7 (Unicode)

3.8K 458 40
                                    

မိုးတွေသည်းထန်စွာ ရွာသွန်းနေသည့် လမ်းမထက်ဟာ ခါတိုင်းထက်ပို၍ လူသူကင်းမဲ့လို့နေသည်။ သူဌေးများနေသည့် ရပ်ကွက်ဖြစ်တာကြောင့် ကိုယ်ပိုင်ကား တစ်စီးတလေဖြတ်သန်းသွားလာခြင်းသာ ရှိ၏။ Bus ကားများမရှိသလို တခြားရပ်ကွက်တွေလို ဆိုက်ကားနှင့် စက်ဘီးများလည်း မရှိပေ။

Suzuki ကားအနီရောင်လေးတစ်စီးသည် ထိုလမ်းမပေါ်၌ ပုံမှန်အရှိန်ဖြင့် မောင်းနှင်လာနေသည်။ မောင်းနှင်လာသည့် ကားပိုင်ရှင်ဟာ တခြားသူ,မဟုတ်။ ရှေ့နေမလေး'ဆုဇာချည်ခြယ်´ပင်ဖြစ်၏။ သူမရဲ့ကားလေး ဦးတည်ပြီး မောင်းနှင်နေသည့်နေရာကတော့ ဒေါ်သိမ်မွေ့ထည်၏ အိမ်သို့ပင်။

" မိုးကလည်း တအားကိုသည်းလာတာပါလား "

ရှေ့ကို ဂရုတစိုက်ကြည့်ရင်း ဆု ကားအရှိန်ကို ပို၍လျော့ချလိုက်သည်။ ဒါ့အပြင် ကားထဲမှ Air con ရဲ့အအေးဓာတ်ကိုလည်း အနည်းငယ်ပြန်လျော့လိုက်လေသည်။

" ဟင် "

လမ်းဘေးပလက်ဖောင်းမှာ ထီးမပါပဲ တရွေ့ရွေ့လျှောက်လှမ်းနေသည့် ကောင်မလေးတစ်ယောက်ကို ဆု မြင်တွေ့လိုက်ရသည်။ ကျောပိုးအိတ် အနီရောင်လေးကို ကျောမှာလွယ်ထားပြီး အဖြူအစိမ်းဝတ်ဆင်ထားသဖြင့် ကျောင်းသူတစ်ယောက်ဖြစ်တယ်ဆိုတာကို ဆု အလိုလျောက် သိလိုက်လေသည်။ အစကတည်းကမှ သူတစ်ပါးအပေါ် သနားကြင်နာတတ်တဲ့ ဆုဇာချည်ခြယ်သည် ထီးမပါပဲ လမ်းမပေါ်၌ တစ်ယောက်တည်း လျှောက်နေတဲ့ ထိုကလေးမကိုမြင်ပြီး ကရုဏာသက်သွားလေသည်။

ထို့ကြောင့် ကားကို လမ်းဘေးသို့ချ၍ အရှိန်လျော့ကာ ရပ်တန့်လိုက်သည်။ နောက်ခန်းမှာပါလာတဲ့ ထီးအနီရောင်လေးကို ဆု လှမ်းယူလိုက်ရင်း ကားတံခါးကို လျင်မြန်စွာဖွင့်၍ ထီးအနီလေးကို ဖွင့်လိုက်၏။ ပြီးတဲ့နောက်မှာတော့ ပန်းနုဖျော့ရောင် ရင်ဖုံးအင်္ကျီလက်ရှည်လေးနှင့် ချိတ်ထဘီအနက်ရောင်ကို ဝတ်ဆင်ထားသည့် ဆုဇာချည်ခြယ်သည် ကျောင်းသူလေးရှိရာထံသို့ ခြေလှမ်းကျဲကျဲလျှောက်သွားရင်း အနောက်ကနေ ထီးလှမ်းမိုးပေးလိုက်လေသည်။

" ညီမလေး "

ကျောင်းသူလေးရဲ့ လက်တစ်ဖက်ကို ဆု အမိအရလှမ်းဆွဲရင်း ညီမလေးလို့ ခေါ်လိုက်တော့ ကျောင်းသူလေးက လန့်သွားသည့်ဟန်ဖြင့် သူ့ကို နီစွေစွေမျက်ဝန်းတွေနဲ့ ပြန်ကြည့်နေသည်။ မိုးရေတွေ တစ်ကိုယ်လုံးရွှဲစိုထားသဖြင့် ကျောင်းသူလေးဟာ ချမ်းတုန်နေ၏။ နှုတ်ခမ်းဖျားလေးတွေက တုန်ယင်နေပြီး အနည်းငယ်ပြာနေသည်။ ဒါ့အပြင် ဆု ဖမ်းဆွဲလိုက်တဲ့ ထိုကလေးရဲ့ လက်ဖျားလေးတွေက အေးစက်လို့နေ၏။

ElegantWhere stories live. Discover now