1 (Unicode)

15.4K 641 38
                                    

[2010 ခုနှစ်၊ June လ]

" ဦးအောင်မော် ရှင့်ကို ကျွန်မဒီတစ်ခေါက်တော်တော်လေးကို စိတ်ပျက်မိသွားပြီ။ GM တစ်ယောက်လုပ်နေပြီး ဒီကိစ္စလောက်ကိုတောင် သေသေချာချာ ကိုင်တွယ်မဖြေရှင်းနိုင်မှတော့ ရှင်ကျွန်မရဲ့ကုမ္ပဏီမှာ အလုပ်လုပ်မနေနဲ့တော့ ... "

" ကျွန်တော်တောင်းပန်ပါတယ် MD .. ဒီကိစ္စဟာ ကျွန်တော့်ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့လည်း ... "

" ထပ်ပြီးဘာ Reason တွေပေးဦးမလို့လဲ ဦးအောင်မော်။ ကျွန်မကို ဘာမှထပ်ပြီးမပြောပါနဲ့တော့ .. ဒီနေ့ပဲ ရှင်ထွက်စာတင်ပြီး ထွက်တော့ .. "

အစည်းအဝေးခန်းထဲ၌ ဒေါ်သိမ်မွေ့ထည်ရဲ့ အသံဟာ သြဇာအရှိန်အဝါညောင်းစွာဖြင့် ထွက်ပေါ်လို့လာသည်။ General Manager ဖြစ်သည့် ဦးအောင်မော်လည်း အားလုံးရဲ့ရှေ့မှာ အပြောအဆိုခံလိုက်ရသည်မို့ ရှက်ရွံ့၍ ဒေါသထွက်သွားလေသည်။ တစ်ခွန်းတည်းအပြတ်ပြောပြီး အစည်းအဝေးခန်းထဲမှ ထထွက်သွားတဲ့ 'ထည်ဝါဦး´ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သော 'ဒေါ်သိမ်မွေ့ထည်´ရဲ့နောက်ကျောပြင်ကို အခဲမကြေသည့် နီစွေစွေမျက်ဝန်းတွေဖြင့် စိုက်ကြည့်နေခဲ့သည်။ ဒေါသကြောင့် ဦးအောင်မော်ရဲ့ မျက်နှာပြင်တစ်ခုလုံးဟာ နီမြန်းလို့နေပါသည်။

X    X    X    X    X

" ဦးအောင်မော်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အရည်အချင်းပြည့်စုံတဲ့ လူတစ်ယောက်ကို အမြန်ဆုံးရှာပါ။ လတ်တလောတော့ သူ့နေရာကို မင်းပဲခဏတာဝန်ယူထားလိုက်ဦး "

အဖြူရောင် မိန်းမဝတ်ရှပ်အင်္ကျီနှင့် စတိုင်လ်ဘောင်းဘီအသားရောင်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ သိမ်မွေ့ထည်သည် အလုပ်စားပွဲမှာထိုင်၍ စာရွက်စာတမ်းတစ်ခုပေါ်၌ လက်မှတ်ရေးထိုးပေးနေရင်း ပြောလေသည်။ သူမရဲ့လေသံဟာ အထက်တန်းဆန်စွာပင် တည်ငြိမ်လွန်းလှပေသည်။ လက်မှတ်ထိုးလို့အပြီးတွင် ဘေး၌ရပ်နေသော'ဘရန်စိုင်း´ကို မော့ကြည့်လိုက်တဲ့ သူမရဲ့ အကြည့်တွေဟာ သိပ်ကို တောက်ပစူးရှလွန်းလှ၏။

" ဟုတ်ကဲ့ပါ မမ .. "

စာရွက်ကိုဖိုင်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ဘရန်စိုင်းရဲ့ လက်ထဲသို့ လှမ်းပေး၍ သူမတ်တပ်ထရပ်လိုက်သည်။

ElegantTempat cerita menjadi hidup. Temukan sekarang