ကျွန်တော် ခေါင်းကိုက်လာ​၏ : " မငိုနဲ့တော့၊ ငါ အဆင်ပြေနေသေးတယ်မလား ? "

သူမဟာ နှာညှစ်လိုက်၍ နှာသံကြီးဖြင့် ဆိုသည် : " အကုန် ညီမလေးအမှားတွေ "

" နင်နဲ့ ဘာဆိုင်လို့လဲ ? " ကျွန်တော့်မှာ ရယ်ရခက်၊ ငိုရခက်ပင် : " ငါ့ကို နေမကောင်းဖြစ်အောင်လုပ်တာ နင်မှ မဟုတ်တာ"

" ညီမလေးအတွက်သာမဟုတ်ရင်....ကိုကိုနဲ့ အမေက... ကိုကိုနဲ့ အမေက သေချာပေါက် ပိုကောင်းတဲ့ဘဝမှာနေရမှာ။ကိုကိုနေမကောင်းတာက ပင်ပန်းတာကြောင့် ဖြစ်ရတာပဲ ! "

သူမဟာ စိတ်နှလုံးကြေကွဲသည်အထိ ငိုကြွေးခဲ့ကာ မျက်နှာ အစိတ်အပိုင်းတို့ပင် ပုံပျက်နေတော့သည်။ ကျွန်တော် နေမကောင်းသည်က သူမ၌ တာဝန်အရှိဆုံးဟု တကယ် ခံစားနေရပုံပင်။

လင်ကောနှင့် ကျွန်တော်က ငယ်စဉ်ကတည်းက အဖေမရှိခဲ့ကြပေ။ အမေကလဲ ကျွန်တော်တို့ကို ကြိုးကြိုးစားစားပျိုးထောင်ခဲ့ရတာ မလွယ်ကူလှ။ ကောလိပ်တက်ပြီးနောက် ကျွန်တော် ပိုက်ဆံရှာရန် အပြင်မှာ စတင်အလုပ်လုပ်ခဲ့သည်။လစဉ်လတိုင်း ကျွန်တော် မိသားစုကို ပိုက်ဆံပြန်ပို့ပေမယ့် အကုန်လုံးက ကျွန်တော့်လုပ်နိုင်စွမ်းအတွင်းမှာပဲဖြစ်​၏။

မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ အလျောက် ဒါကို " နာကျင်စရာ " လို့ မထင်သလို ၊ မပြည့်စုံသောဘဝအတွက် သွေးရင်းတွေကိုလည်း အပြစ်တင်နေမှာမဟုတ်ပါချေ။

ကျွန်တော် သက်ပြင်းချ၍ ပြောလိုက်သည် :

" ဘာပဲဖြစ်ဖြစ် နင်က ကောလိပ်ကျောင်းသူတောင်ဖြစ်တော့မှာဆိုတော့ သိပ္ပံနည်းကျလေး နည်းနည်း ပြောကြည့်တာပေါ့။ငါ့နေမကောင်းတာက ငါပင်ပန်းတာ ၊ မပင်ပန်းတာနဲ့ ဘာမှ မဆိုင်သလို ငါတကယ်လဲ ပင်ပန်းမနေဘူး။ နင် ဒီလိုပြောချင်တယ်ဆိုရင်လဲ ငါမရှိရင် ၊ နင်နဲ့အမေက တူတူပဲ ဖြစ်နေမှာပဲလေ။ ပိုမလွယ်သွားဘူးလား ? "

" လျှောက်မပြောနဲ့ ! "

လင်ကောက ကျွန်တော့်ကို မျက်ဝန်းရဲရဲတွေဖြင့် အော်လိုက်ပြီး မျက်ရည်များက ပါးပြင်ရှိ စီးကြောင်းများမှ လိမ့်ဆင်းလာ​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now