3 (Unicode)

3.7K 464 28
                                    

" မမတို့ ဒီကလေးကို အိမ်ကိုခေါ်ထားမှပဲ ဖြစ်တော့မယ်ထင်ပါတယ် "

" ဟာ ... ဖြစ်ပါ့မလား မမရဲ့။ သူက မမကို စိတ်ခုနေတဲ့ဟာကို။ သူလည်း လိုက်နေချင်မှာ မဟုတ်ဘူး မမ "

ခုတင်ပေါ်တွင် ဆေးပုလင်းတန်းလန်းဖြင့် ငြိမ်သက်စွာ လှဲလျောင်းနေသော ချစ်သက်လွှာကို ကြည့်ပြီး သူပြောလိုက်တော့ စိုင်းက ကန့်ကွက်သည်။

" အဲ့ဒီအိမ်မှာ အဖော်မရှိပဲ သူ့တစ်ယောက်ထဲ ထားလို့ မဖြစ်ဘူး စိုင်းရဲ့။ ဘာပဲဖြစ်ဖြစ် မမမှာ ဒီကလေးရဲ့ မိဘတွေကိုယ်စား ကာကွယ်စောင့်ရှောက်ပေးရမဲ့ တာဝန်အပြည့်ရှိတယ်။ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ပြီဆိုတဲ့ အချိန်တစ်ခုအထိပေါ့။  အခုလတ်တလောတော့ သူလည်း နေမကောင်းဖြစ်နေချိန်မို့ ခေါင်းမာပြီး ကလန်ကဆန် လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ သူသတိရလာတဲ့အခါ မမ အကျိုးသင့် အကြောင်းသင့် ရှင်းပြရင်တော့ ဒီကလေးလက်ခံလောက်မှာပါ။ စိုင်းက အခုသူ့အိမ်ကိုသွား။ ပြီးတော့  ဘေးအိမ်ကအစ်မကို အကူအညီတောင်းပြီး ဒီကလေးဝတ်နေကျ အဝတ်အစားလေးတွေကို ထည့်ပေးလိုက်ဖို့ ပြောပေးပါ။ ဆေးရုံကဆင်းရင်လည်း မမတို့ပဲ ခဏအိမ်မှာခေါ်ထားမယ်ဆိုတဲ့ အကြောင်းကိုလည်း ဘေးအိမ်ကအစ်မကိုရော လမ်းလူကြီးနဲ့ ရပ်ကွက်ရုံးက လူကြီးတွေကိုပါ ဝင်အသိပေးခဲ့ဦး။ သေချာလေး အကျိုးသင့် အကြောင်းသင့် ပြောပြခဲ့လိုက်နော် စိုင်း "

" ဟုတ်ကဲ့ပါ မမ ... ဒါဆို မမ ဒီမှာပဲ နေခဲ့မှာလား။ ဒါမှမဟုတ် အိမ်က ဒေါ်ဒေါ်မြကို လာစောင့်ခိုင်းထားပြီး မမအိမ်ကိုပြန် အနားယူချင်လား "

စိုင်း မေးတော့ ခုတင်ပေါ်မှာ ဖြူဖြူဖျော့ဖျော့မျက်နှာလေးနဲ့ ငြိမ်သက်လျက်ရှိတဲ့ ကောင်မလေးရဲ့ဘက်ကို သူတစ်ချက်လှည့်ကြည့်မိသည်။ ထို့နောက် လေးလံသောစိတ်နဲ့ သက်ပြင်းမျှင်းမျှင်း ချရင်း ခေါင်းခါယမ်းပြလိုက်၏။

" ဟင့်အင်း။ မမကိုယ်တိုင်ပဲ စောင့်နေပေးလိုက်မယ်။ လုပ်စရာရှိတာ ဖြည်းဖြည်းချင်းလုပ်ပြီးမှ ဒီကို စိုင်း ပြန်လာခဲ့လိုက်ပါ။ မလာခင် အိမ်ပြန်ပြီး ဒေါ်ဒေါ်မြကို တစ်ခါတည်းဝင်ခေါ်ခဲ့လိုက်နော် "

ElegantWhere stories live. Discover now