက်လောက်သွားချင်လဲ?"
မည်သူမျှအဖြေပြန်မပေးနိုင်ခင်လေးမှာ အမျိုးသမီးက သူမရဲ့သေးသွယ်တဲ့လက်ချောင်းလေးနဲ့ သွေးတပ်သားတစ်ယောက်၏ခေါင်းကိုထိလိုက်၏။ ဆုံးဖြတ်ချက်ချလိုက်ပြီးဟု ပြောလိုက်သည်နှင့်ဆင်တူသည်။
အစောင့်တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချွေးစေးအေးအေးတွေမှာလည်း ကိုယ်ခန္ဓာမှာရှိတဲ့အပေါက်တိုင်းမှ ထွက်လာသည်။
"နားလည်ပါပြီ. ကျွန်တော် ချက်ချင်းသွားလိုက်ပါ့မယ် "
ရွေးချယ်ခံရတဲ့သွေးအစောင့်တပ်သားခမျာ တုန်တုန်ရီရီဖြင့် ပြန်ပြောရှာသည်။
အဆင့်မြင့်နတ်ဆရာမသည် သူမ၏ဖုံးကွယ်ထားသောမျက်နှာကိုမော့ချီလိုက်သည်။ အစောင့်တပ်သားများမှာလည်း သူတို့ကိုယ်ကိုဖော်ထွင်းသွားနိုင်လောက်သည့် သူမ၏အေးစက်စက်အကြည့်တွေကို ခံစားလိုက်ရသည်။
"တစ်လကြာပြီးရင် ကျွန်မ နောက်တစ်ဆင့်ကိုတက်လှမ်းလိမ့်မယ်၊ အဲဒီအချိန်ထိ ပျောက်သွားတဲ့ ဝိဉာဉ်စုအစီအရင်ကိုရှာမတွေ့ဘူးဆိုရင်တော့ နောက်ဆက်တွဲကိစ္စတွေကို ရှင်ကောင်းကောင်းကြီးနားလည်မှာပါ။အကယ်၍ ဝိဉာဉ်စုအစီအရင်အတွက် ဝိဉာဉ်အရင်းအမြစ်မလုံလောက်ရင် ကြိုက်တဲ့မြို့တစ်မြို့သာရွေးပြီး အမြစ်ဖြုတ်ပစ်လိုက်၊ မှတ်ထားပါ ရှုရဂိုဏ်းတိုးတက်ဖို့ ဘယ်တော့မှမနှောင့်နှေးစေနဲ့"
ဝုန်း......
စကားဆုံးသည့်အချိန်မှာ အမျိုးသမီးလည်းပျောက်သွားခဲ့သည်။ ကျယ်လောင်သည့် ထစ်ချုန်းသံကြီးသာ ကြားလိုက်ရပြီး လေးလံသည့်ဂိတ်တံခါးကြီးလည်း ပိတ်သွားခဲ့သည်။
သွေးအစောင့်တပ်သားတွေမှာ ယခုအချိန်ကျမှ သူတို့ဦးခေါင်းတွေကို မတ်မတ်ပြန်တည့်ရဲကြတော့သည်။ သူတို့၏တစ်ကိုယ်လုံးမှာလည်း ချွေးစေးအေးအေးများဖြင့် စိုရွှဲနေကြောင်း နားလည်လိုက်ကြတော့၏။ ကျွမ်းကျင်အဆင့် အကြီးအကဲတစ်ပိုင်း သူတို့သုံးယောက်မှာ အဝတ်အစားများပါ ချွေးများရွှဲနစ်ကုန်သည်အထိ ကြောက်လန့်တကြားဖြစ်နေကြရသည်။
"ဝိဉာဉ်စုအစီအရင်ကိုးခုက သေပြီးသားဝိဉာဉ်ကမ္ဘာနိုးထဖို့အတွက် အဓိကသော့ချက်ပဲ။ တစ်ခုမှဆုံးရှုံးလို့မဖြစ်ဘူး။ နတ်ဆရာမက ဒီလောက်တောင်အာရုံထားမှတော့ ငါတို့နှစ်ယောက်လုံးသွားသင့်တယ်။ ဝိဉာဉ်စုအစီအရင်က နတ်ဆရာမရဲ့ဓါးစွမ်းအင်တစ်မျိုးလည်း ပေါင်းထည့်ထားတာ၊ ပျက်သွားတယ်ဆိုတော့ အစီအရင်ကိုယူသွားတဲ့လူရဲ့ကျင့်ကြံစဉ်က အရမ်းအားကောင်းလို့ပဲဖြစ်ရမယ်၊ တစ်ယောက်တည်းဆို မရင်ဆိုင်နိုင်လောက်ဘူး"
သွေးတပ်သားနှစ်ယောက်မှာ ခေါင်းမညိတ်မိ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်လိုက်ကြသည်။ နောက်တော့ အစီအစဉ်ဆွဲပြီး နယ်စပ်မြို့တော်မှ ထွက်သွားကြလေသည်။
တစ်ဦးတည်းကျန်ခဲ့သည့် သွေးအစောင့်တပ်သားမှာ လငပုတ်ဖမ်းနေသာမျက်နှာထားဖြင့်သာ သံမျှော်စင်ကိုစောင့်ကြပ်ရန် ကျန်ရှိခဲ့လေသည်။
နယ်စပ်မြို့၏အပြင်ဘက်တစ်နေရာ....
သွေးနီရောင်ဝတ်ရုံများဝတ်ဆင်ထားသော သွေးအစောင့်တပ်သားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ တစ်ယောက်က လက်ဖဝါးကိုဆန့်ထုတ်လိုက်သည့်အခါ အဆောင်လက်ဖွဲ့တစ်ခုပေါ်လာသည်။
အဆောင်လက်ဖွဲ့ပတ်လည်တွင် ဝိဥာဉ်ကိုးခုအစီအရင်ကို ကိုယ်စားပြုသော အလင်းစက်ကိုးစက် တလက်လက်ဖြစ်နေပါသည်။
"အာ ဝိဉာဉ်စုအစီအရင်တော့ နောက်တစ်ခါပေါ်ထွက်လာပြီ၊ လေအလင်းအင်ပါယာရဲ့မြို့တော်မှာ ဘာလို့ အင်ပါယာမြို့တော်ကို ရောက်နေတာလဲ?"
အစောင့်တစ်ယောက်မှ ဝေခွဲမရသည့်အသံဖြင့်မေးလိုက်ပါသည်။
"ဘာလို့ဆိုတာကို ဘယ်သူဂရုစိုက်နေမှာလဲ၊ ဘယ်သူလုပ်လဲ ငါစိတ်မဝင်ဘူး၊ သူက ငါတို့ရှုရဂိုဏ်းကို အကဲစမ်းရဲမှတော့ သေကိုသေရလိမ့်မယ် "
အခြားအစောင့်တပ်သားမှ သတ်ချင်ဖြတ်ချင်စိတ်များဖြင့် ပေါက်ကွဲလိုက်တော့သည်။
အစောင့်သွေးတပ်သားနှစ်ယောက်မှာ သူတို့၏ဦးတည်ချက်ကိုပြောင်းလိုက်ပြီး လေအလင်း အင်ပါယာ၏မြို့တော်သို့ ထွက်လာခဲ့ကြသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now