Part-15

1.8K 287 32
                                    

1999 ခုနှစ်ဝန်းကျင်…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

“ငါ တောင်းပန်ပါတယ်…”

အမျိုးသမီးတစ်ဦးမှ မိမိခင်ပွန်းဖြစ်သူလက်အား ခပ်တင်းတင်းဆုတ်ကိုင်လိုက်မိသည်။ အိမ်ဧည့်ဦးခန်းသည် တိတ်ဆိတ်ခြောက်ကပ်လျက်။

“ဒါက ရှင့်အပြစ်မှ မဟုတ်ဘဲ…”

ထိုအမျိုးသမီးသည် မိမိခင်ပွန်းအား အပြုံးတစ်ပွင့်ဖြင့် နားလည်စွာ ပြောလိုက်တော့။ အမျိုးသားဖြစ်သူက မိမိဇနီးအား ဝမ်းနည်းနာကြည်းမှုများဖြင့်ထွေးဖက်လိုက်ခဲ့သည်။

“ငါ သတိထားဖြစ်ခဲ့ရင်… ငါတို့က သူတို့ရဲ့ အသုံးချခံဖြစ်မှာမဟုတ်ဘူး…”

“ရှင့်ကြိုးစားမှုတွေက ကျွန်မတို့သားအမိအတွက်ပဲဆိုတာ ကျွန်မ နားလည်ပါတယ်…”

ထိုအမျိုးသမီးသည် မိမိအားထွေးဖက်ထားသည့် အမျိုးသား၏ ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးကာ နှစ်သိမ့်နေခဲ့သည်။ သူတို့သည် ယခုနတ်ရွာစံခဲ့သော ထိုင်းဘုရင်ဟောင်း၏ လူယုံမိသားစုသဖွယ်။ ထိုအမျိုးသားသည် ကာကွယ်ရေးတပ်မှ အားကိုးရသော ဗိုလ်ချုပ်တစ်ဦး။ ဘုရင်ဟောင်းမှ ကျန်းမာရေးယိုယွင်းချိန်တွင် အိမ်ရှေ့စံသည် သူတို့မိသားစုအား အလေးပေးခဲ့သည်။ ထိုအလေးပေးခြင်းတို့က ယခုအချိန်တွင် သူတို့မိသားစုတစ်စုလုံးအား ရှင်းလင်းပစ်မည့် ဓားသွားထက်ထက်များဆိုသည်ကို သူတို့ မရိပ်မိခဲ့။ သူတို့မိသားစုသည် ရိုးသားစွာပင် နိုင်ငံ့သစ္စာကို စောင့်သိခဲ့သော်လည်း ထိုအိမ်ရှေ့စံ နန်းတက်ရတော့မည့်အချိန်တွင် ထိုဗိုလ်ချုပ်သည် မိမိ၏ အာဏာကို အလွဲသုံးစားပြုသည်ဆိုသော စွပ်စွဲချက်များ အထူးသဖြင့် နိုင်ငံသစ္စာဖောက်၊ အခြားနိုင်ငံသို့ သတင်းပေးသည်ဆိုသည့် ထိုးနှက်ချက်။ ထိုထိုးနှက်ချက်ကြောင့် သေဒဏ်ကျခဲ့ရသည်။

“မင်းတို့သားအမိတော့ လွတ်မှဖြစ်မယ်… သူတို့က မင်းတို့ကိုလည်း ချန်မှာမဟုတ်ဘူး…”

ထိုအမျိုးသားသည် မိမိဇနီးအား တည်ငြိမ်စွာပြောလိုက်မိသည်။ မိမိသည် သေမိန့်ကျနေပြီးသားသူ။ ဘုရင်ဟောင်း၏ လူယုံများအား ဘုရင်သစ်မှ ရှင်းထုတ်ခြင်းအလေ့သည် ရှုပ်ထွေးသော နန်းတွင်းအစဉ်အလာ။ ထိုအချိန်က အိမ်ရှေ့စံ၏ နန်းတက်မှုမှာ မရေရာသေး… အခြားသော မင်းသားများလည်း ရှိနေသေးသဖြင့် သူ့အား အခြားသော မင်းသားတို့လာရောက် ပူးပေါင်းခြင်းမရှိခင်တွင် အိမ်ရှေ့စံသည် သူ့အား ရှင်းထုတ်ခဲ့သည်။ ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသည့်စကားအရ… သူ့မိသားစုဝင်များအား အခြားသော နည်းလမ်းများဖြင့် တိုးတိတ်စွာ ရှင်းထုတ်ဦးမည်ဆိုသည်ကို သူ နားလည်လိုက်သည်။ သူ ထိုအချင်းအရာကိုတော့ ခွင့်မပြုနိုင်။ သူသည် အပြစ်ကင်းသော်လည်း မင်းစိုးရာဇာတို့၏ တိုက်ပွဲအလည်တွင် မြေစာပင်ဖြစ်ခဲ့ရလျှင်တောင်မှ မိမိ မိသားစုကိုတော့ ထိုသို့သော အဖြစ်ကို ခွင့်မပြုနိုင်။

Odium(fanfic)Where stories live. Discover now