17 (Unicode)

4.5K 517 48
                                    

" မမလေး .. ဘုန်းကြီးတွေ ထိုင်မဲ့နေရာကို ခုညထဲက ကော်ဇောတွေ ခင်းထားလိုက်ရတော့မလား "

" ခင်းထားလိုက်တာတော့ ပိုကောင်းမယ် ချိုမာ။ မနက်ကျရင် ဆွမ်းပွဲနဲ့ အချိုပွဲတွေအတွက် ပြင်ဆင်ရမှာဆိုတော့ နည်းနည်းကသီနေလိမ့်မယ် "

" ဟုတ်ဟုတ် "

မနက်ဖြန်မနက်တွင် ဘုန်းကြီးတွေကို အာရုဏ်ဆွမ်းကပ်ဖို့အတွက် အကုန်လုံး အလုပ်များနေကြသည်။ ချိုမာက အိမ်သန့်ရှင်းရေးလုပ်ပြီး ဘုန်းကြီးတွေအတွက် နေရာထိုင်ခင်းပြင်ဆင်ပေးနေသည်။ ဒေါ်ဒေါ်မြက မနက်ခင်းအာရုဏ်ဆွမ်းကပ်ဖို့အတွက် သက်လွှာတို့အိမ်ရဲ့ မီးဖိုချောင်၌ ဝင်၍ ချက်ပြုတ်လုပ်ကိုင်နေ၏။ ဘေးအိမ်က အမျိုးသမီးကလည်း ဒေါ်ဒေါ်မြချက်ပြုတ်နေတာကို လာရောက်ကူညီပေးနေသည်။ သက်လွှာကတော့ ဦးလေးသောင်းနဲ့အတူတူ လမ်းထဲက လမ်းလူကြီးနဲ့ ရပ်ကွက်လူကြီးရဲ့အိမ်သို့သွား၍ အလှူလာဖို့ ဖိတ်နေသည်။ သိမ်မွေ့ထည်ကတော့ ဝှီးချဲလေးပေါ် ထိုင်နေရင်းကနေပြီး ချိုမာကို လိုအပ်တာများ ညွှန်ကြားပေးနေလေသည်။

" တီလေး .. "
" သက်လွှာ .. အဆင်ပြေလာရဲ့လား "

ခြံထဲမှ အိမ်ထဲသို့ဝင်လာတဲ့ သက်လွှာကို သိမ်မွေ့ထည် လှမ်းမေးလိုက်သည်။

" ပြေတယ် တီလေး။ ဖိတ်လာခဲ့ပြီးပြီ။ ဦးလေးတို့ နှစ်ယောက်လုံး အိမ်မှာရှိနေကြတယ် "

" ပင်ပန်းလာရောပေါ့ နားဦးသက်လွှာ။ ဦးလေးသောင်းကိုတော့ အိမ်ပြန်ပြီး နားခိုင်းလိုက်တော့မယ်။ မနက်မှ စောစောလာခိုင်းရမယ် "

" ဦးလေးသောင်းက မပြန်တော့ဘူးတဲ့ တီလေးရဲ့။ ဒီမှာပဲ အိပ်လိုက်မယ်လို့ပြောတယ်။ ဒီဧည့်ခန်းမှာပဲ အိပ်ဖို့နေရာကို သက်လွှာ ပြင်ပေးလိုက်မယ်။ အိမ်မှာ ခြင်ထောင်၊ စောင်နဲ့ ခေါင်းအုံးအပိုတွေလည်းရှိတယ် ကိစ္စမရှိဘူး "

ညနက်တော့ ဒေါ်ဒေါ်မြနဲ့ ချိုမာက သက်လွှာ မိဘတွေရဲ့ အိပ်ခန်းထဲမှာအိပ်ကြသည်။ သိမ်မွေ့ထည်ကတော့ သက်လွှာနဲ့အတူအိပ်ပြီး ဦးလေးသောင်းက အိမ်ရှေ့ဧည့်ခန်း၌ အိပ်၏။

ElegantWhere stories live. Discover now