" တကယ်မလိုက်ရဘူးပေါ့။ "
သောက အိပ်ယာပေါ် ပက်လက်ကလေး လှဲနေရင်းမှ မဟော့်ဘက် မျက်နှာလှည့်ကာ မေးသည်။ မဟော်က ကုတင်ပေါ်ထိုင်နေကာ ခြေထောက်နှစ်ဖက်ကို အောက်ချထားရင်းမှ suitcaseထဲ အဝတ်အစားတွေထည့်နေသည်။
" အင်း "
မဟော်က အဝတ်အစားတွေထည့်နေရင်းမှ သောကိုမကြည့်ဘဲ ပြောတော့ သောက ပေစောင်းစောင်းဖြင့် ကြည့်သည်။ပြီးနောက်သောက မဟော့်ဘယ်ဘက်လက်က နာရီကြိုးလေးကို လက်လေးနဲ့ကိုင်ရင်း ပြောသည်။
" လိုက်ချင်တယ်လို့။ "
" အလုပ်ကိစ္စနဲ့ကွ။ အစီအစဥ်မရှိဘဲ သွားဖြစ်သွားတာ။ နှစ်ရက်၊သုံးရက်လောက်ပဲ ကြာမှာ။ "
သောက သူလိုက်ချင်နေတာကို သိစေရန် မဟော့်ပေါင်ပေါ်ကို မေးလေးလာတင်ပြန်ပြီး မဟော့်ကို မျက်ဆံလေးလှန်ကာ မော့ကြည့်သည်။ မဟော်က သောကို ငုံ့မိုးကြည့်လိုက်ပြီးမှ တစ်ချက်ပြုံးလိုက်ကာ သောကို ဆွဲထူလိုက်ပြီး ထိုင်စေသည်။
" စကားနဲ့ပြောပြော၊ အမူအယာနဲ့ပဲ ခွင့်တောင်းတောင်း ကိုယ်ခေါ်သွားမှာ မဟုတ်တာ သေချာတာမို့ ထပ်မကြိုးစားနဲ့တော့။ ကြိုးစားပြီးမှ မလိုက်ရရင် သောလည်း စိတ်ညစ်ရမယ်။ ကိုယ်လည်း စိတ်မကောင်းဖြစ်ရမယ်။ နှစ်ယောက်လုံးအတွက် အကျိုးမရှိဘူး။ "
" ခရီးအတူတူသွားချင်တာကို ... "
မဟော်က သောကို အကြည့်လွှဲလိုက်ပြီး အဝတ်အစားအိတ်ကို ပိတ်လိုက်ရင်း ထပ်ပြောသည်။
" အပျော်သွားတာမဟုတ်ဘူးလေ။ နောက်တော့ အတူ အလည်အပတ်ထပ်သွားကြမယ်။ အဲဒီချိန်မှ လိုက်တော့နော်။ "
သောက ကလေးလို တရားလွန်ကြီး ဂျီကျတာမျိုး မရှိပေမယ့် သူတစ်ခုခုဖြစ်ချင်ရင် ပိုပြီးလူကပ်ကာ သူလုပ်တတ်သလောက်ဖြင့် ချွဲတတ်သည်။
" အခုခေါ်သွားလည်းရနေတဲ့ဟာ ... "
" မရဘူးကွ။သော ပါလာရင် ကိုယ့် အလုပ်လည်း စိတ်ဖြောင့်မှာ မဟုတ်ဘူး။ သောက လည်ချင်ပတ်ချင် ၊ ကိုယ်က အလုပ်မပြီး အဲဒီလို ဖြစ်နေမှာ။ ကိုယ် ဒီလောက်ငြင်းနေရင် သိလိုက်တော့လေ။ "