" ဒါဆိုရင် မမရဲ့အခန်းထဲက ဆေးသေတ္တာလေးထဲကနေပြီး Digene ဆေးကဒ်လေးပါ ယူသွားပေးလိုက်နော်။ အစာလေးနည်းနည်းဝင်အောင်ကျွေးပြီး ဆေးတစ်လုံးတိုက်လိုက် "

" ဟုတ်ကဲ့ပါ မမလေး "

ကိတ်မုန့်ပန်းကန်နဲ့ ချောကလက်ခွက်လေးကိုကိုင်ပြီး အပေါ်ပြန်တက်သွားတဲ့ ချိုမာကို လှမ်းကြည့်နေရင်း သိမ်မွေ့ထည် သက်ပြင်းချမိသည်။ စိတ်ပူနေပေမဲ့လို့ သူ့ကြောင့် သူ့ကလေးလေး စိတ်အနှောက်အယှက် ပိုဖြစ်သွားမှာကိုလည်း သူ,မလိုလားပြန်။

" ဒေါ်ဒေါ်မြ .. ကျွန်မကိုလည်း ချောကလက်လေး တစ်ခွက်လောက်ပဲ ဖျော်ပေးပါတော့။ ထမင်းမစားချင်တော့လို့ "

" အေးအေး သမီး .. "

ဒေါ်ဒေါ်မြ အနားကထွက်သွားတော့မှ နားထင်ကို လက်ဖြင့်ဖိထားရင်း သိမ်မွေ့ထည် သက်ပြင်းသာ အကြိမ်ကြိမ်ချနေပါတော့သည်။

X    X    X    X    X

တံခါးခေါက်သံကြားတော့ လှဲအိပ်နေတဲ့ သက်လွှာ ချက်ချင်းငေါက်ခနဲ ထထိုင်မိသည်။ သူ့တီလေး ဝင်လာမည်အထင်နဲ့ တံခါးကို ပြူးပြူးလေးကြည့်လို့နေသည်။ သူ့တီလေး မဟုတ်ပဲ အစ်မချိုမာ ဖြစ်နေတော့ သက်လွှာရဲ့ မျက်လုံးလေးတွေက အရောင်မှေးမှိန်လို့သွားသည်။

" မမလေးက ညီမလေးအတွက်ဆိုပြီး ပို့ခိုင်းလိုက်တာ။ ဘာမှမစားရင် ပိုပြီးနေမကောင်းဖြစ်နေလိမ့်မယ်။ ထပြီးတော့ နည်းနည်းလောက်ဝင်အောင်စားလိုက်နော် ညီမလေး။ ပြီးရင် ဒီဆေးလေး တစ်လုံးကို ဝါးစားလိုက် "

" ဟုတ်ကဲ့ .. ခဏနေရင် သက်လွှာ ထစားလိုက်ပါ့မယ်။ ဒီစားပွဲပေါ်မှာပဲ တင်ထားပေးပါနော် "

" ဒါဆို အစ်မဒီမှာတင်ခဲ့ပြီနော် "

အစ်မချိုမာ ပြန်ဆင်းသွားတော့ သူခုတင်ပေါ် ပြန်လှဲချပစ်လိုက်သည်။

" နည်းနည်းလေးတောင် ငါ့ကိုလာမကြည့်ဘူး။ ဒေါ်သိမ်မွေ့ထည် ရှင်ဟာလေ တော်တော်လေးကို ... အကျင့် မကောင်းဘူး "

တကယ်တော့ သူ့တီလေးကိုယ်တိုင် အခန်းထဲသို့ လာကြည့်မည့်အချိန်ကို သက်လွှာ စောင့်မျှော်နေမိခြင်းဖြစ်၏။ သူနေမကောင်းဘူးဆိုလျှင် လာကြည့်မှာသေချာတယ်လို့လည်း စိတ်ထဲမှာ တွေးထားခဲ့မိတာ။ တကယ်တမ်းကျ သူတွေးထားသလို စောင့်မျှော်နေတဲ့ သူမက တစ်ညလုံးရောက်မလာခဲ့ပါ။ စိတ်ထဲမှာ ဝမ်းနည်းမိသလို ရောက်မလာတဲ့ သူမရဲ့အပေါ်ကိုလည်း ပို၍ စိတ်ကောက်နေခဲ့မိ၏။

ElegantWhere stories live. Discover now