အိမ်ရှင်အန်တီကြီး ငှားပေးထားတဲ့ အဝတ်တွေက သောနဲ့ တော်တော်လေး ကြီးနေသည်။ လက်တွေက ရှည်ထွက်နေကာ ဘောင်းဘီကလည်း အောက်ကိုပုံကျနေသည်။ မျှော့ကြိုးနဲ့မို့သာ ခါးမှ လျှောမကျလာတာ ဖြစ်သည်။ ဆေးအရှိန်နဲ့ အိပ်ပျော်သွားတာမို့ သောနိုးလာတော့ မိုးလင်းနေပြီ။ အိပ်ယာပေါ်က ဆင်းလာပြီး ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့တစ််ချက် သပ်ချလိုက်သည်။
ကျွန်းအိမ်ကျယ်ကျယ်ကြီးထဲမှာ ဘယ်သူ့ကိုမှ မတွေ့တာကြောင့် သော အနည်းငယ် လန့်သည်။ ဘယ်ရောက်နေမှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့လူတွေကို ကြောက်ပေမယ့် အိမ်ရှင်အန်တီကြီး၏ မေတ္တာဓါတ်ကဲတဲ့ အကြည့်တွေ၊အပြုံးတွေကြောင့် စိတ်အေးချမ်းရပါသည်။
အိမ်တွင်းစီးဖိနပ်အပါးလေးကို စီးပြီး သော အောက်ထပ်ကို ဆင်းလာလိုက်သည်။ ခြေသံခပ်ဖွဖွလေးနင်းကာ အသံသဲ့သဲ့ကြားရာဆီ သောက ကြည့်လိုက်သည်။
" သား နိုးလာပြီလား။ "
လှေကားဘေးက အခန်းမှ ထွက်လာတဲ့ ဒေါ်မြတ်နန်းနွယ်ကြောင့် ရုတ်တရက် ခေါ်လိုက်တာမို့ သော၏ ပခုံးလေးက အနည်းငယ် တုန်သွားသည်။ ပြီးမှ လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်ကဲ့ "
" ဗိုက်ဆာရောပေါ့။ ဂျင်ဆင်းနဲ့ကြက်သားပြုတ်ထားတယ်။ အာဟာရဖြစ်အောင် အဲ့ဒါလေး အရင်စားလိုက်လေ။ လာ ... ဒေါ်ဒေါ် ကူတွဲပေးမယ်။ "
ဒေါ်မြတ်နန်းနွယ်က တော်တော်လေး သဘောကောင်းဟန်ရှိသည်။ ယုယကြင်နာပြီး နွေးထွေးသည်။ ဒီလိုမျိုး ယုယကြင်နာမှုတွေ မရတာ ကြာပြီမို့ တဒင်္ဂလေးအတွင်း သောလည်း ဒေါ်မြတ်နန်းနွယ်ကို သံယောဇဥ် ရှိနေပြီ။
" ဂျင်ဆင်းက ရှားတယ်မလား။ "
သောက ခပ်တိုးတိုးလေး မေးလိုက်တော့ မီးဖိုချောင်ထဲမှာ ဂျင်းဆင်းဆေးမြစ်တွေ ခွာနေတဲ့ ဦးဟန်သာက လှည့်ကြည့်ရင်း ဖြေသည်။