" ဒီလိုဆို သက်လွှာရဲ့အနားမှာ အမြဲရန်လိုပြီး အန္တရာယ်ပြုဖို့လုပ်နေတဲ့ လူတစ်ယောက်ကို တီလေးက မေတ္တာရှင်မကြီးတစ်ယောက်လို လက်ပိုက် ရပ်ကြည့်နေရတော့မှာလား "

မျက်နှာထားတည်တည်နဲ့ ပြောချလိုက်တဲ့ သိမ်မွေ့ထည်ရဲ့ စကားကြောင့် သက်လွှာ သဘောတွေကျပြီး ရယ်ချင်လာသည်။ ဘေးမှာရပ်နေတဲ့ ဆု ကိုလှည့်ကြည့်မိတော့ အကြည့်ချင်းဆုံသွားကြပြီး နှစ်ယောက်သား ပြိုင်တူ ဟက်ခနဲ ရယ်မိကြပါတော့သည်။

" ဘာလို့ရယ်နေကြရတာလဲ။ ဒီမှာဖြင့် ဒေါသထွက်ရလွန်းလို့ လူက သေတော့မလားပဲ "

သိမ်မွေ့ထည် နားထင်ကို လက်ဖြင့်ဖိထားရင်းပြောတော့ ဆုက ရယ်လျက်

" Sorry မမ။ ရယ်ဖို့ တကယ်မရည်ရွယ်ထားပါဘူး။ Sorry ... ချိုမာရေ မမအတွက် သံပုရာရည်လေးတစ်ခွက်လောက် သွားဖျော်ပေးလိုက်ပါဦး။ မမကို ဒီအတိုင်းလွှတ်ထားရင် သွေးတိုးလာတော့မယ် ထင်ပါရဲ့ "

ရယ်ချင်နေပေမဲ့ မျက်နှာကို ပြန်တည်တံ့အောင် ဟန်ပြင်ရင်း ဆုပြောလိုက်တော့ အခန်းဝမှာ တောင့်တောင့်ကြီး မတ်တပ်ရပ်နေတဲ့ ချိုမာလည်း တန်းပြေးတော့သည်။ အစောက သူ့မမလေးကို ကြောက်လို့ ချိုမာတစ်ယောက် အသက်တောင် ဝဝလင်လင် မရှုရဲခဲ့ဘူးလေ .. ။

" တကယ် အဲ့ဒီကောင်မလေးကို သိပ်မုန်းတာပဲကွယ် .. "

နားထင်ကို လက်နဲ့ ဖျစ်ထားပြီး သူမ,ပြောနေပြန်သည်။

" စိတ်လျော့ တီလေး စိတ်လျော့နော်။ တော်ကြာ ဘာမဟုတ်တဲ့ လူတစ်ယောက်အတွက်နဲ့ အစ်မဆုပြောသလို တီလေး သွေးတွေတိုးပြီး နေမကောင်းဖြစ်နေပါဦးမယ် "

သက်လွှာ ပြောပြီး ထရပ်ကာ ချိုင်းထောက်လေးတစ်ဖက်ဖြင့် သူ့တီလေးရဲ့ ဘေးနားသို့ သွားထိုင်တော့မှ ဟိုက မျက်မှောင်ကြီးကျုံ့ထားတာကို ဖြေလျော့တော့သည်။

" ဘာလို့ ထလာရပြန်တာလဲ သက်လွှာရယ် .. ချိုင်းထောက်နဲ့ သေချာဖြင့် မလျှောက်တတ်ပဲနဲ့။ တော်ကြာ ထပ်ချော်လဲနေဦးမယ် "

" ဟာ တီလေးကလည်း သက်လွှာက ဟောဒီ့ညာခြေတစ်ချောင်းလုံး အကောင်းကြီးပါ။ ဘာမှမဖြစ်ဘူး။ အရွတ်ယောင်သွားရုံလောက်နဲ့ ဘာမှမဖြစ်ဘူး။ ဆရာဝန်လည်း သေချာပြောလိုက်တဲ့ဟာကို။ ၁ ပတ်ကျော်လောက်နေရင် အကောင်းပကတိပြန်ဖြစ်သွားမှာ "

ElegantDonde viven las historias. Descúbrelo ahora