24 (Unicode)

5.8K 563 92
                                    

Special Episode
(စောင်ကိုက် ဖတ်ရမဲ့ အခန်း)

" ဟီး တီလေးနဲ့ သက်လွှာ Couple ဖြစ်သွားပြီ ဟဲဟဲ "

ဘယ်ဘက်ခြေကျင်းဝတ်မှာ ပတ်တီးအဖွေးသားနဲ့ ဧည့်ခန်းက ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ သက်လွှာက ဘေးမှာရှိနေတဲ့ ချိုင်းထောက်လေးကို မြှောက်ပြရင်း သွားဖြီးပြနေသည်။ ရင်အေးစေချင်လို့ စနောက်လိုက်ပေမဲ့လို့ မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူ့တီလေးက မပြုံးမရယ်ပဲ တည်တည်ကြီး သူ့မျက်နှာကို ပြန်စိုက်ကြည့်နေသည်။ ဒါ့ကြောင့် ချိုင်းထောက်လေးကို အသာပြန်ချထားရင်း ဘေးမှာရပ်နေတဲ့ ဆုရဲ့မျက်နှာကို သက်လွှာ အားကိုးတကြီး ကြည့်နေမိ၏။

" မမ အဲ့ဒီကောင်မလေးကို တရားစွဲမယ် ဆုလေး .. "

" ရှင် .. "

Air Con စက်သံတိုးတိုးလေးကလွဲပြီး တခြားဘာအသံမှမရှိပဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဧည့်ခန်းထဲတွင် သိမ်မွေ့ထည်ရဲ့ လေသံခပ်တင်းတင်းက ဖြိုခွင်းထွက်လာလေသည်။

" ဆုလေးလည်း မြင်လိုက်တယ် မဟုတ်လား။ အဲ့ဒီကောင်မလေး သက်လွှာကို တမင်ခြေထိုးခံလိုက်တယ်ဆိုတာကို "

တကယ့်ကို ဒေါသတကြီး၊ မာန်အပြည့်နဲ့ ပြောဆိုနေတဲ့ သူ့အစ်မကိုကြည့်ပြီး ဆု သက်ပြင်းအရင်ချမိသည်။

" မြင်ပါတယ်။ ဒါပေမဲ့ တရားစွဲဖို့အထိကျတော့ ... လူငယ်ချင်း ဆော့ကြတဲ့ ကျောင်းအားကစားပွဲမှာ ဖြစ်တာဆိုတော့ မမရယ် .. "

ဆု စကားကို အမှားမပါအောင်ထိန်းပြောရင်း သူ့အစ်မ အရိပ်အခြေကို ကြည့်နေရသည်။ သိမ်မွေ့ထည် အခုလိုမျိုး စိတ်တိုနေတာကို ဆုလည်း ပထမဦးဆုံးအကြိ်မ် မြင်တွေ့ဖူးခြင်းပင်။

" ဟို .. တီလေး .. "

သက်လွှာ ခေါ်လိုက်တော့ သူမက တွန့်ချိုးထားတဲ့ မျက်ခုံးကို အသာပင့်ပြသည်။

" ထားလိုက်ပါတော့ တီလေးရယ်။ စိတ်ထားပုတ်တဲ့လူက ကြာရင် သူ့စရိတ်နဲ့သူ သွားပါလိမ့်မယ်။ တီလေးတရားစွဲလိုက်ရင် အစထဲက အပြစ်ရှာပြောချင်နေကြတဲ့ တီလေးရဲ့ စီးပွားပြိုင်ဘက်တွေက ဘာမဟုတ်တဲ့ကိစ္စကို ပုံကြီးချဲ့ပြီး လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်လိုဖျက်စီးလုပ်တယ်ဆိုပြီး ဝိုင်းဝေဖန်ကြနိုင်တယ်။ ဟို .. သက်လွှာက တီလေးရဲ့ image ကို လုံးဝမထိခိုက်စေချင်လို့ပါ။ အဲ့လိုလူတစ်ယောက်အတွက်နဲ့ မထိုက်တန်လို့ပါ တီလေးရယ် "

ElegantМесто, где живут истории. Откройте их для себя