အခန်းထဲမှာ သောက လမ်းလျှောက်ရင်း ဖုန်းသံမြည်လာမည့်အချိန်ကို စောင့်နေသည်။ ဆယ်နာရီခွဲသွားပြီမို့ မဟော်လည်း အိမ်ပြန်ရောက်နေလောက်ပြီ။ ဖုန်း operatorမှ Messageနှစ်ခါသာ ဝင်ခဲ့ပေမယ့် အခုထိ ဘယ်သူမှ ဖုန်းမခေါ်သေးဘူး။ Messageဝင်သံကြားတိုင်း သောမှာ ဖုန်းကို ပြေးကြည့်ရတာ အမောပင်။
" ရည်းစားရင် အခုလိုပဲ သေးပေါက်ချင်သလိုလို၊ အိမ်သာတက်ချင်သလိုလို ခံစားချက်ကြီးက လူတိုင်းဖြစ်တတ်လား။ ဗိုက်ထဲမှာလည်း သန်ကောင်တွေ ပြေးနေသလို ရွစိရွစိကြီး ဖြစ်နေသေးတယ်။ "
Ringtoneထည့်ထားသည့် Just Give Me A Reason သီချင်းမှ တီးလုံးသံ ထွက်လာတော့ သောက ချက်ချင်းပင် ကုတင်ပေါ်တင်ထားသည့် ဖုန်းကို ပြေးယူသည်။ ဖုန်းလက်ခံသည့်ဘက်ကို ရွှေ့ဖို့ လက်လှမ်းလိုက်ပြီးမှ
' ဖုန်းကို စောင့်နေသလိုကြီး ဖြစ်သွားမလား။ သူ့ကို အရမ်း အရမ်းကြိုက်တာ မှန်ပေမယ့် သိက္ခာလေး နည်းနည်း ထိန်းလိုက်ရမလား။ ' စသဖြင့်တွေးမိတာမို့ သီချင်းသံကို ငါးကြောင်းလောက်ထိ နားထောင်ပြီးမှ ဖုန်းကိုင်လိုက်သည်။
' Hello '
' Videoနဲ့ ပြောမလား။ Account addလိုက်မယ်လေ။ '
မဟော်က ပြောလိုက်တော့ သောက ချက်ချင်းလက်ခံသည်။ video callကို ဖွင့်လိုက်တော့ ချက်ချင်းပင် မဟော်၏ မျက်နှာက Screenမှာ ပေါ်လာသည်။
မဟော်က အခန်းထဲက စားပွဲဘေးကခုံမှာ ထိုင်နေပြီး စားပွဲပေါ်မှာ laptopဖွင့်ထားသည်။
" အခုလေးမှ ပြန်ရောက်တာ။ နုံးနေလို့ ရောက်ရောက်ချင်း ရေချိုးပြီး မင်းနဲ့ စကားပြောနေတာပဲ။ "
မဟော်၏ အခန်းအတွင်းပိုင်းကို အခုမှသေချာမြင်ဖူးတာမို့ သောက သေချာလေး လိုက်ကြည့်နေသည်။အရင်က အပြင်ကသာ မြင်ဖူးခဲ့သည်။Screenမှာ မြင်ရသလောက်ပေမယ့် အခန်းက သန့်ရှင်း သပ်ရပ်နေသည်။Canvasအစရှိသည့် ပန်းချီပစ္စည်းတွေကလည်း သူ့နေရာနှင့်သူ စီစီညီညီရှိသည်။နံရံတွေမှာ ပန်းချီကားတွေ ချိတ်ထားသည်။ဖွင့်ထားလျက် အဝတ်ဗီရိုမှာ အဝတ်အစားတွေ စီစီညီညီ ချိတ်ထားသည်။