" ကိုကို့ဆီ ဝင်ကြမလား။ သုံးနာရီကျော်ပြီဆိုတော့ ကိုကို့ကိုပါ ဝင်ခေါ်ပြီး အပြင်မှာ ညစာစားရအောင်လေ။ "
သောက ကားမောင်းနေရင်းမှ ကားအနောက်ခန်းမှာ ထိုင်နေသော ဒေါ်ခင်သန်းနွယ်နှင့် ဒေါ်မြတ်နန်းနွယ်ကို နောက်ကြည့်မှန်မှတဆင့် ကြည့်ရင်း မေးသည်။လူကြီးနှစ်ယောက်လုံးက သော၏ သဘောမို့ ချက်ချင်းပင် လက်ခံပါသည်။
" သော သဘောလေ။ "
" ဟုတ်ကဲ့ "
နောက်ငါးရက်လောက်ကျရင် သောက အဝေးသင်တက်ဖို့ မန္တလေး သွားတော့မှာမို့ ဒီနေ့လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်သည်။ တချို့လမ်းတွေက သောအတွက် စိမ်းနေသေးတာမို့ ဒေါ်မြတ်နန်းနွယ်ပါ ပါလာသည်။ဒေါ်ခင်သန်းနွယ်က အရင်နေ့ကတည်းက သောအတွက် အဝတ်အစားလိုက်ဝယ်ပေးမည် ပြောထားတာမို့ သူမကိုပါ အထည်စက်ရုံမှ ခေါ်လာခဲ့သည်။
အခုတော့ အနောက်ခန်းမှာ အထုပ်တွေ အများကြီးကြား လူကြီးနှစ်ယောက်က ညှပ်နေလေပြီ။
" ရှပ်လက်ရှည်လေးဆို အရောင်စုံ ယူလာခဲ့ရမှာ သိလား။ သောက ငယ်သေးတော့ အရောင်နုလေးတွေနဲ့
အရမ်းလိုက်တာ။သုံးထည်တည်း ယူလာတာ နှမြောလိုက်တာ။ "ဒေါ်ခင်သန်းနွယ်က အဝတ်အစားအိတ်တွေထဲ ကြည့်ပြီး ပြောသည်။ယောက္ခမဆိုပေမယ့် ဒေါ်ခင်သန်းနွယ်က အမေတစ်ယောက်လိုပင်။ အစားအသောက်မှ စပြီး သောအကြိုက်ကိုချက်ပေးတတ်ကာ နေမကောင်းလျှင်လည်း ယုယပေးပြီး အဝတ်အစား၊အသုံးအဆောင်ထိ သူမကိုယ်တိုင်ပါ လိုက်လာပြီး မညည်းမညူအကုန် ဝယ်ပေးသည်။
" အခုလည်း အများကြီးပါ အန်တီခင်သန်းနွယ်ရယ်။ ကျေးဇူးတင်ပါတယ်။ "
ဒေါ်ခင်သန်းနွယ်က သောကို ကြည့်ကာ ပြုံးပြသည်။
" အမေကတောင် သော အမေတို့အိမ်က ကလေးဖြစ်လာလို့ ကျေးဇူးတင်ရမှာ။ အမေက ကလေးအရမ်းချစ်တတ်ပြီး ချွဲတာလေးတွေ အလိုလိုက်ချင်ပေမယ့် မွေးထားတဲ့ သုံးယောက်လုံးက အရွယ်ရောက်လာကတည်းက သီးသီးသန့်သန့်နဲ့ လူကြီးဆန်တယ်။ အမေကို ရိုသေပေမယ့် သိပ်မကပ်ဘူး။ သူတို့အလုပ်သူတို့လုပ်ကြတာ။ အကြီးနှစ်ယောက်ရဲ့ ကလေးတွေ အလည်လာမှ အိမ်က စိုပြေသွားတာ။ ဒီနှစ်တော့ ကျောင်းပိတ်ရက် နွယ်လေး အလည်မလာတာတောင် သောရှိနေတော့ အိမ်ကစိုပြေနေတာ။ ဆည်းလည်းလေးလိုပဲ။ "