မနေ့က သော တော်တော်လေးဖျားထားတာမို့ သက်သာသွားပြီဆိုတာ သိသော်ငြားလည်း မဟော်က နေ့လယ် ဆယ့်တစ်နာရီထိုးခါနီးလောက်မှာ အိမ်ပြန်လာသည်။ ဒေါ်ခင်သန်းနွယ်လည်း အထည်စက်ရုံသွားတာမို့ အိမ်မှာ သောတစ်ယောက်တည်းသာ ရှိသည်။အောက်ထပ်မှာ သောကို မတွေ့တာမို့ မဟော်က အိမ်ပေါ်တက်လာခဲ့သည်။ သော အိပ်ပျော်နေတာမျိုး ဖြစ်မှာစိုး၍ မဟော်က အခန်းတံခါးကို ခပ်သာသာလေးသာ ဖွင့်လိုက်သည်။
အခန်းတံခါး ပွင့်သွားသည်နှင့် မဟော့်၏ မျက်နှာရှေ့တည့်တည့်မှာ အမှတ်စာရင်း စာရွက်က ချက်ချင်း ရောက်လာသည်။သောက အမှတ်စာရင်း စာရွက်၏ ထိပ်မှာ လက်ဖျားလေးဖြင့်သာ ကိုင်ထားပြီး မဟော့်ကို အမှတ်တွေကြည့်စေသည်။ LCCIမှာ အကုန်ဝင်ဖြေထားပြီး အမှတ်တွေလည်း မြင့်သည်။
" တော်သားပဲ။ "
မဟော်က စာရွက်ကို ဆွဲယူလိုက်ပြီး သောကို ချီးကျူးလိုက်တော့ သောက မျက်နှာကို မော့ထားပြီး ပြောသည်။
" ဒါပဲလေ။ အရည်အချင်းတွေ ထုတ်မပြချင်လို့သာ။"
မဟော်က တစ်ချက်ပြုံးလိုက်ပြီး သော၏ လည်တိုင်နှင့်နဖူးကို ကိုယ်အပူချိန် စမ်းသည်။ ခပ်နွေးနွေးသာ ရှိတော့တာမို့ အဖျားတော်တော်လေး ကျသွားပြီ။
" ဟုတ်ပါပြီ။ လိုချင်တာရှိရင် ပြောလေ။ ကိုယ်လိုက်လျောပေးမယ်။ "
သောက ချက်ချင်းပင် မဟော့်၏ လက်မောင်းကို ချိတ်ကာ လူချင်းအတင်းတိုးကပ်ပြီး ပြောသည်။
" တစ်နေကုန် လျှောက်လည်ရအောင်။ "
" လျှောက်လည်မယ် ... ဒါပဲလား ... ဟုတ်ရဲ့လား။ "
မဟော်က မေးလိုက်တော့ သောက မဟော့်၏ ဆိုင်က Handsetအသစ်လေးတွေကို မြင်ယောင်သွားသည်။ မျက်ဆံလေးထောင့်ကပ်ကာ စဥ်းစားပြီးမှ အိမ်ထောင်သည် ဖြစ်နေပြီမို့ အရင်လို ထင်တိုင်း သုံးဖြုန်းတာမျိုး လျော့သင့်သည်ဟု ယူဆကာ လိုချင်ပါလျက်ဖြင့် တံတွေးမြိုချကာ ' လျှောက်လည်ရုံပဲ ' ဆိုသည့်စကားကို ခေါင်းငြိမ့်လိုက်သည်။