2 (Unicode)

4.4K 456 38
                                    

ခြံစည်းရိုး အပြာရောင်လေးတွေခတ်ထားသည့် မီးခိုးရောင် တစ်ထပ်တိုက်အိမ်ပုလေးတစ်လုံးရဲ့ရှေ့သို့ရောက်တော့ ဘရန်စိုင်း ကားကိုရပ်တံ့လိုက်သည်။ အနောက်ခန်းတွင်တင်လာတဲ့ ဝှီးချဲကို အောက်သို့ချပေးပြီးတဲ့နောက် အရှေ့ကခုံတွေရှိနေသည့် သိမ်မွေ့ထည် ကိုပွေ့ချီရန် ဘရန်စိုင်း ဟန်ပြင်လိုက်စဉ်တွင် ... ။

" ရတယ်စိုင်း။ မမဘာသာပဲ ရအောင်ဆင်းမယ် .. ဝှီးချဲကိုသာ အနားထပ်ကပ်ပေးပါ "

" ဖြစ်ပါ့မလား မမရယ် "

ဘရန်စိုင်းက စိုးရိမ်တဲ့အသံနဲ့မေးတော့ သူခေါင်းအသာညိတ်လိုက်သည်။ သူတစ်ပါးရဲ့အကူအညီယူရတာကို သူလုံးဝမနှစ်သက်ပါ။ ခက်ခဲမယ်ဆိုလျှင်တောင်မှ ကိုယ့်အားကိုယ်ကိုးပြီးပဲ ရအောင်လုပ်ကြည့်ချင်သည်လေ။ သို့သော်လည်း အခြေအနေက ထင်သလောက် မလွယ်ကူခဲ့။ ကားဘေးကပ်လျက်မှာရှိနေတဲ့ ဝှီးချဲလေးပေါ်ကို ဆင်းနိုင်ဖို့ အတွက်ကိုပင် သိပ်ကိုခက်ခဲလွန်းနေသည်။ လက်ကိုအားဖိထောက်ပြီး ဆင်းလိုက်ချိန်၌ ထင်ထားသလိုမဖြစ်ခဲ့ပဲ ဘေးကိုအရှိန်နဲ့ တစောင်းလိမ့်ကျမလို ဖြစ်သွား၏။ ဘရန်စိုင်းက ဘေးကနေ လှမ်းထိန်းထားပြီး ပွေ့ချီလိုက်လို့သာ တော်ပေသေးသည်။ သူများရဲ့အကူအညီကို မယူချင်သည့် သိမ်မွေ့ထည်သည် နောက်ဆုံးတွင်တော့ စိတ်လျော့လိုက်ရ၏။ ဘရန်စိုင်းရဲ့ အကူအညီဖြင့် ဝှီးချဲပေါ်သို့ ရောက်သွားပြီးသည့်နောက်တွင်

" ရတယ်စိုင်း မမဘာသာပဲလုပ်ပါရစေ .. please "

အက်ကွဲကွဲလေသံဖြင့် သူတောင်းဆိုလိုက်တော့ ဘရန်စိုင်းလည်း ဝှီးချဲကို အနောက်ကနေ တွန်းမပေးတော့ပေ။ ပြောပြီးနောက်၌ သိမ်မွေ့ထည်ဟာ သူ့အားသူကိုးပြီး ဘီးကိုလက်နှစ်ဖက်ဖြင့် ရွေ့အောင်တွန်းနေရှာသည်။ အတော်လေးအားသုံးပြီး တွန်းလိုက်မှပဲ ခြံပေါက်ဝသို့ ရောက်ရှိတော့သည်။ သူ့ခမျာတော်တော့်ကို ပင်ပန်းသွားရချေပြီ။

အဖြူခံပေါ် ရွှေရောင်ပွင့်လေးတွေဖောက်ထားသည့် ဇာအင်္ကျီရင်ဖုံးလက်ရှည်လေးနှင့် အဖြူခံပေါ်ရွှေရောင်ချိတ်လှိုင်းတွေထိုးထားတဲ့ ထဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည့် သိမ်မွေ့ထည်ရဲ့အလှဟာ ရိုးယဉ်စွာပင် ထည်ဝါလို့နေပါသည်။ ဖန်စီဆန်သည့် ဆံထုံးပုံစံကို ထုံးဖွဲ့၍ ခါတိုင်းလိုပင် ကျောက်ဆံထိုးလေးကို ထိုစိုက်လို့ထား၏။ နှုတ်ခမ်းနီမပါ၊ မိတ်ကပ်မလိမ်းထားတာတောင်မှ သူမရဲ့အလှက နေရောင်အောက်၌ တောက်ပလွန်းနေသည်။

ElegantWhere stories live. Discover now