တိတ်တိတ်လေး ဝမ်းသာသွားပြီး ကျွန်တော် ထမင်းစားပွဲကို အမြန်လှည့်ထွက်လိုက်သည်။ ပြီးလျှင် စားပွဲပေါ်ရှိ ခြင်းထဲကကြက်ဥပြုတ်ကိုယူကာ တသျှူးနှင့်ပတ်၍ တံခါးဆီပြန်လာလိုက်ပြီး ရန်ချင်းကျွမ်းလက်ထဲ ထိုးထည့် ပေးလိုက်​၏။

" ယူသွားပြီး လမ်းမှာစားလိုက်။ မင်းအခု ဘာမှ သိပ်မစားဘူးလေ " မြင်သလောက်ဆိုလျှင် သူဟာ ယိုနှင့် ပေါင်မုန့်နှစ်ချပ်သာ စားခဲ့ရသည်ထင်​၏။

ရန်ချင်းကျွမ်းဟာ လက်ဆန့်လျက်နှင့် လက်ထဲမှ ကြက်ဥကို အချိန်အကြာကြီးစိုက်ကြည့်နေခဲ့သည်။ ကြာလွန်းလို့ ကြက်ဥကတစ်ခုခုဖြစ်နေသလား ထင်လာမိသည်အထိ။ ထို့နောက်မှ လက်ပြန်ရုတ်လိုက်၍ သူက နှုတ်ဆက်စကားမဆိုပဲ ထွက်သွားတော့သည်။

ရန်ချင်းကျွမ်းထွက်သွားသည်နှင့် အိမ်တော်ထိန်းဖုန်းက ဆာကီကိုခေါ်လာဖို့ သိပ်မကြာလိုက်။

အိမ်တော်ထိန်းဖုန်းက မတူသည့် တရုတ်မုန့် သုံးမျိူးလောက်ပါဝင်သော လက်ရာမြောက်လှသည့် သုံးလွှာ အဆာပြေမုန့်စင်လေးကို ယူလာခဲ့သည်။ သူက ကျင်ကတော်သည် ကျွန်တော် ဒီမှာ နောက်ရက်တွေလည်း နေဦးမည်ဖြစ်ကြောင်းသိသွား၍ ကျွန်တော့်အတွက် အထူးတလယ် ပြုလုပ်ပေးခဲ့တာဖြစ်ကြောင်း ပြောပြလာသည်။ ကောင်းကောင်းအနားယူပြီးလိုအပ်တာမှန်သမျှ ပြောပြပေးဖို့ပါပင်။

ကျင်မိသားစုဟာ ချိူမြိန်သည့်ရက်စွဲလေးတစ်ခု စီမံပေးရခြင်း​၏ အနှစ်သာရကို အမှန်တကယ်နားလည်ကြသူများပင်။ကျင်ချန်ယွီ​၏ ဘက်၌ မျက်နှာဖြူ(လူဆိုး)ပုံစံ သရုပ်ဆောင်၍ နိုင်ထက်စီးနင်းပြုသည့် ပေါ်လစီကို ကျင့်သုံး​၏။ ကျင်ကတော်ဘက်၌မူ သူမက မျက်နှာနီ(လူကောင်း)အဖြစ် သရုပ်ဆောင်ကာ သိမ်မွေ့ညင်သာသည့် နည်းလမ်းများကိုအသုံးချတတ်သည်။ သူတို့နှစ်ယောက်လုံး အတူတကွ ကောင်းကောင်းကြီး အလုပ်ဖြစ်တာကြောင့် အမှားရှာတွေ့ဖို့ မဖြစ်နိုင်ပါချေ။

အိမ်တော်ထိန်းဖုန်းက အဆာပြေမုန့်တွေကို ပေးပို့၍ ထွက်သွားပြီး ဆာကီနှင့် ကျွန်တော်သာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now