" သွားနာတာက သက်သာလား။ ဆေးခန်းသွားချင်လား။ "
မဟော်က ကားမောင်းနေရင်းမှ သောကို မေးလိုက်တော့ သောက ခေါင်းငြိမ့်ပြသည်။
" သက်သာပါတယ်။ နည်းနည်းပဲ ကိုက်တော့တယ်။ဆေးခန်းသွားစရာ မလိုတော့ဘူးရယ်။ "
မဟော်က ကားကို အရှိန်လျော့ချလိုက်ပြီးမှ သော၏ သွားနာနေသည့် ဘက်လေးကို လက်တစ်ဖက်ဖြင့် ခပ်ဖွဖွ နှိပ်ပေးသည်။
" ဆားရေငုံလေ ... မြန်မာနည်းဆိုပေမယ့် တကယ်ထိရောက်တယ်။ "
" အင်းကိုကို ... စာကျက်ရမှာမို့ မြန်မြန်သက်သာချင်နေတာ။ "
သောက ကျောပိုးအိတ်ကို လွယ်ထားရာမှ ပေါင်ပေါ်တင်လိုက်ကာ ကျောပိုးအိတ်ထဲ ထည့်ထားသည့် နွားနို့ဘူးကို ထုတ်ကာ အဖုံးဖွင့်ပြီး သောက်လိုက်သည်။
" အစားအသောက် ဂရုမစိုက်ဘဲ အခုမှ ချက်ချင်းလက်ငင်း နတ် မ, သလို ပျောက်ချင်နေလို့ မရဘူး။ နွားနို့ လီတာနဲ့ချီပြီး သောက်လည်း ချက်ချင်း ပျောက်မှာ မဟုတ်ဘူး။ဘာလုပ်လုပ် အရာရာနဲ့အကြောင်းကြောင်းချည်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စမ်းသော။ ကိုယ် နေရာတကာ လိုက်မပြောချင်ဘူး။ "
သော စာသင်ရမည့် နေရာကို ရောက်တော့ မဟော်က ကားရပ်လိုက်သည်။ သောပါ ဆင်းလာမှ မဟော်က သော ကျောပိုးအိတ် လွယ်ထားတာ အနည်းငယ် စောင်းနေတာလေးကို လက်ဖြင့် ဆွဲကာ ပခုံးပေါ်နေရာကျ စေသည်။
" အပြန်လာကြိုမယ်။ "
" အင်း "
သောက တိုးတိုးလေးသာ ပြန်ဖြေသည်။ သောက သွားဖို့ပြင်တော့ မဟော်က သော၏ ပခုံးလေး တစ်ဖက်ကို ဆွဲကိုင်ထားသည်။
" ကိုယ်ဆူလိုက်တာမဟုတ်ဘူး။စိတ်ပူလို့ပြောတာ သော။ "
" အင်းပါ ... သိပါတယ်။ ကျွန်တော်က ဘာပြောနေလို့လဲ။ "
သော၏ အသားအရည်တွေက ဖြူဖွေးနေတာ မဟုတ်သော်လည်း အသားအရည်ပါးတဲ့အထဲ ပါသည်။ ထိခိုက်မိရင် ချက်ချင်း ဒဏ်ရာဖြစ်တတ်သည်။