စန္ဒယားအဖြူရောင်ကြီးရဲ့ အဖုံးကို လှန်ဖွင့်နေတဲ့ သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို သက်လွှာ ငေးကြည့်နေမိသည်။ မတီးခင် သူမက သက်လွှာရဲ့ဘက်ကို ခေါင်းလေးစောင်းငဲ့ကြည့်ပြီး ပြုံးပြုံးလေးနဲ့ လှမ်းပြောသေးသည်။

" တီလေးရဲ့ကလေးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့တော့ သီချင်းလေးတစ်ပုဒ်ပါဆိုပြမယ် "

သူမထံမှ စကားကိုကြားရပြီးနောက် သက်လွှာရဲ့ မျက်ဝန်းလေးတွေ ဝိုင်းစက်သွားပြီး ရွှန်းလက်တောက်ပသွား၏။

စန္ဒယား ခလုပ်လေးတွေပေါ်ကို သူမရဲ့လက်ချောင်းလေးတွေ ညင်သာစွာ ကျရောက်လာပြီးတဲ့နောက်မှာတော့ ငြိမ့်ညောင်းသည့် စန္ဒယားတီးလုံးသံလေးက စတင်ထွက်ပေါ်လို့လာချေပြီ။

" Why do birds suddenly appear. Every time you're near ..

Just like me they long to be .. close to you .. "

ထွက်ပေါ်လာတဲ့ အသံငြိမ့်ငြိမ့်လေး .. ။ အေးမြပြီး ကြည်လင်နေသည့် အသံချိုချိုလေး .. ။
အင်္ဂလိပ်အသံထွက်ကလည်း လွန်စွာမှ ကောင်းလွန်းလှသည်။ မသိလျှင် နိုင်ငံခြားသူတစ်ယောက် သီဆိုနေသည့်နှယ် .. ။
သူမရဲ့ အလှတရားနဲ့ စန္ဒယားလက်သံ၊ သီဆိုနေတဲ့ သီချင်းသံ အေးအေးလေးနဲ့ ဟန်ပန်အမူအယာ အားလုံးကို ပေါင်းစပ်လိုက်သည့်နောက်မှာတော့ .. သက်လွှာ ကြက်သီးမွှေးညှင်းများပင် ထလာလေပြီ။
သဘောကျလိုက်တာ အရမ်းကိုပါပဲလေ .. ။ ဤအမျိုးသမီးဟာ သိပ်ကို နှစ်သက်မြတ်နိုးချင်စရာ ကောင်းလွန်းလှ၏။

" Why do stars fall down from the sky ..
Every time you walk by ..
Just like me, they long to be .. close to you .. "

လက်လေးတွေကို စန္ဒယားခလုပ်တွေပေါ် ခုန်ကူးကစားနေရင်း သူ့ဘက်ကို မျက်နှာလေး တစ်ချက်တစ်ချက်လှည့်ကာ သီချင်းသီဆိုနေသည့် သူမ။ Close to you ဆိုတဲ့ သီချင်းအေးအေးငြိမ့်ငြိမ့်လေးဟာ ဝေဆာသောအပြုံးနဲ့ သီဆိုနေတဲ့ သူမကြောင့် မြူးမြူးလေးပင် ဖြစ်နေသလိုရှိပါသည်။

" close to you .. you .. "

နောက်ဆုံးပိတ်စာသားလေးကို သူ့ဘက်လှည့်ပြီး မျက်လုံးလေးတစ်ဖက်မှိတ်ပြရင်း သီဆိုသွားခဲ့သည့် သူမ။
သူမကတော့ သက်လွှာကို ခြွေပြီးရင်း ခြွေနေချေပြီ။ ဒါကို သူမကိုယ်တိုင်ကော သိပါလေရဲ့လား။ လူကို အမျိုးမျိုးခြွေပြီးခါမှ နာကျင်ရအောင်တော့ မလုပ်လိုက်ပါနဲ့ တီလေးရာ .. ။
မဖြစ်သင့်မှန်း သိပေမဲ့ တီလေးကို သက်လွှာ နက်နက်နဲနဲ ချစ်မိနေပြီထင်တယ် .. ။
မှားယွင်းတဲ့လမ်းဆိုရင်တောင် ဆက်ပြီး စမ်းတဝါးဝါးနဲ့ လျှောက်ချင်မိသေးတယ် .. ။
လမ်းရဲ့ အဆုံးသတ်မှာ ရှိနေမဲ့လူက တီလေးဆိုရင် ဝေဝါးနေတဲ့လမ်း၊ မှားယွင်းနေတဲ့လမ်းကို လျှောက်နေရတယ်ဆိုရင်တောင်မှ .. ထိုက်တန်တယ်မဟုတ်လား။

ElegantOnde histórias criam vida. Descubra agora