မဟော်တို့အိမ်ကို ပြန်ရောက်တော့ ဒေါ်ခင်သန်းနွယ်လည်း အိမ်မှာမရှိပေ။ သော၏ အဝတ်အိတ်ကို မဟော်က သယ်လာပေးပြီး သောက ကျောပိုးအိတ်လေး လွယ်ထားရင်းပဲ အနောက်က လိုက်လာသည်။ငါးနာရီကျော်ကြာအောင် ကားမောင်းလာရတာမို့ နှစ်ယောက်လုံး ပင်ပန်းနေပြီ။
မဟော်က အိပ်ယာပေါ် လှဲလိုက်တော့ သောက ချက်ချင်းပင် မဟော့်ရင်ဘတ်ပေါ် ထပ်လျက်ကြီး လှဲချသည်။ ပစ်စလတ်ခတ်လှဲချလိုက်တာမို့ မဟော် အတော်လေး ထိန်းယူလိုက်ရသည်။
" အိပ်ချင်ရင် ဘေးမှာအိပ်လေကွာ။ "
သောက ခေါင်းလေးကို မဟော့်ရင်ဘတ်ပေါ် ဟိုရွှေ့ဒီရွှေ့နဲ့ နေရာတကျဖြစ်အောင် လုပ်ရင်းမှ ပြောသည်။
" ဟင့်အင်း ... ကျောတွနာနေတာ။ စာမေးပွဲ ရက်တွေမှာ စာကျက်၊စာရေးကို ခါးကိုင်းပြီး လုပ်ရတာမို့ ကျောနာတယ်။ "
ယောကျ်ားသား တစ်ယောက်မို့ သော၏ ခန္ဓာကိုယ်က ရှိသင့်သလောက် အလေးချိန်တော့ရှိသည်။ မဟော်က သော၏ ခေါင်းလေးကို ဘယ်ဖက်ရင်ဘတ်ပေါ် နေရာချပေးလိုက်ပြီးမှ အခုထိ မချွတ်ရသေးတဲ့ သော၏ ကျောပိုးအိတ်ကို ချွတ်ပေးသည်။သောက လက်ကို အလိုက်သင့်လေး နေပေးရုံပင်။
" အဝတ်အစား အပေတွေ လျှော်ရလွယ်အောင် ဆပ်ပြာရေစိမ်ထားလေ။ "
" နားဦးမယ်။ အရမ်းပင်ပန်းထားတာ။ "
" အင်း ... အဲဒါဆိုလည်း အရင်ဆုံးအိပ်လိုက်လေ။ "
မဟော်က သော၏ ပခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ေတာ့ သောက ခဏလေးအတွင်း အိပ်ပျော်သွားသည်။သောအိပ်ပျော်သွားတာ သေချာမှ သောကို ခါးမှ ပွေ့လိုက်ပြီး အိပ်ယာပေါ် နေရာတကျ သိပ်လိုက်သည်။
" ကောင်ဆိုးလေး တော်တော်ပင်ပန်းနေတာပဲ။ "
ခါးညောင်း သက်သာအောင် မဟော်က ငါးမိနစ်လောက်သာ ဆက်လှဲနေလိုက်ပြီးမှ အိပ်ယာမှ ထသည်။ သော၏ အဝတ်အိတ်ထဲမှ မလျှော်ရသေးသည့် အဝတ်တွေကို ဆပ်ပြာရေ စိမ်ထားပေးလိုက်သည်။