" မင်း ငါ့ကို ကိုက်ရဲတယ်။ "
မဟော့်မှာ ဒေါသထွက်လွန်းတာမို့ နဖူးက သွေးကြောစိမ်းတွေပင် ထောင်နေပြီ။အခုမှ သောလည်း ကြောက်ရကောင်းမှန်းသိသည်။ သော၏ ခန္ဓာကိုယ်လေးက အနောက်ကိုရို့သွားကာ နှုတ်ခမ်းလေးစေ့ပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
" ခင်ဗျားက အရင် နစ်နာအောင် .... ပြောတာ ... မဟုတ် ... ဘူးလား။ "
မဟော်က အနားတိုးလာမို့ သော၏ အသံလေးက ပြတ်တောက်စွာဖြင့် တဖြည်းဖြည်း တိုးဝင်သွားသည်။ မဟော်က လက်ကသွားကိုက်ရာကို ကြည့်ပြီး သောကို တစ်ချက်ပြန်ကြည့်ကာ လူချင်းနီးကပ်သည်အထိ တိုးသွားသည်။ သော၏ အရပ်က မဟော့်၏ နားရွက်လောက်ပဲ ရှိသည်။ သောက အနောက်ဆုတ်လိုက်တော့ ဒဏ်ရာရှိတဲ့ ခြေထောက်ကြောင့် လူက အနည်းငယ် ယိုင်သွားသည်။
" ကျစ် ... မင်းကတော့ ... နာတော့မယ်။ "
သော၏ ခြေထောက်က ဒဏ်ရာကြောင့် မဟော်က စိတ်လျော့လိုက်ဟန် လူချင်းခွာလိုက်သည်။ ပြီးနောက် ကိုက်ရာအကွင်းလိုက်ရှိတဲ့ လက်ကို ခါကာ လှည့်ထွက်သွားသည်။
" ဒီမှာ ခဏ "
သောက မဟော့်၏ လက်မောင်းနားက အကျီကို ဆွဲလိုက်တော့ မဟော်က လက်ကိုရုန်းလိုက်ပြီးမှ ဘာလဲဆိုတဲ့သဘော ရပ်နေပေးသည်။
" ကျွန်တော့်ပုံ ပြန်ပေး။ "
အရောင်သေချာ မထည့်ရသေးတာတောင် မဟော်ဆွဲထားသည့် သော၏ ပုံတူက လက်ရာမြောက်သည်။ သောက လက်လေးကမ်းကာ တောင်းလိုက်တော့ မဟော်က သောကို စိန်ခေါ်သလို လူမိုက်အကြည့်နဲ့ကြည့်ပြီးမှ ပြန်မေးသည်။
" ဒီပုံကို ရောင်းတန်းဝင်မယ်ထင်လို့ မင်းက ငါ့ကို လာရစ်နေတာလား။ ဒီပုံကို ပြခန်းမပြောနဲ့။ လမ်းဘေးမှာ ချထားတောင် ဘယ်သူမှ မဝယ်ဘူး။စိတ််ချ။ "
" ဘာပြောတယ်။ "
မဟော်က သောနဲ့စကားထပ်ပြောရမှာ စိတ်ညစ်ဟန်ဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြီး စာရွက်ကို ဆွဲဖြုတ်ကာ ပုံကို သော၏ လက်ထဲ ထိုးထည့်ပေးသည်။ပြီးနောက် မဟော်က သော၏မျက်နှာကို စေ့စေ့စပ်စပ်သေချာ တစ်နေရာချင်းစီကြည့်လာတော့ သောက မနေတတ်ဖြစ်ကာ မျက်နှာ အနည်းငယ်လွှဲသွားသည်။မဟော်က သော သေချာကြားလောက်အောင် တစ်လုံးချင်းစီ ပြောသွားသည်။