ရှိုက်သံလေးနဲ့ ပေါ်ထွက်လာတဲ့ သူမရဲ့စကားကြောင့် သက်လွှာ ဝမ်းနည်းသွားခဲ့သည်။

" မပျောက်ပါဘူး။ ဒီကျောပြင်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ထာဝရ တီလေးရဲ့ အပိုင်ပဲလေ "

ခြေလှမ်းတွေကို ဖြည်းဖြည်းလေးလှမ်းနေရင်းနဲ့ သူပြန်ပြောလိုက်တော့ ရှိုက်သံလေးတစ်ချက်ကို ထပ်မံကြားလိုက်ရပြန်သည်။ သူမ ငိုနေပါပြီ။

" ကံတရားကို ကြောက်တယ်။ ထိန်းသိမ်းရမဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့မိတဲ့ အတွက်ကြောင့် လောကကြီးက ပြစ်ဒဏ်ပြန်ခတ်တဲ့အနေနဲ့ သက်လွှာကို ဟိုးအဝေးကြီး ဆွဲခေါ်ထုတ်သွားမှာကို ကြောက်မိတယ် "

ငိုပြီးပြောနေတဲ့ သူမရဲ့ စကားတွေကြောင့် သူပါလိုက်ပြီး မျက်ရည်တွေကျလာမိသည်။

" သက်လွှာတို့ နှစ်ယောက်ရဲ့ မေတ္တာတရားနဲ့ သံယောဇဉ်တွေက စစ်မှန်တဲ့အတွက်ကြောင့် ဘယ်တော့မှ ဒဏ်ခတ်ခံရမှာ မဟုတ်ဘူး။ နောက်ပြီးတော့ အကြောက်တရားဆိုတာက ရှုံးနိမ့်ခြင်းရဲ့ လမ်းစပဲလို့ တီလေးကိုယ်တိုင် မကြာခဏ သင်ကြားပြောပြပေးခဲ့ဖူးတယ် မဟုတ်လား "

သူ့စကားအဆုံးတွင် လည်ပင်းကိုသိုင်းဖက်ထားတဲ့ သူမရဲ့ လက်လေးတွေက ပိုမိုတင်းကျပ်လို့လာသည်။ ဘာစကားမှ ထပ်မပြောတော့ပဲ တိတ်ဆိတ်လို့သွား၏။

" အရမ်းချစ်တယ် .. အဲ့ဒါကြောင့် ဘာမှ ထပ်မတွေးပါနဲ့တော့နော် "

ပခုံးပေါ်ကို ဆင်းသက်လာတဲ့ သူမရဲ့ မေးဖျားနွေးနွေးလေး .. ။ အသက်ရှုသံငွေ့ငွေ့လေးက လေတိုးသံကြားထဲ၌ မျှောလွင့်ပျောက်ကွယ်သွားခဲ့လေပြီ။

X    X    X    X    X

ခြံရှေ့ရောက်တော့ ခြံစောင့် ဘကြီး ဦးအေးရွှေက ခြံတံခါးကို လာဖွင့်ပေးသည်။ ကားကို မီးဆိုင်းအလင်းရောင်ဖြင့် ထိန်လင်းနေသည့် ဆင်ဝင်အောက်၌ ရပ်လိုက်သည်။ ကားထဲမှ မီးခလုပ်ကို ဖွင့်လိုက်ပြီး ဘေးကခုံကို ကြည့်လိုက်တော့ သူမက ခုံနောက်ကိုမှီကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်လေ။ ပန်းနုရောင်ခြယ်သထားတဲ့ မျက်ခွံလေးတွေက ပကတိငြိမ်သက်လို့နေသည်။ မနက်ခင်းတည်းက လိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ ပါးနီလေးတွေက ယခုထိတိုင် ခပ်ပါးပါးကျန်ရှိနေဆဲပင်။ ပန်းဆီရောင် နှုတ်ခမ်းဖျား စိုစိုဖူးဖူးလေးက သက်လွှာရဲ့ ရင်ခုန်နှုန်းတွေကို ပို၍ မြန်ဆန်လာစေသည်။ ခိုးနမ်းချင်မိပေမဲ့ အိမ်ပေါက်ဝမှာ ရပ်နေတဲ့ ဒေါ်ဒေါ်မြကြောင့် ဆန္ဒကို သိက္ခာနဲ့ စောင့်ထိန်းခဲ့ရပြန်သည်။ သူမရဲ့ ခါးမှာပတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ပေးလိုက်ချိန်၌ ယမကာရနံ့နဲ့အတူ ရောယှက်နေတဲ့ ရေမွှေးရနံ့ သင်းသင်းလေးကို ရှုရှိုက်ခွင့်ရလိုက်သည်။

ElegantWhere stories live. Discover now