4 (Zawgyi)

915 25 0
                                    

အိပ်ပျော်သွားတာနဲ့ ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးတွေက သူ့ထံကို ရောက်ရှိလာတတ်ကြသည်။ ကြောက်စရာအလွန်ကောင်းတဲ့ အကောင်ကြီးတစ်ကောင်က အနောက်ကနေ ပြေးလိုက်လို့ အိမ်မက်ထဲတွင် သူအမြဲတမ်း ပြေးလွှားနေခဲ့ရသည်။

ထို့နောက် သူအိပ်နေတဲ့ အိပ်ခန်းတံခါးကို တစ်စုံတစ်ယောက်က အပြင်ကနေ တဝုန်းဝုန်းဖြင့် ထုရိုက်နေသည့်ပုံရိပ်တွေ၊ အခန်းအတွင်းသို့ မျက်နှာမမှတ်မိတဲ့ ကြောက်စရာလူကြီးတွေ ဝင်ရောက်လာပြီး သူ့ကိုအန္တရာယ်ပေးဖို့ လုပ်တော့ ကြောက်လန့်တကြားနဲ့ သူထွက်ပြေးနေရသည့် ပုံရိပ်တွေ .. ။

မဆုံးနိုင်တဲ့ အိမ်မက်ဆိုးပုံရိပ်တွေထဲ၌ သူအမြဲတစေ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေရသည်။ ယခုလည်း လူတစ်ယောက်ကသူ့ကို သတ်ဖို့လုပ်နေတာကြောင့် သူ့ခမျာ မောပမ်းတကြီး ပြေးလွှားရင်းနဲ့ အိမ်မက်ဆိုးထဲမှ လန့်နိုးလာခဲ့၏။

မျက်လုံးကို တွန်းကန်ဖွင့်လိုက်ချိန်တွင် သူ့တစ်ကိုယ်လုံးမှာ ဇောချွေးများရွှဲနင့်နေသည်။ ကြောက်လန့်နေတဲ့စိတ်နဲ့ ဘေးကိုကြည့်လိုက်မိတော့ ဒေါ်သိမ်မွေ့ထည်က သူ့မြင်ကွင်ထဲသို့ ဝင်ရောက်လို့လာ၏။ ခုတင်ဘေးက ဝှီးချဲပေါ်မှာ အိပ်ပျော်နေသည့် ဒေါ်သိမ်မွေ့ထည်။ ခြေမျက်စိပေါ်အထိဖုံးလွှမ်းနေတဲ့ အနက်ရောင်ချည်ထည်ဂါဝန်ခပ်ပါးပါးကို ဝတ်ဆင်ထားပြီး ခါးစောင်းလောက်အထိ ရှည်လျားသော ဆံနွယ်ထူထူတွေကို ခေါင်းစည်းကြိုးဖြင့်စုစည်း၍ ဘယ်ဘက်ပခုံးပေါ်သို့ စုချထား၏။ ဝှီးချဲလက်တန်းပေါ်ကို တံတောင်ဖြင့်ထောက်ထားပြီး လက်ချောင်းလေးတွေကို ဆုပ်၍ ခေါင်းကိုထောက်ထားသည့်ဟန်မှာ မှိန်းမောအနားယူနေသည့် ဘုရင်မတစ်ပါးရဲ့ အသွင်သဏ္ဍာန်နှင့်ပင်တူနေသေးသည်။ မျက်တောင်တွေက ခပ်စိပ်စိပ်နဲ့ ကော့ညွှတ်နေပြီး ဖြောင့်စင်းနေသည့် နှာတံနှင့် နှုတ်ခမ်းဖူးဖူးအနီးတစ်ဝိုက်က မွှေးညှင်းလေးများ။ ပြေပစ်ပြီး ဖြူဖွေးနေတဲ့ နဖူးပြင်ပေါ်သို့ ဝေ့ဝဲကျနေသော ဆံမျှင်လေးများ။ ဤမျှလောက်အထိ ပြစ်ချက်တစ်ခုလေးတောင် ရှာမတွေ့နိုင်လောက်အောင်ကို ဧကရီတစ်ပါးကဲ့သို့ ထည်ဝါစွာ၊ ကြော့ရှင်းစွာ၊ လှပလွန်းစွာ တည်ရှိနေပါသော ထိုအမျိုးသမီးသည် သူ့မိဘတွေကို သေစေခဲ့သည့် ယမမင်းတစ်ပါးပင်။ ထိုညဖြစ်ပွားခဲ့တဲ့ အက်စီးဒင့်ဟာ ဒီအမျိုးသမီးအနေနဲ့  မရည်ရွယ်ခဲ့ပဲ  ဖြစ်ပွားသွားခဲ့ခြင်းဆိုတာ မှန်ပါသော်လည်း၊ အမှန်တရားကို  သူသိနေပါသော်လည်း ဤအမျိုးသမီးကို သူလုံးဝ ခွင့်မလွှတ်နိုင်သေး။ တစ်သက်လုံးလည်း ခွင့်လွှတ်နိုင်မည် မဟုတ်။

ElegantWhere stories live. Discover now